backup og meta

နှလုံးသွေးကြောချဲ့ခြင်း (angioplasty) ကုသမှု အကြောင်း သိကောင်းစရာများ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးသွေးကြောချဲ့ခြင်း (angioplasty) ကုသမှု အကြောင်း သိကောင်းစရာများ

    ရှေ့ကရေးခဲ့တဲ့ “လေဖြတ်တယ်ဆိုတာ ဘာလဲ” ဆိုတဲ့ ဆောင်းပါးမှာ အကျဉ်းချုပ်လောက် ပါခဲ့တဲ့ နှလုံး သွေးကြောပိတ်ပုံပိတ်နည်းကို မှတ်မိကြမယ်ထင်ပါတယ်။ သွေးကြောချဲ့ခြင်း (angioplasty)ဆိုတာကတော့ ပိတ်နေတဲ့ သွေးလွှတ်ကြောကို ရှင်းဖို့နဲ့ နှလုံးကြွက်သားထဲ သွေးစီးဆင်းမှုကို နဂိုအတိုင်းပြန်ဖြစ်အောင် လုပ်ဖို့ ခွဲစိတ်ပိုင်းဆိုင်ရာ နည်းလမ်းတစ်ခုပါ။ အများစုက ပိုက်ထည့်ခြင်း (stenting) ဆိုပြီး သိထားကြတဲ့ နည်းပါပဲ။

    သွေးကြောအဆီပိတ်ပြီးကျဉ်းခြင်း (atherosclerosis) လိုမျိုး ရောဂါအချို့မှာ သွေးကြောနံရံတစ်လျှောက် အဆီစုပုံမှာ အရမ်းများလာပြီး သွေးခဲတွေဖြစ်ပေါ်လာစေပါတယ်။ [ဖြစ်စဉ်အသေးစိတ်ကို “လေဖြတ်တယ်ဆိုတာ ဘာလဲ” ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြခဲ့ပြီးပါပြီ]။ အဲ့ဒီအခါမျိုးမှာ ပိတ်သွားတဲ့နေရာက နှလုံးသွေးလွှတ်ကြောဖြစ်နေရင် နောက်ဆက်တွဲအနေနဲ့ နှလုံးကြွက်သားက သွေးကို နည်းနည်းမရတာ ဒါမှမဟုတ် လုံးဝ မရတာမျိုး ဖြစ်စေလို့ နှလုံးကြွက်သားတစ်ရှူးတွေပျက်စီးစေပါတယ်။ နှလုံးပုပ်တယ်ခေါ်တာပေါ့။ တခါတလေ အဲဒီ သွေးခဲ ကို ဆေးနဲ့ ပျော်သွားအောင် လုပ်လို့ရနိုင်ပေမဲ့ အရမ်းကြီးရင်တော့ ဆေးလည်း မထိရောက်တော့ပါဘူး။ အဲ့လိုအချိန်မျိုးမှာ နှလုံးက အလုပ်မလုပ်နိုင်တော့ဘဲ ရုတ်တရက်နှလုံးရပ်ခြင်း (heart attack) ဖြစ်သွားနိုင်ပါတယ်။ ဒီလိုအချိန်မှာဆိုရင်တော့ ကုသမှုအနေနဲ့  နှလုံးသွေးကြောချဲ့ခြင်းကို လုပ်ဖို့ စဉ်းစားသင့်ပါပြီ။ ဒီကုသမှုမှာ ယာယီ နဲ့ တာရှည်ခံ ဆိုပြီး နှစ်မျိုးခွဲပါတယ်။ ပိုက်ကို သွေးခဲခွါဖို့ ခဏပဲ ထည့်တာနဲ့ ကြာရှည်ထည့်ထားတာပဲ ကွာပါတယ်။

    ဒီခွဲစိတ်ကုသနည်းကို အရေးပေါ်စီစဉ် ဒါမှမဟုတ် ကြိုတင်စီစဉ်ပြီး ဆောင်ရွက်နိုင်ပါတယ်။ ကြိုတင်စီစဉ်ပြီး ဆောင်ရွက်မယ်ဆိုရင်တော့ ဆေးရုံတက်ဖို့ လိုပြီး မခွဲခင် ၆နာရီကနေ ၈နာရီအထိ အစာရေစာ ဖြတ်တောက်မှု လုပ်ထားရမှာပါ။ ကုသမှု မစခင် ယေဘုယျကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ရပါသေးတယ်။ ကုသမှုပြုလုပ်ဖို့ သင့်တော်တဲ့ ကျန်းမာရေးအခံရှိဖို့ လိုအပ်တာမို့ပါ။ ကုသမှုမခံယူခင် ရက်သတ္တပတ် အလိုထဲ က မိမိအတွက် သီးသန့် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဖို့ ဆရာဝန်က ညွှန်ကြားမှာပါ။ ဥပမာ သွေးကျဲဆေးသောက်နေရတဲ့ သူမျိုးဆို တစ်ပတ်(သို့) တစ်လလောက် ဆေးကြိုရပ်ခိုင်းထားတာမျိုးပေါ့။

    ကုသမှု အနေနဲ့ကတော့ သွေးကြောနေရာတွေကို တီဗီ scan မှာ ပေါ်နေအောင် ဆေးတစ်မျိုးထိုးမယ်။ လေလျှော့ထားတဲ့ ပူဖောင်း အသေးလေးပါ ပြွန်ငယ်တစ်ခုကို အထိန်းဝါယာရဲ့ အကူအညီနဲ့ လက်ကောက်ဝတ် (သို့) လက်မောင်းရင်း (သို့) ပေါင်ရင်းမှာရှိတဲ့ သွေးကြောကနေတစ်ဆင့် ပိတ်နေတဲ့နှလုံး သွေးလွှတ်ကြောထဲ ထည့်ပါလိမ့်မယ်။ သွေးခဲ တွေ စုပုံနေတဲ့ နေရာအတိအကျကို ရောက်တာနဲ့တပြိုင်နက် ပူဖောင်းလေးကို အပြင်ကနေ လေသွင်းလိုက်တော့ သွေးလွှတ်ကြောနံရံကနေ အဲဒီ သွေးခဲ ကွာကျစေပြီး သွေးစီးဆင်းဖို့ လမ်းကြောင်း ဖြစ်စေပါတယ်။ ကုသရာမှာသုံးတဲ့ ပြွန်လေးကိုတော့ ဆေးဘက်ဆိုင်ရာသုံး ကိုးလ်ဘတ် သတ္တုစပ်နဲ့ ပြုလုပ်ထားတာပါ။

    ပြွန်ရဲ့ ကိုယ်ထည်က စကာကွက်အသေးလေးဖြစ်ပြီး သွေးလွှတ်ကြောကိုပွင့်နေအောင် တာရှည် ထိန်းထားဖို့ ထည့်ထားခဲ့လို့ရပါတယ်။ ပြွန်ရဲ့ကိုယ်ထည်ကို သွေးကြောခွဲစိတ်ပြုပြင်ပြီးနောက် ဒဏ်မဖြစ်စေဖို့  ဆေးတစ်မျိုး သုတ်လိမ်းထားပါတယ်။ ခွဲစိတ်မှုက နာရီနဲ့ချီကြာနိုင်ပြီး နောက်နေ့ အိမ်ပြန်ခွင့်ပေးပါတယ်။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် ပင်ပင်ပန်းပန်း မလုပ်ဖို့နဲ့ ကောင်းကောင်း အနားယူဖို့ လိုပါတယ်။ အများစုအနေနဲ့ ခွဲစိတ်ပြီးနောက် တစ်ပတ်ကြာရင် အလုပ်ခွင် ပြန်ဝင်လို့ ရပါတယ်။

    နောက်ဆက်တွဲအနေနဲ့ ကတော့ stent ထည့်ထားပြီးတာတောင်မှ သွေးခဲပြန်ဖြစ်တာ သွေးကြောပြန်ပိတ်တာမျိုး ဖြစ်နိုင်ပါသေးတယ်။ ပိုက်စထည့်တဲ့နေရာက သွေးယိုတာ၊ အဆိုးဆုံးအနေနဲ့ကတော့ နှလုံးခုန်စည်းချက်မမှန်တာ၊ ကျောက်ကပ်ထိတာ ၊ လေဖြတ်တာတွေ အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် stent ထည့်ထားတဲ့ သူတစ်ယောက်ဟာ ထည့်ပြီး တစ်ပတ်မှာတင် ဆရာဝန်နဲ့ ပြန်ပြပြီး ကျန်းမာရေးစစ်ဆေးသင့်တဲ့ အပြင် သွေးခဲပြန်မဖြစ်အောင် သွေးကျဲဆေးကို ခြောက်လကနေတစ်နှစ်ထိ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပေးနေဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို အကျင့်ဖြစ်အောင်ပုံသွင်းယူပြီး ထိန်းသိမ်းသွားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

    ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။

    ရေးသားသူ – ဒေါက်တာနှင်းနုအေး

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement