brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Silver Sulfadiazine (ဆေးလ်ဗား ဆာလဖာဒိုင်ရာဇင်း)

Silver Sulfadiazine (ဆေးလ်ဗား ဆာလဖာဒိုင်ရာဇင်း)

Silver Sulfadiazine (ဆေးလ်ဗား ဆာလဖာဒိုင်ရာဇင်း)

Silver sulfadiazine ဆိုတာက Sulfonamide (ဆာလ်ဖိုနမိုက်) ပိုးသတ်ဆေးပါဝင်တဲ့ လိမ်းဆေးအမျိုးအစားပဲ ဖြစ်ပါတယ်။ မီးလောင်နာ၊ အပူလောင်နာ၊ အိပ်ရာနာတွေကို ကုသဖို့နဲ့ ဒီအနာတွေထဲကို ပိုးမဝင်အောင် ကာကွယ်ဖို့အတွက် သုံးပါတယ်။

အသုံးပြုပုံများ

Silver Sulfadiazine (ဆေးလ်ဗား ဆာလဖာဒိုင်ရာဇင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Silver sulfadiazineကို သာမန်အပူလောင်နာတွေ ကုသဖို့နဲ့ ဒီအနာတွေထဲကို ပိုးမဝင်အောင် ကာကွယ်ဖို့ သုံးနိုင်ပါတယ်။

Silver Sulfadiazine (ဆေးလ်ဗား ဆာလဖာဒိုင်ရာဇင်း) ဘယ်လိုအသုံးပြုသင့်သလဲ။

ဆေးအညွှန်းမှာပါတဲ့ လမ်းညွှန်ချက် အားလုံးကို လိုက်နာပါ။ ဆေးအညွှန်းနဲ့ သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးပါ။

လိမ်းဆေးလိမ်းမယ်ဆိုရင် ထိခိုက်ထားတဲ့နေရာမှာ အလွှာပါးပါးပြန့်ပြန့်လေး လိမ်းရပါမယ်။ ဆေးမလိမ်းခင်နဲ့ လိမ်းအပြီးမှာ လက်သေချာဆေးပါ။ ဆေးကို မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ထဲမဝင်အောင် သတိထားပါ။

Silver Sulfadiazine (ဆေးလ်ဗား ဆာလဖာဒိုင်ရာဇင်း) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Silver Sulfadiazine (ဆေးလ်ဗား ဆာလဖာဒိုင်ရာဇင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ။

ဆေးမသုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင် (အထူးသဖြင့် ဆာလဖာနဲ့ မတည့်တာရှိရင်)
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Silver Sulfadiazine (ဆေးလ်ဗား ဆာလဖာဒိုင်ရာဇင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ဒီလိမ်းဆေးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ အကြမ်းအားဖြင့်တော့ စိတ်ချရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင် နောက်ဆုံး ၃လပတ် (မွေးခါနီးလ) တွေမှာ မသုံးဖို့တော့ ညွှန်ကြားထားပါတယ်။ ဘာကြောင့်လဲဆိုတော့ မွေးတာတဲ့ကလေးမှာ သွေးတွင်းဘီလီရူဘင်များတာ၊ ဦးနှောက်ထဲ အသားဝါဓာတ်ရောက်တာတွေ ဖြစ်နိုင်တာကြောင့်ပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် B ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Silver Sulfadiazine(ဆေးလ်ဗား ဆာလဖာဒိုင်ရာဇင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • လိမ်းထားတဲ့ နေရာမှာ ယားခြင်း ၊ နီခြင်း၊ ပူခြင်း၊ နာခြင်း
  • အနီကွက်များ ထွက်လာခြင်း
  • ဖျားခြင်း
  • ချမ်းတုန်ခြင်း
  • အသည်းစစ်ဆေးချက်များ ပြောင်းလဲခြင်း
  • သွေးခြေဥခြင်းနဲ့ သွေးထွက်ခြင်း
  • နုံးချိခြင်းနဲ့ အားမရှိသလိုဖြစ်ခြင်း
  • မှိုပိုးဝင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

အောက်ပါလက္ခဏာတွေ ရှိနေရင်တော့ ချက်ချင်းဆေးကုသမှုခံယူဖို့ လိုပါတယ်။

  • Stevens-Johnson syndrome (SJS) (အန္တရာယ်များပြီး အသက်ဆုံးရှုံးနိုင်ပါတယ်)
  • ပြင်းထန်ဓာတ်မတည့်ပြဿနာ
  • ဆီးသွားရခက်တဲ့ ပြဿနာ

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Silver Sulfadiazine(ဆေးလ်ဗား ဆာလဖာဒိုင်ရာဇင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Silver Sulfadiazineက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • အခြား sulfonamides
  • Enzymatic debriding agents
  • Oral antihyperglycemics (ဆီးချိုသောက်ဆေးများ)
  • Phenytoin

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Silver Sulfadiazine(ဆေးလ်ဗား ဆာလဖာဒိုင်ရာဇင်း) နဲ့ ဓာတ်ပြုနိုင်သလား

Silver Sulfadiazineက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Silver Sulfadiazine (ဆေးလ်ဗား ဆာလဖာဒိုင်ရာဇင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Silver Sulfadiazineက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  • ကျောက်ကပ်ရောဂါ
  • အသည်းရောဂါ
  • ဆီးချိုရောဂါ
  • Glucose-6-phophatase dehydrogenase (G6PD) ဓာတ်ချို့တဲ့သောရောဂါ
  • သွေးနဲ့ပတ်သက်သောရောဂါ (သွေးအားနည်းခြင်း၊ သွေးဖြူဥနည်းခြင်း) တို့ဖြစ်ပါတယ်။

ဆေးလိမ်းရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ

အပူလောင်ခြင်း

အပူလောင်တဲ့နေရာကို ၁-၂ မီလီမီတာ အထူလောက် လိမ်းပေးဖို့ လိုပါတယ်။ တစ်နေ့ကို ၁ကြိမ်ကနေ ၂ကြိမ်အထိ လိမ်းပေးနိုင်ပါတယ်။ အပူလောင်တဲ့နေရာက ဆေးနဲ့ အမြဲအုပ်နေမိပါစေ။ ပျက်သွားရင် ပြန်လိမ်းပါ။

ပိုးဝင်ထားသော အိပ်ရာနာ

အနာပေါက်ကို အနည်းဆုံး ၃-၅ မီလီမီတာလောက် ဆေးသိပ်ပါ။ အရည်သိပ်မထွက်တဲ့အနာတွေဆို ရက်ခြားလောက် ထည့်ပေးနိုင်ပါတယ်။ အရည်တွေ စိမ့်မထွက်အောင် absorbent pad or gauze dressing နဲ့ အုပ်ထားပါ။

ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ ကလေးငယ်တွေမှာ စိတ်ချရမှု ရှိချင်မှရှိပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါတယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Silver Sulfadiazine(ဆေးလ်ဗား ဆာလဖာဒိုင်ရာဇင်း) ကိုဘယ်လိုရရှိနိုင်သလဲ

  • ၅ ဂရမ်၊ ၁၀ ဂရမ် လိမ်းဆေးကရင်မ်များ
  • ၁ ရာခိုင်နှုန်း လိမ်းဆေးကရင်မ်များ အနေနဲ့ ရနိုင်ပါတယ်။

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးလိမ်းဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Silver Sulfadiazineကို လိမ်းဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးလိမ်းပါ။ ဒါပေမယ့် နောက်တစ်ကြိမ်လိမ်းရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်လိမ်းပါ။ ဆေးနှစ်ဆ လိမ်း တာမျိုး မလုပ်ပါနဲ့။

ရေးသားသူ- Dr Zin Thu Thu Win

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/04/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။