Pantoprazoleက proton pump inhibitor (PPI) အမျိုးအစား ဆေးပါ။ ဒီဆေးတွေက အစာအိမ်က အက်ဆစ်တွေထုတ်လုပ်တာကို လျှော့ချပေးတဲ့ဆေး အဖြစ် လုပ်ဆောင်ပေးပါတယ်။ Pantoprazole (ပန်တိုပရာဇော) က H2-blockers နဲ့ ဆေးညွှန်းမလိုတဲ့အစာအိမ်အက်ဆစ် ပြယ်ဆေးတွေထက် အစာခြေအက်ဆစ်ကို ထိထိရောက်ရောက် လျှော့ချပေးနိုင်ပါတယ်။
အသုံးပြုပုံများ
Pantoprazole (ပန်တိုပရာဇော) ကို ဘာအတွက်အသုံးပြုကြသလဲ
Pantoprazole (ပန်တိုပရာဇော) ကို
- ရင်ပူတာ
- အက်ဆစ်ရည် ပြန်ဆန်တက်တာ
- အစာအိမ် သို့မဟုတ် အူသိမ်မှာ အနာဖြစ်တာ (Peptic ulcer disease)
- အစာခြေအက်ဆစ် အစာရေမျိုထဲကို ပြန်ဆန်တက်တာ (GERD)
- အစာခြေအက်ဆစ်တွေ အဆမတန် ထွက်တဲ့ ဖြစ်ခဲတဲ့ အစာခြေစနစ်ပြဿနာ တစ်မျိုး (Zollinger-Ellison syndrome)
- စတီးရွိုက်မပါတဲ့ အရောင်ကျဆေးတွေကြောင့်ဖြစ်တဲ့ အစာအိမ် အနာတွေ
- ခွဲစိတ်မှု ပြုလုပ်ခါနီးမှာ အစာခြေရည်တွေ ဆန်တက်မလာစေဖို့ ကာကွယ်တဲ့အနေနဲ့ အသုံးပြုပေးလို့ ရပါတယ်။
Pantoprazole (ပန်တိုပရာဇော)ကို ဘယ်လိုသောက်သုံးသင့်သလဲ
ဆေးဘူးမှာပါတဲ့ အညွှန်းကို သေသေချာချာ ပြည့်ပြည့်စုံစုံ ဖတ်ပါ။ ဆေးရဲ့ ပါဝင်ပစ္စည်း အညွှန်းဇယားတွေနဲ့ ကုန်ဆုံးရက်တွေကို သေချာ ဖတ်ပါ။
ဆေးလုံးအနေနဲ့ သောက်သုံးမယ်ဆိုရင် ဆေးတစ်လုံးလုံးကို မျိုချပါ။ ဝါးမစားပါနဲ့၊ မချိုးပါနဲ့။ ရေနဲ့ပျော်အောင် ဖျော်တာမျိုး မလုပ်ပါနဲ့။ အစားစားပြီးမှ သောက်လို့ ရသလို အစားမစားဘဲလည်း သောက်လို့ ရပါတယ်။ ဖြည်းဖြည်းချင်း အာနိသင်ပြတဲ့ ဆေးအမျိုးအစားကို သောက်မယ်ဆိုရင်တော့ အစားမစားခင် ၁ နာရီ အလိုလောက်မှာ သောက်သုံးပေးပါ။
ဆေးရည်အနေနဲ့ (ဥပမာ – အကြောဆေး) အနေနဲ့ အသုံးပြုမယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် တတ်ကျွမ်းနားလည်သူရဲ့ ညွှန်ကြားချက် လိုပါမယ်။
Pantoprazole (ပန်တိုပရာဇော)ကို ဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။
Pantoprazole ကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။
ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။
ကြိုတင်အသိပေးချက်နှင့် သတိပြုရန်အချက်များ
Pantoprazole (ပန်တိုပရာဇော) ကို မသောက်သုံးခင်မှာ ဘယ်အချက်တွေကို သိထားသင့်သလဲ။
Pantoprazoleကို မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
- ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
- တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
- ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
- တခြားရောဂါအခံတွေ ရှိနေရင်
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။
ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါပေမယ့် သောက်သုံးဖို့ စိတ်ချရတယ်လို့ ယူဆနိုင်ပါတယ်။ ဆေးက မိခင်နို့ရည်ကနေတဆင့် ကလေးဆီကို ရောက်နိုင်ပေမယ့် ထိခိုက်စေတယ်ဆိုတဲ့ တွေ့ရှိချက်တော့ မရှိသေးပါဘူး။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဘေးထွက်ဆိုးကျိုးများ
Pantoprazoleက ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ။
တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
- ခေါင်းကိုက်တာ
- ဖောရောင်တာ
- ယားယံတာ
- နေရောင်နဲ့ အလင်းဒဏ်မခံနိုင်တာ
- အနီစက်တွေ ထွက်တာ
- သွေးတွင်းအဆီဓာတ်များတာ
- ဗိုက်အောင့်တာ
- ဝမ်းချုပ်တာ
- ဝမ်းလျှောတာ
- ပျို့အန်တာ
- လေပွတာ
- ပါးစပ်ခြောက်တာ
- ချာချာလည်အောင် မူးတာ
- ကြွက်သားနဲ့ အဆစ်တွေနာတာ
- အမြင်ဝါးတာ
- အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်နိုင်ခြေများတာ
- ဖျားတာတွေ ဖြစ်နိုင်ပါတယ်။
ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။
ဆေးဝါးဓာတ်ပြုမှုများ
ဘယ်ဆေးဝါးတွေက Pantoprazole (ပန်တိုပရာဇော)နဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်သလဲ။
Pantoprazole (ပန်တိုပရာဇော) လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။
မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။
ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ
- Rilpirvirine *လုံးဝမသုံးသင့်
- Atazanavir *
- ဆီးဆေး
- Digoxin
- Warfarin
- Methotrexate
- Azoleပါသော မှိုသတ်ဆေးများ
- Clopidogrel
- St. John’s wort
- သံဓာတ် အားဆေး
- ဗီတာမင် B အားဆေး
ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။
အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Pantoprazole (ပန်တိုပရာဇော)နဲ့ ဓာတ်ပြုနိုင်ပါသလား။
ဒီဆေးက အစားအစာတွေ ဒါမှမဟုတ် အယ်လ်ကိုဟောနဲ့ ဓာတ်ပြုနိုင်ပါတယ်။ ဒီလို ဓာတ်ပြုတာက ဆေးရဲ့ ဓာတ်ပြုမှု အာနိသင်နဲ့ ထိရောက်မှုကို ပြောင်းလဲစေနိုင်ပြီး ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဆေးမသောက်မီမှာ ဖြစ်နိုင်ခြေရှိတဲ့ အစားအစာ၊ အယ်လ်ကိုဟောတို့နဲ့ ဓာတ်ပြုနိုင်ခြေကို ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ အရင်တိုင်ပင်ပါ။
ဘယ်လိုကျန်းမာရေးအခြေအနေတွေက Pantoprazole (ပန်တိုပရာဇော)နဲ့ ဓာတ်ပြုမှုတွေရှိမလဲ။
Pantoprazole (ပန်တိုပရာဇော)က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်
- အစာအိမ်ကင်ဆာ
- အရိုးပွတာ
- ဗီတာမင်ချို့တဲ့မှုကြောင့် သွေးအားနည်းတာ
- အသည်း ပျက်စီးနေတာ
- CYP2C19 poor metabolizers ရှိနေရင်ဖြစ်ပါတယ်။
သောက်သုံးရန်အညွှန်း
အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အရွယ်ရောက်ပြီးများအတွက် ဆေးပမာဏ
အစာအိမ် သို့မဟုတ် အူသိမ်မှာ အနာဖြစ်တာ (Peptic ulcer disease) အတွက်
- H. pylori ပိုးသေစေရန်အတွက်
သောက်ဆေး: 40 mg – 80 mg ကို တစ်နေ့ ၂ ကြိမ် ဆရာဝန်ညွှန်ကြားထားတဲ့ ပိုးသတ်ဆေးတစ်မျိုးမျိုးနဲ့ တွဲပြီး
- မပြင်းထန်တဲ့ အစာအိမ်အနာ
သောက်ဆေး အနေနဲ့ 40 mg တစ်နေ့တစ်ကြိမ်ကို ၄ ပတ် ကနေ ၈ ပတ်အထိ
- ပြင်းထန်တဲ့ အစာအိမ်အနာ
သောက်ဆေး / အကြောဆေး – တစ်နေ့ကို 40 mg ၂ ကြိမ်နဲ့ ၄ ပတ်ကြာ၊ ပြီးရင်တော့ တစ်နေ့ကို 40 mg တစ်ကြိမ်စီ
အစာခြေအက်ဆစ် အစာရေမျိုထဲကို ပြန်ဆန်တက်တာ (GERD)
- မပြင်းထန်သော အစာရေမျိုရောင်ရောဂါအတွက် ( တစ်ပတ်ကို ၂ ကြိမ်အောက်ပဲ ဖြစ်မယ်ဆိုရင်)
သောက်ဆေး: တစ်နေ့ကို 20 mg တစ်ကြိမ်၊ လိုအပ်မယ်ဆိုရင် ၄ ပတ် ကနေ ၈ ပတ်ကြာပြီးနောက်မှာ ဆေးပမာဏကို 40 mg အထိ တိုးပေးနိုင်ပါတယ်။ လက္ခဏာမပြတော့တာ ၈ ပတ်လောက် ကြာပြီဆိုရင် ဆေးရပ်လိုက်လို့ ရပါပြီ။
- ပြင်းထန်ပြီး မကြာခဏ ဖြစ်တဲ့ အစာရေမျိုရောင် ရောဂါအတွက်
သောက်ဆေး: တစ်နေ့ကို 40 mg တစ်ကြိမ်နဲ့ အနည်းဆုံး ၈ ပတ် ဒါမှမဟုတ် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း
Zollinger-Ellison syndrome
- သောက်ဆေး: ကနဦး ဆေးပမာဏ : 80 mg တစ်နေ့ကို ၂ ကြိမ်၊ လိုအပ်မယ်ဆိုရင် ဆေးကို တစ်နေ့ကို 240 mg အထိ တိုးပေးလို့ ရပါတယ်။
- အကြောဆေး : ကနဦးပမာဏ 80 mg ၈ နာရီ ကနေ ၁၂ နာရီခြား၊ တစ်နေ့ကို 240 mg အထိ ၆ ရက်ကြာအထိ ပေးလို့ ရပါတယ်။
NSAID-induced ulcers (စတီးရွိုက်မပါတဲ့ အရောင်ကျဆေးတွေကြောင့်ဖြစ်တဲ့ အစာအိမ် အနာတွေ)
သောက်ဆေး : အစာအိမ်ထိစေနိုင်တဲ့ NSAIDsတွေနဲ့ ကုထုံးခံယူနေချိန်မှာ 20 mg ကနေ 40 mg အထိ တစ်နေ့ကို တစ်ကြိမ်
Aspiration prophylaxis for surgery (ခွဲစိတ်နေစဉ် အစာအိမ်အက်စစ်များ ဆန်မတက်လာစေရန်)
သောက်ဆေး: ခွဲစိတ်မှု မလုပ်ခင် တစ်ညအလိုမှာ 40 mg နဲ့ ခွဲခန်း မဝင်ခင် မနက်ခင်းမှာ 40 mg
အကြောဆေး : ဆရာဝန်က မေ့ဆေးမပေးခင် ၁ နာရီ အလိုမှာ 40 mg ဆေးတစ်ကြိမ် ပေးရပါမယ်။
ကလေးများအတွက် ဆေးပမာဏ
ကလေးတွေအတွက် ဆေးညွှန်းမရှိပါဘူး။ ဒီဆေးက ကလေးတွေ အသုံးပြုဖို့ စိတ်မချရပါဘူး။ ဒါကြောင့် ဆေးကို အသုံးမပြုခင်မှာ ဆေးနဲ့ ပတ်သက်တဲ့ ဘေးကင်းစိတ်ချရတဲ့ စံနှုန်းတွေကို တိတိကျကျ သိဖို့ လိုပါမယ်။ အချက်အလက်တွေ ပိုမို သိရှိနိုင်စေဖို့အတွက် ဆေးကို အသုံးမပြုခင်မှာ ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ သေချာတိုင်ပင်ဖို့ လိုပါမယ်။
Pantoprazole (ပန်တိုပရာဇော)ကို ဘယ်လိုပုံစံမျိုး၊ အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။
Pantoprazole (ပန်တိုပရာဇော) အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
ဆေးပြား : 20 mg; 40 mg
တဖြည်းဖြည်းချင်း အာနိသင်ပြတဲ့ ဆေးပြား : 20 mg, 40 mg
ဖျော်သောက်ရန် ဆေးမှုန့် / အကြောဆေး: 40 mg
အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။
Pantoprazole (ပန်တိုပရာဇော)ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။
[embed-health-tool-bmi]