brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Ampicillin (အမ်ပစလင်)

Ampicillin (အမ်ပစလင်) ကို အမျိုးမျိုးသော ဘက်တီးရီးယားကူးစက်မှုတွေကို သက်သာစေဖို့ အသုံးပြုကြပါတယ်။ သူက ပင်နီဆလင် အမျိုးအစား ပဋိဇီဝပိုးသတ်ဆေး တစ်မျိုးပါ။ Ampicillin (အမ်ပစလင်)က ဘက်တီးရီးယား ဆဲလ်နံရံတွေကို အဓိကထား တိုက်ဖျက်ပေးတဲ့အတွက် ဘက်တီးရီးယာတွေ ကြီးထွားတာကို ရပ်တန့်စေပြီး ဘက်တီးရီးယားဆဲလ်တွေကို သုတ်သင်ပေးပါတယ်။

Ampicillin (အမ်ပစလင်)

အသုံးပြုပုံများ

Ampicillin (အမ်ပစလင်)ကို ဘာအတွက်အသုံးပြုကြသလဲ

Ampicillin (အမ်ပစလင်)ကို

  • အစာခြေစနစ် ပိုးဝင်ခြင်း
  • ဆီးလမ်းကြောင်းစနစ် ပိုးဝင်ခြင်း
  • အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း
  • သွေးဆိပ်သင့်ခြင်း
  • ဦးနှောက်အမြှေးပါးရောင်ခြင်း
  • နှလုံးပိုးဝင်ခြင်းတွေကို သက်သာစေဖို့ အသုံးပြုလို့ ရပါတယ်။
  • ပဋိဇီဝ ပိုးသတ်ဆေးဖြစ်တာကြောင့် ဘက်တီးရီးယား ကူးစက်မှုတွေမှာပဲ အသုံးပြုနိုင်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်တာတွေကိုတော့ သက်သာစေမှာ မဟုတ်ပါဘူး။ ( ဥပမာ- အအေးမိတာ နဲ့ တုပ်ကွေးလိုမျိုး ဗိုင်းရပ်စ် ကူးစက်တဲ့ ပြဿနာတွေပါ)။ ပဋိဇီဝ ပိုးသတ်ဆေးတွေကို မလိုအပ်ဘဲ အသုံးပြုတာ၊ အလွန်အကျွံ အသုံးပြုတာတွေ ဆေးရဲ့ ထိရောက်မှုကို လျော့ပါးစေနိုင်ပါတယ်။

    Ampicillin (အမ်ပစလင်)ကို ဘယ်လိုသောက်သုံးသင့်သလဲ

    သောက်ဆေးဆိုရင်တော့ ဝါးမစားဘဲ မျိုချပြီး သောက်သင့်ပါတယ်။ ဆေးကို ချေပြီးသောက်တာ၊ အမှုန့်ကြိတ်ပြီး အရည်ဖျော်သောက်တာတွေကို ရှောင်ပါ။ အစာမရှိဘဲ ဒါမှမဟုတ် အစာမစားခင် သောက်သင့်ပါတယ်။ ဖျော်သောက်ရတဲ့ ဆေးမှုန့်ဖြစ်တယ်ဆိုရင် ဆေးမှုန့်ကို သောက်ရေနဲ့ ရောဖျော်ပြီးမှ သောက်သင့်ပါတယ်။ ဆေးးမှာပါတဲ့ ဆေးညွှန်းအတိုင်း သေချာ လိုက်နာဖို့ လိုပါမယ်။

    ထိုးဆေးအနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်သူနဲ့ တိုင်ပင်ပါ။

    Ampicillin (အမ်ပစလင်)ကို ဘယ်လိုသိမ်းဆည်းရမလဲ

    Ampicillin (အမ်ပစလင်)ကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမှုန့်ကို ဖျော်ထားတာမျိုး ဖြစ်မယ်ဆိုရင် ရေခဲသေတ္တာအတွင်း (2-8°C ) ဖြင့် ၁၄ ရက်အထိ သိမ်းဆည်းထားနိုင်ပါတယ်။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

    ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

    ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Ampicillin (အမ်ပစလင်)ကို အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

    • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
    • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
    • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
    • တခြားရောဂါအခံတွေ ရှိနေရင်

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

    ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် B ရှိသည်ဟု သတ်မှတ်ထားပါတယ်။

    အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

    • A=ဆိုးကျိုးမရှိပါ။
    • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
    • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
    • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
    • X=သောက်သုံးရန် မသင့်ပါ။
    • N=အခြေအနေကို မသိရသေးပါ။

    ဘေးထွက်ဆိုးကျိုးများ

    Ampicillinကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

    • ဓာတ်မတည့်မှု
    • ဝမ်းပျက်ဝမ်းလျှော
    • မအီမသာဖြစ်တာ၊ အော့အန်တာ
    • ပါးစပ်ထဲမှာ အနာဖြစ်တာ
    • လျှာမှာ အမွေးထူထူ မည်းမည်းတွေ ဖြစ်လာတာ
    • ပြင်းထန်တဲ့ အရေပြား ဓာတ်မတည့်မှု
    • အဖျားတက်တာ
    • အဆစ်နာတာ
    • သွေးအားနည်းတာ
    • သွေးနေတာ
    • အသားဝါတာ
    • ပုံမှန်မဟုတ်တဲ့ အသည်းအင်ဇိုင်း ထွက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

    အခုပြောတဲ့ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရမယ်ဆိုရင် မြန်နိုင်သမျှ မြန်မြန် ဆေးဝါးကုသမှု ခံယူပါ

    •  ပြင်းထန် ဓာတ်မတည့်မှု (Anaphylactic reactions)
    • ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှော (Clostridium difficile-associated diarrhea)

    အခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့ တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ဆေးဓာတ်ပြုမှုများ

    ဘယ်ဆေးတွေက Ampicillin (အမ်ပစလင်)နဲ့ ဓာတ်ပြုနိုင်သလဲ

    Ampicillin (အမ်ပစလင်)က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

    မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

    • Dextrose solutions (e.g. D5w)
    • Lactated ringer solution
    • Fat emulsion 10%
    • Hetastarch 6%
    • Allopurinol
    • Aminoglycosides
    • Atenolol
    • သက်ရှိပိုးတွေ ထည့်ပြီး လုပ်ဆောင်ထားတဲ့ ကာကွယ်ဆေး (e.g. BCG၊ ကာလဝမ်း၊ )
    • Chloroquine
    • Dichlorphenamide
    • Lactobacillus and estriol
    • Lanthanum
    • Methotrexate
    • Mycophenolate
    • သန္ဓေတား သောက်ဆေး
    • Probenecid
    • Sodium picosulfate
    • Tetracyclines
    • Warfarin စတာတွေပါ။

    ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် အမ်ပစလင်သောက်တာကို ရပ်ပြီး တခြားဆေးတွေကို ပုံမှန်အတိုင်း သောက်သုံးပါ။ တစ်ချိန်တည်းမှာပဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

    အစားအသောက်တွေနဲ့ အရက်က Ampicillin (အမ်ပစလင်)နဲ့ ဓာတ်ပြုနိုင်သလား

    Ampicillinက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ Ampicillin (အမ်ပစလင်)ကို ဘာမှာမစားထားခင်မှာ သောက်ပေးပါ။ အစားမစားခင် ၁ နာရီ ကနေ ၂ နာရီ ဒါမှမဟုတ် အစားစားပြီးချိန် ၂ နာရီကနေ ၃ နာရီ အကြာလောက်မှာ သောပေးရပါမယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Ampicillin (အမ်ပစလင်)နဲ့ ဓာတ်ပြုနိုင်သလဲ

    Ampicillinက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့် လက်ရှိမှာ

    • ပန်းနာရင်ပ်
    • ကျောက်ကပ်ရောဂါ
    • သွေးမတိတ်တာ၊ သွေးခဲတာလိုမျိုး သွေးရောဂါ တစ်မျိုးမျိုး
    • Mononucleosis
    • ပဋိဇီဝပိုးသတ်ဆေး သောက်တာကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ဖူးတာမျိုး စတာတွေပါ။

    သောက်သုံးရန်အညွှန်း

    အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    အရွယ်ရောက်ပြီးသူတွေအတွက် Ampicillin (အမ်ပစလင်)ရဲ့ အသုံးပြုရမယ့်ပမာဏက ဘယ်လောက်လဲ

    • ဘက်တီးရီးယား ပိုးဝင်ခြင်း 

    သောက်ဆေး 250 to 500 mg ၆ နာရီခြားတစ်ခါ။

    • နှလုံးအတွင်းသား နံရံရောင်ခြင်း 

    Ampicillin 2 g အကြောဆေး ၄ နာရီတိုင်းတစ်ခါ သွင်းပေးလို့ ရပါတယ်။ Gentamicin (သို့) streptomycin (အကယ်လို့ gentamycin ဆေးကို ယဉ်ပါးနေမယ်ဆိုရင်)နဲ့ တွဲပေးနိုင်ပါတယ်။ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ဆိုရင် ကုထုံး မခံယူခင် နာရီဝက်၊ တစ်နာရီ အလိုလောက်မှာ အကြောဆေး ဒါမှမဟုတ် အသားဆေး 2 g ပေးပေးပါ။

    •  ဦးနှောက်အမြှေးပါးရောင်ခြင်း 

    200 mg/kg/day အကြောဆေးကို ၄ နာရီတိုင်းတစ်ခါ အညီအမျှခွဲပေးရပါမယ်။ တခြား ပိုးသတ်ဆေး (သောက်ဆေးမဟုတ်) နဲ့တွဲပေးနိုင်ပါတယ်။

    Intrathecal (သို့) intraventricular ပေး ။ ပိုးသတ်ဆေး အကြောဆေးအပြင် 10 to 50 mg/day ထပ်ပေးရပါမယ်။

    • သွေးအတွင်း ရောဂါပိုးဝင်ခြင်း

    လူကြီးတွေမှာအသုံးပြုရန်: အကြောဆေး တစ်ရက်ကို 150 to 200 mg/kg

    • အစာခြေစနစ်ပိုးဝင်ခြင်း

    သောက်ဆေး 500 mg သို့ အကြောဆေး အသားဆေး ၆ နာရီခြားပြီး တစ်ခါ ပေးရပါမယ်။

    • အရေပြား သို့မဟုတ် တစ်ရှူးပိုးဝင်ကူးစက်ခြင်း

    အကြောဆေး၊ အသားဆေး 250 ကနေ 500 mg ကို ၆ နာရီခြား တစ်ခါ ပေးရပါမယ်။

    • လည်ချောင်းရောင်ခြင်း

    အကြောဆေး သို့မဟုတ် အသားဆေး 250 mg ကနေ 500 mg ၆ နာရီခြား တစ်ခါပေးရပါမယ်။ ဒါမှမဟုတ် သောက်ဆေး 250mg ၆ နာရီခြား ပေးနိုင်ပါတယ်။

    • ထိပ်ကပ်နာ

    အကြောဆေး သို့မဟုတ် အသားဆေး 250 mg ကနေ 500 mg ၆ နာရီခြား တစ်ခါပေးရပါမယ်။ သို့မဟုတ် သောက်ဆေး 250 mg ကို ၆ နာရီခြား တစ်ခါ သောက်ပေးရပါမယ်။

    • အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

    အကြောဆေး သို့မဟုတ် အသားဆေး 250 mg ကနေ 500 mg ၆ နာရီခြား တစ်ခါပေးရပါမယ်။ သို့မဟုတ် သောက်ဆေး 250 mg ကို ၆ နာရီခြား တစ်ခါ သောက်ပေးရပါမယ်။

    • ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

    သောက်ဆေး 500 mg ၆ နာရီခြား တစ်ခါပေးရပါမယ်။ ဒါမှမဟုတ် အကြောဆေး သို့မဟုတ် အသားဆေး ၆ နာရီခြား တစ်ခါပေးရပါမယ်။

    • တိုက်ဖွိုက်အတွက်

    သောက်ဆေး 500 mg ၆ နာရီခြား တစ်ခါပေးရပါမယ်။ ဒါမှမဟုတ် အကြောဆေး သို့မဟုတ် အသားဆေး ၆ နာရီခြား တစ်ခါပေးရပါမယ်။

    • မမွေးဖွားမီ Group B Streptococcal ရောဂါ ကာကွယ်ဖို့ 

    2 g အကြောဆေး တစ်ကြိမ်၊ အဲ့နောက် 1 g အကြောဆေးကို မွေးဖွားချိန်အထိ ၄ နာရီတစ်ခါပေးရပါမယ်။

    • ခွဲစိတ်မှု မပြုခင် ကာကွယ်ဖို့ 

    အသည်းအစားထိုးကုသမှု: Ampicillin 1 g အကြောဆေး နဲ့ cefotaxime 1 g အကြောဆေးကို မေ့ဆေးပေးချိန်တွင်တစ်ခါ၊ ခွဲစိတ်မှုလုပ်စဉ်နဲ့ ခွဲစိတ်မှုအပြီး ၄၈ နာရီကြာသည်အထိ ၆ နာရီတစ်ခါပေးရပါမယ်။

    • Leptospirosis အတွက်

    မပြင်းထန်ဘူးဆိုရင် သောက်ဆေး 500 ကနေ 750 mg ၆ နာရီတစ်ခါ သောက်ရပါမယ်။

    သိပ်မပြင်းထန်တဲ့ အခြေအနေကနေ ပြင်းထန်တဲ့ အခြေအ‌နေအက် အကြောဆေး 0.5 ကနေ 1 g ၆ နာရီတစ်ခါ ပေးရပါမယ်။

    • နားပိုးဝင်ခြင်းအတွက်

    သောက်ဆေး 500 mg (သို့မဟုတ်) အကြောဆေး၊ အသားဆေး 1 to 2 g ၆ နာရီတစ်ခါ ရောဂါပိုးဝင်မှုပြင်းထန် အခြေအနေပေါ်မူတည်ပြီး ပေးနိုင်ပါတယ်။

    ကလေးတွေအတွက် Ampicillin (အမ်ပစလင်)ရဲ့ အသုံးပြုရမယ့်ပမာဏက ဘယ်လောက်လဲ

    ဘက်တီးရီးယား ပိုးဝင်ကူးစက်မှုအတွက်

    တစ်လအောက်ကလေး

    • ၇ ရက်သား အောက်၊ ကိုယ်အလေးချိန် 2000 g အောက်: 50 mg/kg အကြောဆေး (သို့) အသားဆေး ၁၂ နာရီတစ်ခါ
    • ၇ ရက်သား အောက်၊ ကိုယ်အလေးချိန် 2000 g အထက်: 50 mg/kg အကြောဆေး (သို့) အသားဆေး ၈ နာရီတစ်ခါ
    • ၈ ရက်မှ ၂၈ ရက်သား၊ ကိုယ်အလေးချိန် 2000 g အောက်: 50 mg/kg အကြောဆေး (သို့) အသားဆေး ၈ နာရီတစ်ခါ
    • ၈ ရက်မှ ၂၈ ရက်သား၊ ကိုယ်အလေးချိန် 2000 g အထက်: 50 mg/kg အကြောဆေး (သို့) အသားဆေး ၆ နာရီတစ်ခါ

    ၁ လနဲ့အထက် 

    • မပြင်းထန်တဲ့ အခြေအနေကနေ အရမ်းမပြင်းထန်တဲ့ အခြေအနေအတွက်

    Parenteral: အကြောဆေး သို့မဟုတ် အသားဆေး 25 to 37.5 mg/kg ၆ နာရီတစ်ခါ

    သောက်ဆေး 12.5 to 25 mg/kg ၆နာရီတစ်ခါ

    အများဆုံး ပမာဏ – တစ်နေ့ကို 4 g

    သွေးအတွင်း ဘက်တီးရီးယားကူးစက်မှုအတွက်

    တစ်လအောက်ကလေး

    • ၇ရက်သားအောက်၊ ကိုယ်အလေးချိန် 2000 g အောက် : အကြောဆေး (သို့မဟုတ်) အသားဆေး 100 mg/kg ၁၂ နာရီတစ်ခါ
    • ၇ရက်သားအောက် ၊ ကိုယ်အလေးချိန် 2000 g အထက်: အကြောဆေး (သို့မဟုတ်) အသားဆေး 50 mg/kg ၈ နာရီတစ်ခါ (သို့မဟုတ်) 100 mg/kg အကြောဆေး (သို့) အသားဆေး ၁၂ နာရီတစ်ခါ
    • ၈ ရက်မှ ၂၈ ရက်သား၊ ကိုယ်အလေးချိန် 2000g အောက်: အကြောဆေး (သို့မဟုတ်) အသားဆေး 50 mg/kg ၈ နာရီတစ်ခါ
    • ၈ ရက်မှ ၂၈ ရက်သား၊ ကိုယ်အလေးချိန် 2000g အထက်: အကြောဆေး (သို့မဟုတ်) အသားဆေး 50 mg/kg ၆ နာရီတစ်ခါ

    သွေးဆိပ်သင့်ခြင်း

    တစ်လအောက်ကလေး

    • ၇ ရက်အောက်၊ ကိုယ်အလေးချိန် 2000g အောက်: အကြောဆေး (သို့) အသားဆေး 100 mg/kg ၁၂ နာရီတစ်ခါ
    • ၇ ရက်အောက်၊ ကိုယ်အလေးချိန် 2000g အထက်: အကြောဆေး (သို့) အသားဆေး 50 mg/kg ၈ နာရီတစ်ခါ (သို့မဟုတ်) 100 mg/kg အကြောဆေး (သို့မဟုတ်) အသားဆေး ၁၂ နာရီတစ်ခါ
    • ၈ ရက်မှ ၂၈ ရက်သား၊ ကိုယ်အလေးချိန် 2000g အောက်: အကြောဆေး (သို့မဟုတ်) အသားဆေး 50 mg/kg ၈ နာရီတစ်ခါ
    • ၈ ရက်မှ ၂၈ ရက်သား၊ ကိုယ်အလေးချိန် 2000g အထက်: အကြောဆေး (သို့မဟုတ်) အသားဆေး 50 mg/kg ၆ နာရီတစ်ခါ

    ဦးနှောက် အမြှေးပါးရောင်ခြင်း

    အကြောဆေး 150 to 200 mg/kg/day ၃ – ၄ နာရီခြား တစ်ခါ အညီအမျှ ခွဲပြီးပေးနိုင်ပါတယ်။

    နှလုံးပိုးဝင်ခြင်း

    အများဆုံးပမာဏ တစ်ရက်ကို 12 g/day

    နှလုံးဘက်တီးရီးယားပိုးဝင်ခြင်းကို ကာကွယ်ဖို့အတွက်

    အကြောဆေး (သို့မဟုတ်) အသားဆေး 50 mg/kg ကို ခွဲစိတ်မှု မလုပ်ခင် ၃၀ – ၆၀ မိနစ်ကြိုပြီး ပေးရပါမယ်။

    အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းအတွက်

    • ကိုယ်အလေးချိန် 40kg အောက် : အကြောဆေး (သို့မဟုတ်) အသားဆေး 25 to 50 mg/kg/day ၆ နာရီမှ ၈ နာရီ တစ်ခါ အညီအမျှခွဲပေးနိုင်ပါတယ်။
    • ကိုယ်အလေးချိန် 40kg အထက်: အကြောဆေး (သို့မဟုတ်) အသားဆေး 250 to 500 mg ၆ နာရီတစ်ခါ
    • ကိုယ်အလေးချိန် 20kg အောက်: သောက်ဆေး ၆ နာရီမှ 250 to 500 mg ၈ နာရီ တစ်ခါ အညီအမျှခွဲပေးနိုင်ပါတယ်။
    • ကိုယ်အလေးချိန် 20 kg အထက် : သောက်ဆေး 250 mg ၆နာရီတစ်ခါ ပေးနိုင်ပါတယ်။

    အရေပြား သို့မဟုတ် တစ်ရှူး ပိုးဝင်ကူးစက်ခြင်း

    • ကိုယ်အလေးချိန် 40kg အောက် : အကြောဆေး (သို့မဟုတ်) အသားဆေး 25 to 50 mg/kg/day ၆ နာရီမှ ၈ နာရီ တစ်ခါ အညီအမျှခွဲပေးနိုင်ပါတယ်။
    • ကိုယ်အလေးချိန် 40kg အထက်: အကြောဆေး (သို့မဟုတ်) အသားဆေး 250 to 500 mg ၆ နာရီတစ်ခါ

    ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

    40 kg အောက်: အကြောဆေး (သို့မဟုတ်) အသားဆေး 50 mg/kg/day ၆ နာရီ မှ ၈ နာရီ တစ်ခါ အညီအမျှခွဲပေးနိုင်သည်။

    40 kg အထက်: အကြောဆေး (သို့မဟုတ်) အသားဆေး 500 mg ၆ နာရီ တစ်ခါ

    20 kg အောက်: သောက်ဆေး 25 mg/kg ၆နာရီတစ်ခါ

    20 kg အထက်: သောက်ဆေး 500 mg ၆ နာရီတစ်ခါ

    မခွဲစိတ်ခင် ကာကွယ်ဖို့

    အသည်းအစားထိုးကုသခြင်း အတွက်

    ၁ လ အထက်

    Ampicillin အကြောဆေး 50 mg/kg နဲ့ cefotaxime အကြောဆေး 50 mg/kg ကို မေ့ဆေးပေးချိန်မှာ ပေးပြီးနောက် ခွဲစိတ်နေချိန်နဲ့ ခွဲစိတ်မှုအပြီး ၄၈ နာရီကြာသည်အထိ ၆ နာရီခြား တစ်ခါပေးရမ။

    Ampicillin (အမ်ပစလင်)ကို ဘယ်လိုရရှိနိုင်သလဲ

    Ampicillin (အမ်ပစလင်)ကို ရရှိနိုင်သောပုံစံများတွေကတော့

    • သောက်ဆေးတောင့် 25o mg, 500 mg
    • ဖျော်သောက်လို့ရတဲ့ ဆေးမှုန့် 100 mg, 250 mg, 500 mg, 1 g နဲ့ ရရှိနိုင်ပါတယ်။

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    ကီတိုပရိုဖန်ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

    ရေးသားသူ- Dr. Phyu Mon Latt

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/10/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။