brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လည်ချောင်းထဲမှာ တစ်ဆို့ဆို့ဖြစ် သလို ခံစားနေရပါသလား

လည်ချောင်းထဲမှာ ဘာမှမရှိပါဘဲနဲ့ တစ်ခုခုတစ်နေသလို၊ ကပ်နေသလို ခံစားရတာ ကြုံဖူးမှာပါ။ ဒါကို Globus pharyngeus လို့ ခေါ်ပါတယ်။ လည်ချောင်းထဲမှာ တစ်ဆို့ဆို့ဖြစ် သလို ခံစားရတာက အကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

လည်ချောင်းထဲမှာ တစ်ဆို့ဆို့ဖြစ် သလို ခံစားနေရပါသလား

လည်ချောင်းထဲမှာ တစ်ဆို့ဆို့ဖြစ် နေသလို ခံစားရတယ်ဆိုတာ

လည်ပင်းထဲမှာ အစာရှိနေလို့ နင်နေတာမျိုး မဟုတ်ဘဲ ဘာမှမရှိပါဘဲနဲ့ တစ်ခုခုကပ်နေသလို၊ တစ်နေသလို ခံစားရတာပါ။ ဒီလက္ခဏာက အင်မတန်မှ အဖြစ်များပါတယ်။ များသောအားဖြင့်တော့ ကြီးကြီးမားမား စိုးရိမ်ရလောက်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

လည်ပင်းမှာ တစ်ဆို့ဆို့ ဖြစ်တာနဲ့အတူ

  • လည်ပင်းယားတာ
  • ခဏခဏ လည်ချောင်းရှင်းချင်နေတာ
  • ချောင်းခဏခဏဆိုးတာ
  • အသံဝင်တာ
  • ချွဲကျပ်သလိုခံစားရတာ စတာတွေပါ ခံစားရတတ်ပါတယ်။

ဘာကြောင့် လည်ချောင်းထဲမှာ တစ်ဆို့ဆို့ဖြစ် နေသလို ခံစားရတာလဲ။

အများစုက အကြောင်းအရင်းမရှိဘဲနဲ့ကို ဖြစ်ကြတာပါ။ ဒါပေမယ့် ဒီလက္ခဏာကို စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုများတဲ့ သူတွေမှာ တွေ့ရတတ်ပါတယ်။ အထူးသဖြင့်တော့ သူတို့ရဲ့ ခံစားချက်ကို မျိုသိပ်ပြီး တစ်ယောက်တည်း စိတ်ဆင်းရဲနေတတ်တဲ့ သူတွေပေါ့။

ဒုတိယတစ်ခုကတော့ GERD လို့ခေါ်တဲ့ အစာအိမ်အက်ဆစ်တွေ အစာရေမျိုပြွန်ထဲ ဆန်တက်လာတဲ့ ရောဂါပါ။ စားချဉ့်ရည်ပြန်တယ်လို့လည်း ခေါ်ကြပါတယ်။ အစာအိမ်ထဲမှာ ရှိရမယ့် အက်စစ်တွေက အစာရေမျိုပြွန်ထဲကို တက်လာတော့ အစာရေမျိုကြွက်သားတွေက ညှစ်ချတဲ့အခါ တစ်စို့စို့ ခံစားရပါတယ်။ နောက်ပြီး အက်ဆစ်နဲ့အတူ အစာတွေပါ ပါလာမယ်ဆိုရင် လည်ပင်းမှာ တစ်ခုခုကပ်နေသလို ခံစားရတတ်ပါတယ်။

ဒီနှစ်ခုကတော့ အဖြစ်များဆုံး အကြောင်းရင်းပါ။ တခြားအနေနဲ့

  • လည်ပင်းကြီးရောဂါ
  • နှာရည်နောက်ပြန်စီးတာ
  • ထိပ်ကပ်နာ
  • အစာအိမ်က ရင်ခေါင်းထဲရောက်နေတာ စတာတွေမှာလည်း တစ်စို့စို့ဖြစ်တတ်ပေမယ့် အပေါ်က ၂ခုလောက်တော့ အဖြစ်မများပါဘူး။

ဘာကြောင့်ဖြစ်တာလဲဆိုတာ ဘယ်လိုသိနိုင်မလဲ။

အရင်က ဘာမှမဖြစ်ပေမယ့် ခုတလောမှာ စိုးရိမ်စရာကိစ္စတွေ ရှိလို့ လည်ပင်းမှာ တစ်စို့စို့ ဖြစ်နေတာလားဆိုတာကို ကိုယ့်ဟာကို ဆန်းစစ်ဖို့ လိုပါတယ်။

ဒါမှမဟုတ် ကိုယ့်မှာ အစာအိမ်နဲ့ ပတ်သက်တဲ့ တခြားလက္ခဏာတွေပါ (ဥပမာ ရင်ပူတာ၊ ဗိုက်အောင့်တာ) ရှိနေရင်တော့ GERDကြောင့် ဖြစ်ဖို့များပါတယ်။ နောက်ပြီး GERD ဖြစ်နိုင်ခြေများတဲ့ သူဆိုရင်လည်း ဒါကြောင့်ဖြစ်ဖို့ များပါတယ်။ GERD ဖြစ်နိုင်ခြေများတဲ့သူတွေက

  • အဝလွန်တဲ့သူ
  • ကိုယ်ဝန်ဆောင်
  • ဆေးလိပ်သောက် ဒါမှမဟုတ် ဆေးလိပ်ငွေ့ရှူနေရတဲ့သူ
  • တချို့သော ပန်းနာရင်ကျပ်ဆေးဝါးတွေ၊ သွေးကျဆေး၊ ဓာတ်မတည့်သောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ဆီးဆေး၊ စိတ်ကျရောဂါ သောက်ဆေးတွေ သောက်နေရတဲ့သူ
  • ရင်ပူစေတဲ့ အစားအစာတွေကို (ဥပမာ အပူအစပ်၊ ဆီကြော်) မကြာခဏ စားတဲ့သူတွေပဲ ဖြစ်ပါတယ်။

နောက်ပြီး စိုးရိမ်ပူပန်တတ်ပြီး စိတ်ဖိစီးမှုများတဲ့သူတွေမှာလည်း GERDက ပိုဆိုးတတ်ပါတယ်။

လည်ပင်းမှာ တစ်ဆို့ဆို့ဖြစ် နေတာကို ဘယ်လိုကုသနိုင်မလဲ။

အကြောင်းအရင်း တိတိကျကျ မရှိတဲ့အတွက် ကုသနည်းကလည်း တိတိကျကျ မရှိပါဘူး။ ဒါပေမယ့် အများစုမှာတော့ အလိုလိုပြန်ကောင်းသွားတတ်ပါတယ်။ သက်သာစေမယ့် နည်းလမ်းတချို့ကတော့

  • လည်ပင်းမှာ တစ်ဆို့ဆို့ဖြစ် လာတဲ့အခါ မျိုချလိုက်ပါ။ လည်ချောင်းကို ဟပ်ပြီး ရှင်းလိုက်တာထက် မျိုချလိုက်တာက ပိုပြီးသက်သာစေပါတယ်။
  • ပါးစပ်ဟပြီး သမ်းပါ။
  • လက်နှစ်ချောင်းဝင်စာလောက် ဟပြီး ပါးစပ်ကို ဟလိုက် စိလိုက် လုပ်ကြည့်ပါ။

နောက်ပြီး ဒီလေ့ကျင့်ခန်းတွေလည်း လုပ်ကြည့်ပါ။

  • ထိုင်နေရင်း ဒါမှမဟုတ် မတ်တပ်ရပ်နေရင်းနဲ့ ပုခုံးကို နားရွက်ထိရောက်အောင် တွန့်ကြည့်ပါ။ ပြီးရင် ခဏတောင့်ပြီးမှ ပြန်လျှော့ပါ။
  • ခေါင်းကို ဘယ်စောင်း၊ ပြီးရင် အလယ်မှာထား မေးစေ့နဲ့ ရင်ဘတ်နဲ့ထိ၊ ညာဘက်ထပ်စောင်း စသဖြင့် ၄ကျော့လောက် လုပ်ကြည့်ပါ။
  • မေးစေ့နဲ့ ရင်ဘတ်နဲ့ ထိနိုင်သလောက် ထိပါ။ ပါးစပ်ဟထားပါ။ ခေါင်းကို စက်ဝိုင်းပုံ ဟိုဘက်လှည့် ဒီဘက်လှည့် လုပ်ပါ။

ဘာကြောင့်ဖြစ်မှန်း မသိရင်တော့ ဒီနည်းလမ်းတွေက အသုံးဝင်ပါလိမ့်မယ်။

တကယ်လို့ ကိုယ်က

  • စိုးရိမ်ပူပန်မှု များနေလို့ ဖြစ်တာဆိုရင်တော့

စိတ်အေးအေးထားပါ။ တစ်ဆို့ဆို့ ဖြစ်နေတာကို စိုးရိမ်လေလေ ပိုပြီး ဆိုးလေလေ ဖြစ်မှာပါ။ ရောဂါရဲ့ သဘောသဘာဝကို နားလည်ထားပြီး စိတ်အေးအေးထားပါ။ စိတ်ဖိစီးမှုပြေပျောက်စေတဲ့ တရားထိုင်တာတို့၊ အသက်ရှူလေ့ကျင့်ခန်းတို့ လုပ်ပေးပါ။ မသက်သာဘူးဆိုရင်တော့ စိတ်ကျန်းမာရေးပညာရှင်နဲ့ ပြသပါ။

  • GERDကြောင့်ဆိုရင်တော့

အက်စစ်ပြယ်ဆေးတို့ (Antacids)၊ အစာအိမ်ဆေးတို့ (Proton pump inhibitors) သောက်ပေးလို့ရပါတယ်။ တစ်ချိန်တည်းမှာပဲ အစာအိမ်အက်ဆစ်ဆန်တက်တာကို ပိုဆိုးစေမယ့် ဆေးလိပ်သောက်တာတို့၊ အရက်သောက်တာတို့၊ အပူအစပ်နဲ့ ဆီကြော်တွေကို ရှောင်ဖို့ လိုပါတယ်။

ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေ

များသောအားဖြင့်တော့ လည်ပင်းမှာ တစ်ဆို့ဆို့ဖြစ် တာက ကြီးမားတဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ အလိုလိုလည်း သက်သာသလို၊ ရောဂါသိရင် ဆေးဝါးတွေနဲ့လည်း သက်သာအောင် လုပ်လို့ ရပါတယ်။ ဒါပေမယ့်

  • လည်ပင်းနာလာတယ်
  • ပါးစပ်ကနေ သွေးပါလာတယ်
  • အလိုလိုနေရင်း ပိန်ပိန်လာတယ်
  • အစာမျိုချရတာ နာလာ၊ ခက်လာတယ်
  • ပိုပိုပြီး ဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/12/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။