backup og meta

အစ္စလာမ်ဘာသာဝင် ဆီးချိုလူနာများ Ramadan ဥပုသ်လတွင် ဥပုသ်စောင့် လိုသော်

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစ္စလာမ်ဘာသာဝင် ဆီးချိုလူနာများ Ramadan ဥပုသ်လတွင် ဥပုသ်စောင့် လိုသော်

    အစ္စလာမ်ဥပုသ်လက တစ်လနီးပါး ကြာမြင့်ပြီး မနက်အာရုဏ်တက်ချိန်မှ နေဝင်မိုးချုပ်သည်အထိ အစာစားတာ၊ ရေသောက်တာ၊ ဆေးသောက်တာ စတာတွေကို ရှောင်ကြဉ်ရပါတယ်။ ဥပုသ်ထွက်တဲ့ ညစာတစ်ကြိမ်၊ ဥပုသ်မဝင်ခင် မနက်စာ တစ်ကြိမ် ၂ကြိမ်ပဲ စားရပါတယ်။ ဒါကြောင့် ဆီးချိုလူနာတွေအနေနဲ့ ဥပုသ်စောင့် ဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒီလိုဆိုပေမယ့် ဥပုသ်လုံးဝမစောင့်ရတာတော့ မဟုတ်ပါဘူး။ ဆီးချိုလူနာများ Ramadan ဥပုသ်လတွင် ဥပုသ်စောင့် လိုသော် အောက်ပါအချက်တွေကို နားလည်လိုက်နာဖို့ လိုပါတယ်။

    သင်က ဥပုသ်စောင့် ဖို့ သင့်တော်တဲ့သူလား။

    ဆီးချိုလူနာတိုင်းက ဥပုသ်စောင့်လို့ မရတာမဟုတ်ပါဘူး။ မိမိရဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး အန္တရာယ်အလွန်များတဲ့ အုပ်စု၊ အန္တရာယ်များတဲ့ အုပ်စု၊ အသင့်အတင့် ဒါမှမဟုတ် အန္တရာယ်နည်းတဲ့ အုပ်စု ဘယ်အုပ်စုထဲမှာ ရှိနေလဲဆိုတာကို သိဖို့ လိုပါတယ်။

    ဒါကြောင့် တတ်နိုင်ရင်တော့ ဥပုသ်မစောင့်ခင် ၆-၈ ပတ်လောက်မှာ ဆရာဝန်နဲ့ ပြသပြီး ရောဂါရာဇဝင်၊ ဆေးစစ်ချက်၊ ဆီးချိုရောဂါ အခြေအနေ စတာတွေကို ဆွေးနွေးပြီး ဥပုသ်စောင့်သင့် မစောင့်သင့် ကြိုတင်တိုင်ပင်သင့်ပါတယ်။ ဒီတော့ ဆီးချိုလူနာများ Ramadan ဥပုသ်လတွင် ဥပုသ်စောင့် လိုသော် ဘာတွေသိထားဖို့လိုမလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

    အုပ်စု (၁) အန္တရာယ်အလွန်များတဲ့ အုပ်စု

    • ပြီးခဲ့တဲ့ ၃လအတွင်းမှာ သွေးချိုအလွန်အမင်း ကျတာ၊ တက်တာ၊ သွေးချိုတက်ပြီး သတိလစ်သွားတာ၊ ခဏခဏ သွေးချိုကျတတ်တဲ့ သူတွေ
    • သွေးချိုကျနေပေမယ့် သွေးချိုကျတဲ့ လက္ခဏာမခံစားရသူတွေ
    • သွေးချိုကောင်းကောင်း မထိန်းနိုင်တဲ့ အမျိုးအစား (၁) ဆီးချို လူနာတွေ
    • နဂိုတည်းက ဆီးချိုရောဂါအခံရှိတဲ့ ကိုယ်ဝန်ဆောင်တွေ
    • ဖျားနာပြီး နာမကျန်းဖြစ်နေတဲ့ ဆီးချိုလူနာ
    • အင်ဆူလင်ထိုးနေရတဲ့ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်လာတဲ့ ဆီးချိုလူနာ
    • ကျောက်ကပ်ဆေးနေရတဲ့ ဆီးချိုလူနာ၊ နာတာရှည်ကျောက်ကပ်ရောဂါ အဆင့် ၄၊ ၅ ရောက်နေတဲ့ ဆီးချိုလူနာ
    • ဆီးချိုရဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ နှလုံးသွေးကြောရောဂါ၊ ခြေလက်သွေးမလျှောက်တဲ့ ရောဂါရှိတဲ့ လူနာတွေ
    • ကျန်းမာရေး မကောင်းတဲ့ သက်ကြီးရွယ်အို ဆီးချိုလူနာတွေ

    အုပ်စု (၂) အန္တရာယ်များတဲ့ အုပ်စု

    • သွေးချိုကောင်းကောင်း မထိန်းနိုင်တဲ့ အမျိုးအစား (၂) ဆီးချို လူနာတွေ
    • သွေးချိုကောင်းကောင်း ထိန်းနိုင်တဲ့ အမျိုးအစား (၁) ဆီးချို လူနာတွေ
    • တစ်နေ့ ၃-၄ကြိမ် အင်လူလင် ထိုးနေရတာ ဒါမှမဟုတ်အင်ဆူလင် အရောထိုးနေရတဲ့ သွေးချိုကောင်းကောင်းထိန်းနိုင်တဲ့ အမျိုးအစား (၂) ဆီးချိုလူနာတွေ
    • အစားအသောက်၊ မက်ဖော်မင် ဆေးနဲ့ ဆီးချိုထိန်းနေရတဲ့ ကိုယ်ဝန်ဆောင် ဆီးချိုလူနာ
    • ဆီးချိုကြောင့် သွေးကြောကြီးတွေ ထိခိုက်ထားတဲ့ လူနာတွေ
    • ဆီးချိုနဲ့ အတူ နှလုံးသွေးကြောရောဂါတွေ ဖြစ်စေနိုင်တဲ့ သွေးတိုး၊ သွေးတွင်းအဆီများတာ၊ အဝလွန်တာ စတဲ့ အချက်တွေ ရှိသူတွေ
    • ဦးနှောက်မှတ်ဉာဏ်ကို ထိခိုက်စေနိုင်တဲ့ ဆီးချိုထိန်းဆေးနဲ့ ကုသနေရသူတွေ
    • နာတာရှည်ကျောက်ကပ်ရောဂါ အဆင့်၃ ရှိသူ
    • လှုပ်လှုပ်ရှားရှား (အလုပ်ကြမ်း) လုပ်ရတဲ့ ဆီးချိုလူနာ

    အုပ်စု (၃) အသင့်အတင့် ဒါမှမဟုတ် အန္တရာယ်နည်းတဲ့ အုပ်စု

    • စားသောက်နေထိုင်မှု ပြောင်းလဲပြီး ဆီးချိုထိန်းနေရတဲ့ အမျိုးအစား (၂) ဆီးချိုလူနာရှင်များ
    • ဆေးဝါးများ၊ အင်ဆူလင် စတာတွေကို အသုံးပြုပြီး ဆီးချိုထိန်းနေရတဲ့ အမျိုးအစား (၂) ဆီးချိုလူနာရှင်များ

    အုပ်စု (၁) လူနာတွေကတော့ ဥပုသ်စောင့်ဖို့ လုံးဝမသင့်တော်တဲ့ အခြေအနေပါ။ အုပ်စု (၂)ကတော့ တတ်နိုင်ရင် ဥပုသ်စောင့်တာကို ဆင်ခြင်သင့်ပါတယ်။ အုပ်စု (၃) လူနာတွေကတော့ ဥပုသ်စောင့်လို့ရပါတယ်။ အုပ်စု (၁)နဲ့ အုပ်စု (၂)က ဥပုသ်စောင့်ဖို့ မသင့်တော်ဘူးဆိုပေမယ့် လူနာက ဆန္ဒရှိတယ်ဆိုရင်တော့ တင်းကျပ်တဲ့ စည်းကမ်းချက်တွေ၊ သွေးချိုဖောက်တာတွေ၊ ဆရာဝန်နဲ့ အနီးကပ်ကုသမှု ခံယူတာတွေ လုပ်ပြီး စောင့်နိုင်ပါတယ်။

    ဥပုသ်စောင့် တဲ့ ဆီးချိုလူနာတွေ ကြုံရနိုင်တဲ့ ကျန်းမာရေး အန္တရာယ်များ 

    ဥပုသ်စောင့်တဲ့ ဆီးချိုလူနာတိုင်းက အောက်ပါအခြေအနေတွေ ကြုံရနိုင်ခြေ ရှိပါတယ်။ အုပ်စု (၁)နဲ့ (၂)ဆိုရင်တော့ ပိုပြီး ကြုံရနိုင်ခြေ ရှိပါတယ်။

    • သွေးချို အလွန်အမင်း တက်တာ၊ ကျတာ
    • ဆီးချိုဆိပ်တက်တာ (အထူးသဖြင့် အမျိုးအစား ၁ ဆီးချိုလူနာတွေ)
    • ရေဓာတ်ခမ်းခြောက်တာ
    • သွေးကြောပိတ်တာ

    ဥပုသ်စောင့်တဲ့ လူနာတွေ လိုက်နာရမယ့် အခြေခံအချက်များ

    • ဥပုသ်စောင့်တဲ့ ရက်တွေမှာ တစ်နေ့ကို ၃ကြိမ်ထက် မနည်း သွေးချိုဖောက်ရန်
    • အင်ဆူလင်နဲ့ ဆီးချိုဆေးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး အတိုးအလျော့ လုပ်ရန်
    • ရေများများသောက်ရန် (ဥပုသ်ထွက်ချိန်မှာ ရေများများသောက်ပြီး အစာကြေစေရန် အစာကို အနည်းငယ်နောက်ကျမှ စားပါ။)
    • ပုံမှန်လှုပ်ရှားမှု လုပ်ပါ။ ဒါပေမယ့် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ပါ။
    • အိပ်ရေးဝဝ အိပ်ပါ။
    • သွေးချိုအလွန်အမင်း တက်တာ၊ ကျတာ ဖြစ်လာရင် ဥပုသ်စောင့်တာကို ချက်ချင်းရပ်ပါ။

    -သွေးချိုကျတယ်ဆိုတာက သွေးချို 70 mg/dl အောက် (တကယ်လို့ 70-90 ကြားဆိုရင် ၁နာရီကြာတဲ့အခါ ပြန်စစ်ပါ။)

    -သွေးချိုတက်တယ်ဆိုတာက သွေးချို 300 mg/dl အထက်

    -သွေးချိုကျတဲ့ လက္ခဏာတွေ ခံစားရတာ ဒါမှမဟုတ် ရုတ်တရက် နာမကျန်းဖြစ်တာ

    အစ္စလာမ်ဘာသာဝင် ဆီးချိုလူနာများ Ramadan ဥပုသ်လတွင် ဥပုသ်စောင့် လိုသော်

    ဥပုသ်စောင့် ချိန်မှာ ဘာတွေ စားသုံးသင့်သလဲ။

    • တစ်နေ့တာ စားရမယ့် ကယ်လိုရီရဲ့ ၃၀-၄၀%ကို ဥပုသ်ထွက်ချိန်၊ ၄၀-၅၀%ကို ဥပုသ်မဝင်မီအချိန်နဲ့ ၁၀-၂၀%ကို ကြားချိန်သွားရေစာအနေနဲ့ စားသင့်ပါတယ်။
    • အစာအုပ်စု မျှတအောင်စားပါ။ စုစုပေါင်း စားသမျှရဲ့ ၄၀-၅၀%ကို ကစီဓာတ်(ထမင်း၊ ဂျုံ)၊ ၂၀-၃၀%ကို အသားဓာတ်၊ <၃၅% ပို အဆီဓာတ် (ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ) ပါဝင်အောင် စားပါ။
    • အစာခံပြီး အာဟာရပြည့်ဝတဲ့ ထမင်း၊ ပဲ၊ ပေါင်မုန့်ကြမ်း စတာတွေကို ဥပုသ်မဝင်မီနဲ့ ဥပုသ်ထွက်ချိန်မှာ စားသောက်ပါ။
    • အသီးအနှံ၊ အရွက် စတာတွေကို လုံလောက်အောင် စားပေးပါ။
    • အဆီများတဲ့ ထောပတ်၊ ဆီကြော်မုန့် စတာတွေကို လျှော့စားပါ။ ဟင်းချက်တဲ့အခါ ဆီလျှော့သုံးပါ။
    • ချိုလွန်းတဲ့ အစားအစာတွေ၊ ကော်ဖီ၊ အချိုရည်တွေ ရှောင်ပါ။
    • ရေများများသောက်ပါ။

    ဥပုသ်စောင့် ဆီးချိုလူနာများအတွက် ဆေးဝါးများ ထိန်းညှိခြင်း

    အောက်ပါအချက်များသည် ယေဘုယျအချက်များသာ ဖြစ်ပြီး လူနာတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်တာကြောင့် အသေးစိတ်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

    သောက်ဆေးများ

    -တစ်နေ့တစ်ကြိမ် သောက်ရင် ဥပုသ်ဖြေတဲ့ အချိန်မှာ သောက်ပါ။

    -တစ်နေ့နှစ်ကြိမ် သောက်ရင် ဥပုသ်ဖြေတဲ့အချိန်နဲ့ မဝင်ခင်အချိန်မှာ သောက်ပါ။

    -တစ်နေ့သုံးကြိမ်သောက်ရင် တစ်နေ့စာရဲ့ ၃ပုံ ၂ပုံကို ဥပုသ်ဖြေတဲ့ အချိန်၊ ကျန်တဲ့ ၃ပုံ ၁ပုံကို မဝင်ခင်အချိန်မှာ သောက်ပါ။

    • Sulphonylurea (Gliclazide အုပ်စု)

    -တစ်နေ့တစ်ကြိမ်ဆိုရင် ဥပုသ်ဖြေမှ သောက်ပါ။

    -တစ်နေ့၂ကြိမ်ဆိုရင် ဥပုသ်ဖြေတဲ့အချိန်မှာ ပုံမှန်အတိုင်းသောက်ပါ။ မဝင်ခင်မှာတော့ သောက်နေကျတဲ့ တစ်ဝက်ပဲ သောက်ပါ။

    • – glenide အုပ်စု

    စားတဲ့ ပမာဏကို မူတည်ပြီး ဆရာဝန်ရဲ့ အကြံပြုချက်နဲ့ နေ့စဉ်ဆေးပမာဏကို လျှော့နိုင်ပါတယ်။ ဒါမှမဟုတ် နှစ်ခါခွဲပြီး ဖြေတဲ့အချိန်နဲ့ ဝင်တဲ့အချိန်မှာ သောက်နိုင်ပါတယ်။

    • TZD (Pioglitazones), DPP-4 inhibitors (-gliptins အုပ်စု), Acarbose, SGLT-2 inhibitors (-flozozins အုပ်စု), GLP 1 receptor antagonists (Liraglutides)

    ဒီဆေးတွေက ပုံမှန်အတိုင်းပဲ ဆက်သောက်နိုင်ပါတယ်။ SGLT-2 inhibitors သောက်တဲ့အခါ ရေများများနဲ့ သောက်ပေးပါ။ ဥပုသ်ဖြေတဲ့ အချိန်သောက်ပါ။ GLP 1 receptor antagonists က ဥပုသ်မဝင်မီ ၁လခွဲလောက်က ဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ကြိုညှိထားပါ။ ညှိထားတဲ့ဆေးအတိုင်း ဥပုသ်စောင့်ချိန်တောက်လျှောက် သောက်နိုင်ပါတယ်။

    အင်ဆူလင်

    • အချိန်ကြာကြာခံတဲ့ အင်ဆူလင် (ဥပမာ glargine)

    -တစ်နေ့တစ်ကြိမ် ထိုးရင် ဆေးပမာဏကို ၁၅-၃၀% လျှော့ပါ။ ဥပုသ်ဖြေချိန်မှာ ထိုးပါ။

    -တစ်နေ့နှစ်ကြိမ် ထိုးရင် ထိုးနေကျ မနက်ဆေးကို ဥပုသ်ဖြေချိန်မှာ ထိုးပါ။ ပမာဏလျှော့ရန် မလိုပါ။ ညထိုးတဲ့ ဆေးကို ဥပုသ်မဝင်ခင်ထိုးပါ။ ဆေးပမာဏ တစ်ဝက်လျှော့ပါ။

    • အချိန်တိုတိုပဲ ခံတဲ့ အင်ဆူလင် (ဥပမာ Actrapid, Aspart)

    ထိုးနေကျ ပမာဏအတိုင်း ဥပုသ်ဖြေချိန်မှာ ထိုးပါ။ ဥပုသ်မဝင်ခင် ထိုးနေကျ ပမာဏကို တစ်ဝက်ပဲ ထိုးပါ။

    • အင်ဆူလင် အရော (ဥပမာ Premixed, အင်ဆူလင် အနောက်)

    -တစ်နေ့တစ်ကြိမ်ထိုးရင် ဥပုသ်ဖြေချိန်မှာထိုးပါ။ ဆေးပမာဏ လျှော့စရာ မလိုပါ။

    -တစ်နေ့နှစ်ကြိမ် ထိုးရင် ထိုးနေကျ မနက်ဆေးကို ဥပုသ်ဖြေချိန်မှာ ထိုးပါ။ ပမာဏလျှော့ရန် မလိုပါ။ ညနေထိုးတဲ့ ဆေးကို ဥပုသ်မဝင်ခင်ထိုးပါ။ ဆေးပမာဏ တစ်ဝက်လျှော့ပါ။

    -တစ်နေ့သုံးကြိမ်ထိုးရင် နေ့လယ်ထိုးဆေးကို ရပ်ပါ။ ဥပုသ်ဖြေချိန်နဲ့ မဝင်ခင် ထိုးတဲ့ ဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ချိန်ပါ။ ၃ရက်တစ်ခါ ပြန်ချိန်ဖို့ လိုပါတယ်။

    အစ္စလာာမ်ဘာသာဝင် ဆီးချိုလူနာများ ဥပုသ်စောင့်မယ်ဆိုရင်

    ဆီးချိုရှိတဲ့အတွက် ဥပုသ်စောင့် ရတာ သူများတွေထက် အန္တရာယ်များပါတယ်။ ဒါပေမယ့် စားသောက်နေထိုင်ပုံကို ပြောင်းလဲပြီး ဆီးချိုဆေးတွေကို သေချာလေး သောက်မယ်။ ဆီးချိုပုံမှန်ဖောက်မယ်။ ဆရာဝန်နဲ့ ပုံမှန်ပြသမယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ ဥပုသ်စောင့်နိုင်မှာပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement