home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အမျိုးအစား ၂ ဆီးချိုသမားတွေ အသက်ရှည်ရှည်နေနိုင်ဖို့

အမျိုးအစား ၂ ဆီးချိုသမားတွေ အသက်ရှည်ရှည်နေနိုင်ဖို့

ဆီးချိုရောဂါဟာ နောက်ဆက်တွဲပြဿနာများတဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ အမျိုးအစား ၂ ဆီးချိုဖြစ်ပွားနေပြီဆိုရင် အသက်အန္တရာယ်ရှိနိုငတဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ စတာတွေဖြစ်ပွားနိုင်ခြေ မြင့်မားနေတတ်ပါတယ်။ ဒါပေမယ့် သေချာပေါက်ဖြစ်ပွားပြီး မိမိဘက်မှာ ဘာမှမလုပ်နိုင်ဘဲနေမယ်လို့ ဆိုလိုရာမရောက်ပါဘူး။

ဖြစ်နိုင်ခြေအခြေအနေတွေကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ ဒီနည်းလမ်းတွေဟာ ရိုးရှင်းပေမယ့် အမှန်တကယ် ကျင့်သုံးသွားမယ်ဆိုရင် သက်ရှည်ကျန်းမာပြီး သက်တမ်းစေ့ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ နည်းလမ်းတွေကို ဆက်လက်ဖော်ပြသွားပါမယ်။

၁။ စားသောက်ပုံကို ပြောင်းလဲပါ

ဆီးချိုရောဂါရှင်တွေကို အဓိက ဒုက္ခပေးတာ အစားအသောက်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ပုံဟာ နှလုံးကျန်းမာရေးကို ထိခိုက်စေတဲ့ သွေးပေါင်ချိန်တက်ခြင်း၊ ကိုလက်စထရောတက်ခြင်း၊ သွေးတွင်းသကြားဓာတ် မထိန်းနိုင်ခြင်း စတာတွေ ဖြစ်လာစေပါတယ်။

မိမိတနေ့စာ အစားအစာကို အစီအစဉ်ဆွဲပါ။ အသီးအနှံ၊ အရွက်၊ အဆီဓာတ်၊ ကစီဓာတ်၊ ပရိုတိန်း စတာတွေ အတတ်နိုင်ဆုံး မျှတနေအောင် စီစဉ်ပါ။ မလိုတဲ့ ဆိုဒီယမ်၊ အဆီ၊ သကြား စတာတွေကို တနေ့တာ အစားအသောက်ကနေ ဖယ်ထုတ်ပါ။ အချိုဓာတ်ကဲတဲ့ အစားအစာတွေ၊ အချီုရည်တွေ ရှောင်ကြဉ်ပါ။

၂။ လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ရိုးရှင်းတဲ့နည်းလမ်းတခုဖြစ်ပေမယ့် သက်ရှည်ကျန်းမာပြီး ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အတော်အသင့်အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းမျိုးတွေကို အနည်းဆုံး တပတ်မှာ နှစ်နာရီခွဲခန့်လုပ်သင့်ပါတယ်။ လမ်းသွက်သွက်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။

အားပိုမိုစိုက်ထုတ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေဆိုရင်တော့ တပတ်မှာ အနည်းဆုံး တနာရီနဲ့ ဆယ့်ငါးမိနစ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ တောင်တက်ခြင်း စတာတွေ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အင်အားအပြည့်စိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်း တမိနစ်စာဟာ အတော်အတန်သာ အင်အားသုံးရတဲ့ လေ့ကျင့်ခန်း နှစ်မိနစ်စာလောက်နဲ့ တူညီပါတယ်။

၃။ အမြဲ စောင့်ကြည့်ပါ

အမျိုးအစား ၂ ဆီးချိုဟာ သွေးတွင်းသကြားဓာတ် မထိန်းချုပ်နိုင်ခြင်း၊ သွေးတိုးခြင်း၊ ကိုလက်စထရောများခြင်း စတာတွေနဲ့ ဆက်နွယ်နေပါတယ်။ ဒါကြောင့် ဒီပမာဏတွေကို သူ့အချိန်နဲ့သူ သေချာစွာ စောင့်ကြည့်သင့်ပါတယ်။

သွေးပေါင်ချိန်ခြင်း၊ ဆီးချီုတိုင်းခြင်း စတာတွေဟာ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အရာတွေဖြစ်ပါတယ်။ ဆီးချီုတိုင်းစက်၊ သွေးပေါသ်ချိန်စက်တွေဟာ ဆီးချိုရောဂါရှိသူတယောက်အတွက် အိမ်မှာဆောင်ထားသင့်တဲ့ ပစ္စည်းကိရိယာတွေ ဖြစ်ပါတယ်။ နေ့စဥ် တိုင်းတာထားတဲ့ သွေးပေါင်ချိန်နဲ့ ဆီးချိုပမာဏကို မှတ်တမ်းတင်ထားပြီး ဆရာဝန်နဲ့ ပုံမှန်တိုင်ပင်ပြသသင့်ပါတယ်။ ကိုလက်စထရောကိုလည်း ဆရာဝန်ညွှန်ကြားသလို စစ်ဆေးသင့်ပါတယ်။

၄။ စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။

စိတ်ဖိစီးခြင်းဟာ သွေးတိုးစေတာမို့ ဆီးချိုသမားတွေကို နှလုံးရောဂါဖြစ်လာစေဖို့ အခွင့်အလမ်းများစေပါတယ်။ မိမိမှာ စိတ်ဖိစီးစရာကိစ္စတွေ ပုံမှန်ရှိနေမယ်ဆိုရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ လေ့လာသင့်ပါတယ်။

စိတ်ဖိစီးမှုကို ဖြေလျှော့ဖို့အတွက် ရိုးရှင်းတဲ့ နည်းလမ်းတွေ ရှိပါတယ်။ အသက်၀၀ရှူခြင်း၊ တရားထိုင်ခြင်း၊ ကြွက်သားများ အကြောလျှော့ခြင်း စတဲ့နည်းလမ်းတွေကို လုပ်ဆောင်နိုင်ပါတယ်။ တနေ့ကို အနည်းဆုံး ဆယ်မိနစ်ခန့် ပြုလုပ်သင့်ပါတယ်။

၅။ ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ လူတိုင်းသိပြီးသား ဖြစ်ပါတယ်။ အမျိုးအစား ၂ ဆီးချိုသမားတွေအဖို့တော့ ပိုမိုပြင်းထန်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်၊ နှလုံးနဲ့ သွေးကြောတွေကို ထိခိုက်စေပြီး ကျောက်ကပ်ရောဂါ၊ အမြင်အာရုံထိခိုက်ခြင်း၊ အာရုံကြောပျက်စီးခြင်း စတာတွေ ဖြစ်လာစေပါတယ်။

ကောင်းတာကတော့ ဘယ်လောက်ကြာကြာသောက်ခဲ့သည်ဖြစ်စေ ရအောင်ဖြတ်နိုင်ဖို့ပါပဲ။ မိမိရော ဘေးပတ်ဝန်းကျင်က လူများအတွက်ပါ အကျိုးမရှိတဲ့ ဆေးလိပ်ကို ဖြတ်သင့်ပါတယ်။

၆။ ဆရာဝန်ပုံမှန်ပြပါ

နေထိုင်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဆရာဝန်နဲ့ ပုံမှန်ပြသနေဖို့ လိုပါတယ်။ ရောဂါအခြေအနေပေါ် မူတည်ပြီး တပတ်တခါ၊ တလတခါ စသဖြင့် ဆရာဝန်ချိန်းဆိုတဲ့အတိုင်း မှန်မှန်ပြသသင့်ပါတယ်။ မိမိရဲ့သွေးပေါင်ချိန်နဲ့ဆီးချိုတိုင်းမှတ်တမ်းအပြင် လေကျင့်ခန်းပြုလုပ်ပုံ၊ စားသောက်ပုံ စတာတွေကို ပြောပြပြီး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

………………………….

ဖော်ပြပါနည်းလမ်းတွေဟာ ရိုးရှင်းလွယ်ကူလှပေမယ့် လိုက်နာပြီး မှန်မှန်ကျင့်သုံးသွားဖို့ လိုပါတယ်။ အဆိုပါနည်းလမ်းတွေကို ပုံမှန်ကျင့်သုံးခြင်းအားဖြင့် ဆီးချိုဝေဒနာရှင်တွေအနေနဲ့ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thant Zin မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။