၂၀၂၀ ဇန်နဝါရီ ၂၈ရက်ထိ သတင်းတွေအရဆိုရင် COVID-19 အဆုတ်ရောင်ရောဂါ ဟာ တရုတ်အပါအဝင် နိုင်ငံပေါင်း၁၇နိုင်ငံကိုပျံ့နှံ့သွားပြီး ကူးစက်ခံရသူ ၄၃၁၄ယောက်၊ သေဆုံးသူ၁၀၆ယောက်အထိ မြင့်တက်သွားပါပြီ။ သေဆုံးသူတွေရဲ့ အသက်ကို ကြည့်မယ်ဆိုရင် ၄၈-၈၉နှစ်ကြားပါ။ အငယ်ဆုံးကတော့ ၃၆နှစ်လို့ဆိုပါတယ်။ အသေအပျောက်အများဆုံးကတော့ ၇၅နှစ် ပတ်ချာလည်တွေပါ။ ဆိုလိုတာက သက်ကြီးပိုင်းတွေမှာ သေဆုံးတာပိုများနေပါတယ်။ ဒါဆိုရင် အိမ်မှာရှိတဲ့ လူကြီးတွေအတွက်ရော စိုးရိမ်ရမလား။ ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲဆိုတာ ပြောပြပေးပါမယ်။
ဘာလို့သက်ကြီးပိုင်းတွေမှာ COVID-19 အဆုတ်ရောင်ရောဂါ ပိုဖြစ်တာလဲ။
- ခုခံအား
အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က တဖြည်းဖြည်းကျလာပါတယ်။ ဒါဟာ ပုံမှန်ပါပဲ။ ဒါကြောင့် ငယ်ငယ်တုန်းကလို ခံနိုင်ရည်မရှိတော့ပါဘူး။ တစ်ခုခုဆို ဖျားလွယ် နာလွယ်ပါတယ်။ ဖျားနာပြီးရင်လည်း နာလည်ထဖို့ အချိန်ယူရပါတယ်။
- ရောဂါအခံ
ကိုရိုနာ အဆုတ်ရောင်ရောဂါမှာ သေဆုံးခဲ့တဲ့သူတွေကို ကြည့်မယ်ဆိုရင် ရောဂါအခံတစ်ခုခုရှိတဲ့သူတွေပိုများပါတယ်တဲ့။ ရောဂါအခံရှိတယ်ဆိုတာ ဆီးချို၊ နှလုံး၊သွေးတိုး၊ အဆုတ်ရောဂါ၊ အသည်းရောဂါ စသဖြင့် ရောဂါတစ်ခုခုရှိနေတာကို ပြောချင်တာပါ။ ဒီလိုရောဂါတစ်ခုခုရှိနေမယ်ဆိုရင် ခုခံအားပိုကျနိုင်ပြီး ရောဂါဝင်လွယ်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးကို ပိုခံစားရပါတယ်။ ကုသပြီးရင်တောင် နာလန်ပြန်ထဖို့ ကြာပါမယ်။
- ဆေးဝါးများ
နောက်တစ်ခုက ဆေးဝါးပါ။ ဥပမာ ကျောက်ကပ်အစားထိုးတဲ့လူနာတွေဆို ခုခံအားထိန်းညှိတဲ့ ဆေးဝါးတွေသောက်နေရတဲ့အတွက် ခုခံအားကျပြီး ရောဂါဝင်လွယ်ပါတယ်။
COVID-19 အဆုတ်ရောင်ရောဂါ ရဲ့လက္ခဏာများ
ရောဂါလက္ခဏာတွေကတော့ တခြားသူတွေလိုပါပဲ။
- ဖျားမယ်။
- ချောင်းဆိုးမယ်။
- မောမယ်။ အသက်ရှူရခက်မယ်။
ဒီထက်ပိုဆိုးလာရင်တော့
- အဆုတ်ရောင်မယ်။
- ကျောက်ကပ်ပျက်စီးမယ်။
- အသက်သေဆုံးတာတွေအထိဖြစ်တတ်ပါတယ်။
ရောဂါလက္ခဏာတွေက ပိုးဝင်ပြီး ၂ရက်ကနေ ၁၄ရက်အတွင်း ပြတတ်ပါတယ်။
ကူးစက်နည်းများ
အဆုတ်ရောင်ရောဂါ ကူးစက်ပုံကို အတိအကျမပြောနိုင်သေးပေမယ့် တခြားကိုရိုနာဗိုင်းရပ်စ်တွေလိုပဲ ချောင်းဆိုးနှာချေရာကနေ ဗိုင်းရပ်စ်တွေ အသက်ရှူလမ်းကြောင်းကိုဝင်တာ၊ ပစ္စည်းတွေမှာ ကပ်နေတဲ့ ရောဂါပိုးတွေကို လက်နဲ့ ကိုင်တွယ်ထိတွေ့ရာက ကူးစက်နိုင်ပါတယ်။
ကုသနည်းများ
ခုထက်ထိ COVID-19 အဆုတ်ရောင်ရောဂါအတွက် တိကျတဲ့ ရောဂါကုထုံးလည်း မရှိသေးပါဘူး။ လူနာအခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ကုသမှုပဲ ပေးနိုင်ပါသေးတယ်။
ကာကွယ်နည်းများ
COVID-19 အဆုတ်ရောင်ရောဂါအတွက် ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ အကောင်းဆုံးကာကွယ်နည်းကတော့ ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့မှုနည်းအောင် နေတာပါပဲ။ Centers for Disease Control and Prevention (CDC)က အကြံပြုထားတာကတော့
- ရေနဲ့ဆပ်ပြာသုံးပြီး စက္ကန့်၂၀လောက်ကြာအောင်လက်ဆေးပါ။ ရေနဲ့ဆပ်ပြာမလွယ်ရင် အရက်ပြန်ပါတဲ့ရေမလို လက်သန့်ဆေးရည်ကို သုံးပါ။
- လက်မဆေးရသေးဘဲ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကို မကိုင်ပါနဲ့။
- နေမကောင်းတဲ့သူနဲ့ အနီးကပ်မနေပါနဲ့။
- ကိုယ်နေမကောင်းဖြစ်ရင်လည်း အိမ်မှာပဲနေပါ။ မလိုအပ်ဘဲ ခရီးမသွားပါနဲ့။
- လူထူတဲ့နေရာကို မသွားပါနဲ့။ လူကြားထဲရောက်ရင် နှာခေါင်းစည်းတပ်ပါ။
- ချောင်းဆိုးနှာချေတဲ့အခါ တစ်ရှူးနဲ့ လုံအောင်အုပ်ပါ။ ပြီးရင်လွှင့်ပစ်ပါ။
- မကြာခဏထိတွေ့တဲ့ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ပါ။ (ဥပမာ ဖုန်း)
COVID-19 အဆုတ်ရောင်ရောဂါက အသက်ကြီးတဲ့သူတွေမှာ အသေအပျောက်များတဲ့အတွက် အိမ်ကလူကြီးတွေကို ဂရုစိုက်ပေးပါ။ ရောဂါဝင်လွယ်ပြီး ဖြစ်ရင်လည်း တော်တော်ခံရတဲ့အတွက် သေချာဂရုစိုက်ပေးရပါမယ်။
လောလောဆယ်မှာ ကာကွယ်ဆေးရော၊ ကုသနည်းပါမရှိတဲ့အတွက် ကာကွယ်ခြင်းကသာ အကောင်းဆုံးပါ။ ဒါ့ပြင် အိပ်ရေးဝဝအိပ်တာ၊ အာဟာရပြည့်အောင်စားတာ၊ ရေလုံလုံလောက်လောက်သောက်တာ၊ လေဝင်လေထွက်ကောင်းအောင်နေတာ၊ လေ့ကျင့်ခန်းလုပ်တာ စတဲ့နည်းလမ်းတွေနဲ့ ကိုယ်ခံအားတက်အောင်လုပ်ပြီး ရောဂါကာကွယ်နိုင်ပါတယ်။
117,946
97,819
2,484
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။