backup og meta

အသည်းကင်ဆာ ဖြစ်မလာချင်ဘူး ဆိုရင်

အသည်းကင်ဆာ ဖြစ်မလာချင်ဘူး ဆိုရင်

ဘယ်သူတော့ အသည်းကင်ဆာ ဖြစ်နေပြီတဲ့၊ ဘယ်သူတော့ အသည်းခြောက်နေပြီတဲ့ ကိုယ့်အနီးပတ်ဝန်းကျင်မှာ မကြာခဏ ကြားနေရမှာပါ။ အဲဒီလို ရောဂါတွေ့တဲ့ အချိန်မှာ ကင်ဆာအဆင့်က အတော်မြင့်နေတာမျိုး အဖြစ်များပါတယ်။

အသည်းရောဂါ တွေဆိုတာလည်း အစပိုင်းမှာ သတိမထားမိလောက်တဲ့ လက္ခဏာတွေ ပြတတ်တာမို့ သတိမထားမိဘဲ ရောဂါရင့်မှ သိကြရပါတယ်။ ဒါ့ကြောင့် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်နော်။ အသည်းကင်ဆာ ဖြစ်မလာချင်ဘူး ဆိုရင်ပေါ့။

အသည်းကင်ဆာ ကာကွယ်ကြမယ်

အသည်းကင်ဆာဟာ အဖြစ်များဆုံး ကင်ဆာတွေထဲ ရှေ့ဆုံးက ပါဝင်နေတာမို့ သတိထားကာကွယ်သင့်ပါတယ်။ ဒီလိုကာကွယ်ဖို့ အတွက် အသည်းကျန်းမာရေးကို သတိတရ ဂရုစိုက်စေချင်ပါတယ်။ အသည်းကျန်းမာဖို့အတွက် နေ့စဉ်ဘဝမှာ သိထားသင့်တဲ့ အရေးကြီးအချက်လေးတွေက –

ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ

အဝလွန်နေရင် ဒါမှမဟုတ် ကိုယ်အလေးချိန်က များနေရင် အသည်းအဆီဖုံးလာနိုင်တယ်။ အဲဒီကနေ အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါအဆင့်ကို ရောက်လာနိုင်ပါတယ်။

အာဟာရ မျှတစွာ စားသုံးပါ

ကယ်လိုရီများတဲ့အစားအစာတွေ၊ပြည့်ဝဆီ၊ ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ (ဥပမာ – ဂျုံနုပေါင်မုန့်၊ ဆန်လုံးဖြူ) နဲ့ အချိုတွေကို အများကြီးမစားပါနဲ့။ အခွံမာငါးတွေ၊ ပင်လယ်စာတွေကို အစိမ်း သို့မဟုတ် မကျက်တကျက်တွေမစားပါနဲ့။

အမျှင်ဓာတ် များတာ၊ အာဟာရဓာတ် ပြည့်တာတွေ စားပါ။ လတ်ဆတ်တဲ့အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ ပိုစားပါ။ အနီရောင်ရှိတဲ့ အသားလည်း စားလို့ ရပေမယ့် အကန့်အသတ်နဲ့ စားပါ၊ နို့ထွက်ပစ္စည်း (အဆီထုတ်နို့) ၊ အဆီဓာတ်လည်း လိုအပ်ပါတယ် (ဟင်းရွက်ဆီ၊ နေကြာဆီ စတဲ့ အကျိုးပြုအဆီတွေကို သုံးပါ) ။

ပြုပြင်စီမံထားတဲ့ အစားအစာတွေ မစားပါနဲ့

သူတို့မှာ လတ်ဆတ်မှုကို တာရှည်ခံအောင် ထိန်းနိုင်ဖို့ ဓာတုပစ္စည်းတွေ ပါဝင်တတ်လို့ အသည်းကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် အသည်းကို ကျန်းမာစေချင်ရင် တာရှည်ခံဆေးတွေ ပါတဲ့ အသင့်စားတွေ၊ ပြုပြင်စီမံထားတာတွေ၊ စည်သွပ်အစားအစာတွေကို တတ်နိုင်သလောက် လျှော့စားတာ၊ ရှောင်တာ အကောင်းဆုံး ပါပဲ။

ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ

ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ရှိတယ် ဆိုရင် အဆီပိုတွေကို လောင်ကျွမ်းစေပြီး အသည်းအဆီဖုံးခြင်း ဖြစ်နိုင်ခြေ ကို လျှော့နည်းစေပါတယ်။ လေ့ကျင့်ခန်း လုပ်ပေးတာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ရုံမက အသည်းအတွက်လည်း ကောင်းပါတယ်။ တစ်ပတ်ကို လှုပ်ရှားမှု မိနစ် ၁၅၀ ပဲ လုပ်ဦးတော့၊ အသည်းအင်ဇိုင်း လုပ်ဆောင်ချက်ကို ပိုကောင်းစေပြီး အသည်းကျန်းမာရေး အတွက် လုံလောက်ပါတယ်လို့ လေ့လာမှုတွေက ဖော်ပြပါတယ်။

တခြားအဆိပ်အတောက်တွေကို ရှောင်ပါ

ပိုးသတ်ဆေးတွေ၊ လေထုညစ်ညမ်းတဲ့ အခိုးအငွေ့တွေလိုမျိုး အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေက အသည်းဆဲလ်တွေကို သေစေပါတယ်။ သန့်ရှင်းရေးသုံးပစ္စည်းတွေ နဲ့ ဖျန်းဆေးတွေ၊ ဓာတုပစ္စည်းတွေဆီက အဆိပ်အတောက်တွေနဲ့ တိုက်ရိုက် မထိတွေ့မိအောင် ကြိုးစားရှောင်ပါ။ ဥပမာ အခန်းထဲမှာ ခြင်ဆေးဖျန်းလိုက်ရင် လူက ရှောင်နေပါ၊ ဒါမှမဟုတ် နှာခေါင်းစည်း တပ်ပါ။ မရှူမိအောင် ရှောင်ပါ။

အရက်သောက်တာ ဆင်ခြင်ပါ

အရက်ကြောင့် ကျန်းမာရေးပြဿနာတွေအများကြီး ဖြစ်စေနိုင်တဲ့ အပြင် အသည်းဆဲလ်တွေကို ဖျက်ဆီးနိုင်ပြီး အသည်းရွတ် ဖြစ်စေပါတယ်။ အရက်သောက်လိုက်တဲ့ အချိန်မှာ အဆိပ်အတောက် ဓာတ်ပစ္စည်းတွေ အများကြီး ထွက်ရှိလာပြီး အသည်းကို ထိခိုက်စေတာ ဖြစ်ပါတယ်။ အရက်ကြောင့် ဖြစ်တဲ့ အသည်းရောဂါဟာ အတော်ကို အဖြစ်များတဲ့ အမျိုးအစားလည်း ဖြစ်ပါတယ်။

အသည်းရောင်ရောဂါ ကာကွယ်ပါ

အသည်းရောင်ရောဂါဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာ ဖြစ်ပြီး အဓိက အဖြစ်များတဲ့ အမျိုးအစား သုံးခုကတော့ အသည်းရောင် A ၊B နဲ့ Cရောဂါတွေ ဖြစ်ပါတယ်။ သုံးမျိုးလုံးက ကူးစက်ပြန့်ပွားလွယ်ပေမယ့် C ဗိုင်းရပ်စ်ကတော့ သွေး သို့မဟုတ် ခန္ဓာကိုယ်က ထွက်တဲ့အရည် ကတဆင့်ပဲ ကူးစက်နိုင်တာဖြစ်ပါတယ်။ A နဲ့ B အတွက်ကတော့ ကာကွယ်ဆေးတွေ ရှိနေပြီ ဖြစ်ပါတယ်။

သတိထားနိုင်တာက –

  • တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။ လက်ဆေးတဲ့ အကျင့်လုပ်ပါ။
  • အသည်းရောင် B ပိုးက သွေးကနေတဆင့် ကူးနိုင်သလို အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကလည်း ကူးစက်နိုင်ပါတယ်။
  • တခြားသူရဲ့သွေးနဲ့ မထိမိစေဖို့ ဂရုစိုက်ပါ (ဥပမာ -အပ် သို့မဟုတ် ဘလိတ်ဓား စတာတွေဆို တစ်ခါသုံးပဲ သုံးတာမျိုး)။

ကာကွယ်ဆေးထိုးပါ

အသည်းရောင် A ပိုးနဲ့ B ပိုး ကာကွယ်ဆေးထိုးထားပါ။ အသည်းရောင် C ဗိုင်းရပ်စ်အတွက်တော့ ကာကွယ်ဆေးမရှိသေးပါဘူး။

တစ်ကိုယ်ရေသုံးပစ္စည်းတွေကို တခြားသူတွေနဲ့မျှမသုံးပါနဲ့ – မုတ်ဆိတ်ရိတ်ဓား၊ သွားပွတ်တံ၊ လက်သည်းညှပ် စတာတွေမှာ မမြင်နိုင်တဲ့ရောဂါပိုးတွေ၊ သွေးအပါအဝင် ခန္ဓာကိုယ်အရည်တွေ ထိပေထားနိုင်ပါတယ်။ ရောဂါပိုးရှိသူ နဲ့ အသုံးအဆောင်ပစ္စည်း အတူသုံးမိတဲ့ အခါ ကူးစက်မိရောပေါ့။

ဆေးဝါးတွေကို ကြည့်ကျက်သောက်ပါ

ဆေးကို မျက်စိနဲ့ သေချာကြည့်ပြီး သောက်ဖို့ ပြောတာမဟုတ်ဘူးနော်။ ဘယ်ဆေးဖြစ်ဖြစ် ဆေးညွှန်းအတိုင်း သောက်သုံးသင့်တဲ့ ပမာဏ မဟုတ်ဘဲ လွန်ကဲနေရင်၊ ဆေးတွေ ရောထွေးသောက်မိနေရင် အသည်းကို သွားထိခိုက်မှာပါ။ အရက်သောက်ထားရင်လည်း ဆေးသောက်ချိန် နဲ့ မနီးပါစေနဲ့။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.mayoclinic.org/diseases-conditions/liver-cancer/symptoms-causes/syc-20353659

https://www.healthline.com/health/liver-cancer#types

https://www.cancer.org/cancer/liver-cancer/about/what-is-liver-cancer.html

https://www.wikihow.com/Protect-Your-Liver

ယခုပုံစံ

16/02/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားကြမယ်

အသည်းရောင်ခြင်း အမျိုးမျိုး



Yun Sandi Nan Mon မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement