backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသည်းရောင်ခြင်း အမျိုးမျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 27/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသည်းရောင်ခြင်း အမျိုးမျိုး

အသည်းရောင်ရောဂါလို့ကြားရင် အတော်များများက အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးကူးစက်ခံရတော့မှ ဖြစ်တယ်လို့ပဲ ထင်တတ်ကြပါတယ်။ တကယ်ကအသည်းရောင်ရောဂါဖြစ်စေတဲ့ တခြားအကြောင်းရင်းတွေ ရှိပါသေးတယ်။ ဘီပိုး၊စီပိုးလို ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရပြီးဖြစ်တဲ့ ကူးစက်အသည်းရောင်ရောဂါတွေနဲ့ အရက်၊ ဆေးနဲ့ ရောဂါတွေကြောင့်ဖြစ်တဲ့ မကူးစက်နိုင်တဲ့ အသည်းရောင်ရောဂါတွေဆိုပြီး အဓိကအုပ်စု(၂) မျိုးခွဲနိုင် ပါတယ်။ ဒီဆောင်းပါးမှာ အသည်းရောင်ခြင်း အမျိုးမျိုး အကြောင်းနဲ့ တစ်ခုချင်းစီရဲ့ ကူးစက်ပုံနည်းလမ်းတွေကို ပြောပြပေးသွားပါ့မယ်။

အသည်းရောင်ခြင်း အမျိုးမျိုး

ကူးစက်အသည်းရောင်ရောဂါတွေအကြောင်း အရင်ပြောပြပါ့မယ်။ လူအချင်းချင်းကူးစက်ဖြစ်ပွားနိုင်တဲ့ အသည်းရောင်အသားဝါပိုးတွေကတော့ အမျိုးအစား A,B,C,D,E နဲ့ နောက်ဆုံးတွေ့ရှိထားတဲ့ အသည်းရောင်အသားဝါ G ပိုးအမျိုးအစား ဆိုပြီး ၆ မျိုးရှိပါတယ်။

အသည်းရောင်အသားဝါ A – ရောဂါပိုးရှိသူရဲ့ အညစ်အကြေးနဲ့ အစားအသောက်တွေကနေတစ်ဆင့် ကူးစက်ပါတယ်။ လိင်ဆက်ဆံမိရာကနေလည်း ကူးစက်နိုင်ပါတယ်။ ဒါပေမဲ့ အသည်းရောင်အသားဝါ A ပိုးက သိပ်တော့မပြင်းထန်ပါဘူး၊ ကူးစက်ခံရသူအတော်များများက ရောဂါတောင်သိသိသာသာမခံစားလိုက်ရဘဲ ပြန်ကောင်းသွားတတ်ပါတယ်။ နဂိုခုခံအားသိပ်မကောင်းတဲ့သူတွေမှသာ ရောဂါကပြင်းထန်တတ်တာပါ။ အသည်းရောင်အသားဝါ A ကူးစက်ရောဂါက လူနေမှုစနစ်နိမ့်ကျတဲ့နေရာတွေမှာ အဖြစ်များပြီး ကာကွယ်ဆေးနဲ့ကာကွယ်နိုင်ပါတယ်။ ကလေး အသက် ၁၂လနဲ့ ၂၃လကြားမှာထိုးရပြီး လူကြီးတွေလည်းထိုးလို့ရပါတယ်။

အသည်းရောင်အသားဝါ B – သွေး၊ သုက်ရည်နဲ့ ခန္ဓာကိုယ်ကထွက်တဲ့ တခြားအရည်တွေကနေတစ်ဆင့်လည်း ကူးစက်တတ်ပါတယ်။ များသောအားဖြင့် ရောဂါရှိတဲ့အမေကနေ ကလေးကိုကူးသွားတာ၊ ရောဂါပိုးရှိတဲ့သွေးသွင်းမိတာနဲ့ ဆေးထိုးအပ်မျှဝေသုံးစွဲမိတာတွေကနေ ကူးစက်တာကို တွေ့ရပါတယ်။ မတော်တဆ ဆေးထိုးအပ်စူးမိရုံနဲ့တင် အသည်းရောင်အသားဝါ B ပိုး ကူးစက်ခံရနိုင်တာမို့ မပေါ့ဆဖို့ လိုပါတယ်။ အသည်းရောင်အသားဝါ B ပိုးကိုလည်း ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရပါတယ်။ မွေးကင်းစတစ်ကြိမ်နဲ့ ၆လ ပြည့်မှာတစ်ကြိမ်ထိုးဖို့လိုပါတယ်။ ကာကွယ်ဆေးမထိုးလိုက်ရတဲ့ အရွယ်ရောက်ပြီး လူကြီးတွေလည်း ထိုးလို့ ရပါတယ်။

အသည်းရောင်အသားဝါ C – သွေးကနေအဓိကကူးစက်တတ်ပြီး ကူးစက်နိုင်စွမ်းအရမ်းမြင့်တဲ့ ဒီဗိုင်းရပ်စ်ကြောင့် တစ်နှစ်ကိုပျမ်းမျှ လူ ၂ သန်းလောက် ကူးစက်ခံနေတယ်လို့ဆိုပါတယ်။ အခုချိန်ထိလည်း ကာကွယ်ဆေး မတီထွင်နိုင်သေးပေမဲ့ ပျောက်ကင်းအောင်ကုသလို့တော့ ရနေပြီဖြစ်ပါတယ်။

အသည်းရောင်အသားဝါ D – အသည်းရောင်အသားဝါ B ပိုးကူးစက်ခံထားရသူတွေပဲ ကူးစက်ခံရနိုင်တာဖြစ်ပြီး  Bပိုးရော Dပိုးပါ (၂) မျိုးစလုံးကူးစက်ခံလိုက်ရရင် ပိုမိုဆိုးဆိုးရွားရွား ခံစားရတတ်ပါတယ်။ သတင်းကောင်းကတော့ B ပိုးကာကွယ်ဆေးနဲ့တင် ပိုး (၂) မျိုးလုံးကို ကာကွယ်ပေးနိုင်ပါတယ်။

အသည်းရောင်အသားဝါ E – မသန့်ရှင်းတဲ့ အစားအသောက်တွေနေတဆင့် အများဆုံး ကူးစက်ဖြစ်ပွားပါတယ်။ ဒါ့ကြောင့်ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ တခြားဆင်းရဲတဲ့နိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။ ကာကွယ်ဆေးတီထွင်မှုက အတော်ခရီးရောက်နေပေမဲ့ တကယ်လက်တွေ့အသုံးပြုဖို့တော့ အချိန်တစ်ခု စောင့်ရဦးမှာပါ။

အသည်းရောင်အသားဝါ G – ရောဂါပိုးရှိတဲ့သွေးကနေတစ်ဆင့် ကူးစက်ခံရနိုင်ပြီး သိပ်လည်းမပြင်းထန်ပါဘူး။ ကူးစက်ခံရသူအများစုက ရောဂါလက္ခဏာလည်း သိသိသာသာမပြတတ်တာကြောင့် ရှာဖွေအတည်ပြုဖို့ ခက်ခဲပါတယ်။

မကူးစက်နိုင်တဲ့ အသည်းရောင်ရောဂါတွေထဲမှာ အဖြစ်အများဆုံးကတော့ အရက်သောက်ခြင်းကြောင့်ဖြစ်တဲ့ အသည်းရောင်ရောဂါပါပဲ။ အသည်းဆိုတာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးတဲ့ အလုပ်ကို အဓိကလုပ်ပေးပါတယ်။ အရက်သောက်လိုက်လို့ ဖြစ်လာတဲ့ ကိုယ်တွင်းအဆိပ်အတောက်တွေကို အသည်းက ဒိုင်ခံရှင်းထုတ်ပေးနေတာပါ။ ဒါပေမဲ့အရက်သောက်တာများလာပြီး အဆိပ်ဓာတ်တွေ တအားစုပုံလာတဲ့အခါမှာတော့ အသည်းလည်း ရှင်းထုတ်မပေးနိုင်တော့ပါဘူး။ ဒီအချိန်မှာ အသည်းရောင်ရောဂါ စဖြစ်လာပါတော့တယ်။ ရောဂါလက္ခဏာတွေကတော့ ပင်ပန်းနွမ်းနယ်နေမယ်၊ အသားဝါမယ်၊ နေရထိုင်ရ မကောင်းဘူးဖြစ်မယ်၊ ဗိုက်နာမယ်၊ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲနေနိုင်ပါတယ်။ ဒါပေမဲ့ ဒီလက္ခဏာတွေလုံးဝမပြဘဲ အသည်းရောင်ရောဂါခံစားနေရသူတွေလည်း ရှိပါတယ်။

အသည်းရောင်ရောဂါဆိုတာ မပေါ့ဆသင့်တဲ့ရောဂါတစ်ခုပါ။ အသည်းက ကိုယ်တွင်းအစိတ်အပိုင်းတွေ အားလုံးထဲမှာ ပြန်လည်တည်ဆောက်နိုင်စွမ်းအမြင့်ဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီလောက်စွမ်းတဲ့အသည်းတောင် စပြီးပျက်စီးလာပြီဆိုရင် ကိုယ့်ကျန်းမာရေးကိုဂရုစိုက်ဖို့ အချက်ပေးတယ်လို့မှတ်ပါ။ အသည်းရောင်ရောဂါကို စောစောသိပြီး ကုသမှုစောစောခံယူလိုက်ရင် လူအတော်များများက နှစ်အနည်းငယ်အတွင်းမှာတင် ရောဂါသက်သာသွားနိုင်ပါတယ်။ တကယ်လို့ အသည်းရောင်တဲ့အဆင့်မှာတင် မကုသခဲ့ရင်တော့  အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာရောဂါအထိ ဖြစ်သွားနိုင်တဲ့အတွက် လုံးဝမပေါ့ဆကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ရေးသားသူ – Dr.Htoo Tint

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 27/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement