backup og meta

ဝက်ရူးပြန်နေတဲ့သူတွေ့ရင် ဘာတွေလုပ်ရမလဲ

ဝက်ရူးပြန်နေတဲ့သူတွေ့ရင် ဘာတွေလုပ်ရမလဲ

လူတစ်ယောက်ဝက်ရူးပြန်နေပြီဆိုရင် သူရဲ့ကံကြမ္မာဟာ သင်အဲဒီဝက်ရူးပြန်ခြင်းနဲ့ ပတ်သတ်ပြီး ဘာလုပ်နိုင်သလဲဆိုတာပေါ်မှာ မူတည်နေပါတယ်။ ဆိုးဆိုးရွားရွားတက်တာလဲဖြစ်နိုင်သလို၊ အနည်းငယ်တက်တာလဲဖြစ်နိုင်ပါတယ်။ သင်တစ်ခုခုပြုလုပ်လိုက်ခြင်းက သူတို့အသက်ကို ကယ်တင်ပေးသလိုအထိ ဖြစ်သွားနိုင်ပါတယ်။

ဝက်ရူးပြန်နေတဲ့သူကို ထိခိုက်ဒဏ်ရာမရရှိအောင် ကာကွယ်ပေးပါ။

ဝက်ရူးပြန်ပြီဆိုတာနဲ့ ကြွက်သားထိန်းချုပ်နိုင်စွမ်းတွေ၊ စကားပြောနိုင်စွမ်းတွေ၊ အမြင်တွေနဲ့ အသိတရားတွေ ခဏတာပျက်ယွင်းသွားပါလိမ့်မယ်။ အချို့အခြေအနေတွေမှာဆိုရင် စက္ကန့်၊မိနစ်နဲ့ချီပြီး အသိတရားကင်းမဲ့ကာ တစ်ကိုယ်လုံး ပြင်းထန်စွာ လှုပ်ခါနေတာကို တွေ့မြင်နိုင်မှာပါ။ ထိုသို့ဖြစ်နေခြင်းဟာ တခြားအရာတွေကို ထိမိခိုက်မိနိုင်တာကြောင့် လူနာထိခိုက်ဒဏ်ရာ ရသွားနိုင်ပါတယ်။

တက်နေတဲ့သူတစ်ယောက်ကို တွေ့ပြီဆိုတာနဲ့ လဲမကျသွားအောင် တတ်နိုင်သမျှမြန်မြန်ထိန်းထားပေးလိုက်ပါ။ ဒါမှမဟုတ် ကြမ်းပြင်ကို ဖြည်းဖြည်းချင်းလဲကျသွားအောင် ထိန်းထားပေးလိုက်ပါ။ ပြီးနောက် လူနာဝက်ရူးပြန်နေစဉ်အတွင်းမှာ သူ့ထိခိုက်မိနိုင်ခြေရှိမယ့် ပစ္စည်းတွေကို အဝေးသို့ရွှေ့ပေးထားပါ။

ကြမ်းပြင်ပေါ်လဲကျနေတဲ့ ဝက်ရူးပြန်သူတစ်ယောက်နဲ့ ကြုံပြီဆိုရင်တော့ တစ်ဖက်စောင်းပြီးလှဲနေတဲ့ပုံစံ ဖြစ်အောင်လုပ်လိုက်ပါ။ အရည်တွေ ပါးစပ်ထဲကထွက်သွားအောင်ဖြစ်ပါတယ်။ သူတို့ကို အတင်းမဖိပါနှင့်။ သူတို့ရဲ့ လည်ပင်းကြယ်သီးတွေ ဖြုတ်ပေးနိုင်ပါတယ်။ ဝက်ရူးပြန်နေတဲ့သူကို အတင်းချုပ်ထားခြင်းက ထိခိုက်ဒဏ်ရာရစေနိုင်တဲ့အတွက်ကြောင့် မှားယွင်းပါတယ်။

လူနာအသက်ရှူ၊မရှူကြည့်ပါ။

လူနာအသက်ရှူရခက်နေပြီဆိုရင် အသက်ရှူလမ်းကြောင်းကို ဘာတွေပိတ်နေသလဲကြည့်ပါ။ အစာတွေပိတ်နေနိုင်ပါတယ်။ အစာနင်သွားမယ်ဆိုရင် အသက်မရှုနိုင်တော့ပါဘူး။ ဒါကြောင့် ထုတ်ပစ်ဖို့ လိုအပ်ပါတယ်။ ပါးစပ်ထဲသို့ မည်သည့်အရာမျှ ထိုးသွင်းခြင်းမပြုလုပ်ပါနှင့်။

လက်ကိုက်ပဝါ ဒါမှမဟုတ် အဝတ်ကို အလိပ်လေးလိပ်ပြီး ပါးစပ်ထဲထည့်ပေးခြင်းက လျှာမကိုက်မိအောင် ကာကွယ်ပေးတယ်လို့ လူတွေယုံကြည်ထားကြပါတယ်။ အမှန်တရားကတော့ ကောင်းကျိုးထက် ဆိုးကျိုးပိုများတာပဲဖြစ်ပါတယ်။ ဝက်ရူးပြန်နေတဲ့ လူတစ်ယောက်ပါးစပ်ထဲကို တစ်စုံတစ်ခုထည့်လိုက်ခြင်းဟာ ကျွတ်ထွက်သွားပြီး လေပြွန်သွားပိတ်နိုင်တာကြောင့် အသက်ကိုပါ ထိခိုက်နိုင်ပါတယ်။

ဘာတွေဖြစ်သွားလဲဆိုတာ မှတ်ထားပါ၊ ရေးချထားပါ။

ဝက်ရူးပြန်တဲ့လူတစ်ယောက်ကို တွေ့ပြီဆိုတာနဲ့ သူတို့ဘာဖြစ်နေတယ်ဆိုတာ သေချာမှတ်ထားပါ၊ ပြီးနောက် အချိန်ရတာနဲ့ ချက်ချင်း ရေးချထားလိုက်ပါ။ သင့်မှတ်သားချက်ဟာ ဝက်ရူးပြန်တဲ့လူနာကို ကုသနေတဲ့ ဆရာဝန်အတွက် အရေးကြီးပါတယ်။ လူနာဘယ်လိုလှုပ်ရှားသလဲ၊ ဝက်ရူးပြန်တာဘယ်လောက်ရှည်ကြာသလဲ၊ မတက်ခင်ကော ဘာတွေပြုမူမိသလဲ၊ တက်ပြီးသွားရင်ကော ဘာတွေပြုမူမိသလဲနှင့် ဝက်ရူးပြန်ခြင်းကြောင်း ထိခိုက်ဒဏ်ရာရသွားလားဆိုတာတွေကို အရေးပေးမှတ်သားဖို့ ကြိုးစားသင့်ပါတယ်။ ခုခေတ်မှာဆိုရင်တော့ လွယ်လွယ်ကူကူပဲ ဖုန်းနဲ့ ဗီဒီယိုရိုက်ထားလိုက်ပါ။

လိုအပ်ပါကလူနာတင်ယာဉ်ခေါ်ပါ။

အရေးပေါ်အခြေအနေတွေဆိုရင်တော့ လူနာတင်ကားခေါ်ရပါလိမ့်မယ်။ ပထမအကြိမ်တက်ပြီးပြီးချင်း နောက်တစ်ကြိမ်ထပ်တက်မယ် ဒါမှမဟုတ် တက်တာ ၅မိနစ်ကျော်နေမယ်ဆိုရင် ဆရာဝန်ကို ချက်ချင်းအကြောင်းကြားရပါလိမ့်မယ်။ လှုပ်ရှားမှုတွေပြီးနောက် သတိမရတော့ဘူးဆိုရင် ဒါမှမဟုတ် နှလုံးရောဂါ၊ ဆီးချိုသွေးချိုတို့နဲ့ တွဲနေပြီဆိုရင် အလွန့်အလွန် အန္တရယ်ရှိပါတယ်။ အထူးသဖြင့် တက်နေတဲ့လူက ကိုယ်ဝန်ဆောင်ဖြစ်နေမယ်ဆိုရင် လူနာတင်ကား ခေါ်ကိုခေါ်ရပါတော့မယ်။

အရေးကြီးဆုံးကတော့ စိတ်အေးအေးထားပြီး အထက်ပါအဆင့်များအတိုင်း ကူညီသွားဖို့ပဲ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Should I Do When My Child Has a Seizure? http://www.aboutkidshealth.ca/en/resourcecentres/epilepsy/aboutepilepsy/frequentlyaskedquestions/pages/what-should-i-do-when-my-child-has-a-seizure.aspx. Accessed November 16, 2016.

Helping a Person During a Seizure – Topic Overview. http://www.webmd.com/epilepsy/tc/helping-a-person-during-an-epileptic-seizure-topic-overview. Accessed November 16, 2016.

Epilepsy and First Aid for Seizures. http://www.webmd.com/epilepsy/guide/first-aid-seizures. Accessed November 16, 2016.

What to do if someone has a seizure (fit). http://www.nhs.uk/Livewell/Epilepsy/Pages/Ifyouseeaseizure.aspx. Accessed November 16, 2016.

What to do when someone has a seizure. https://www.epilepsy.org.uk/info/firstaid. Accessed November 16, 2016.

ယခုပုံစံ

21/07/2020

Phyo Wai Yan မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အတက်ရောဂါရှိပြီဆိုရင် သတိပြုဖွယ်ရာများ

အတက်ရောဂါရှိတဲ့ မေမေကိုယ်ဝန်ဆောင်တဲ့အခါ



Phyo Wai Yan မှ ရေးသားသည်။ · 21/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement