backup og meta

ဓါတ်မတည့်နှာစေးခြင်း

နှာစေးခြင်းဆိုတာ နှာခေါင်းအတွင်းသား အမြှေးပါးတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ ဓါတ်မတည့်လို့ နှာစေးခြင်းဆိုတာ မတည့်တဲ့အရာ တခုခုကို ရှူရှိုက်မိလို့ ဖြစ်ရတဲ့ နှာစေးခြင်းတမျိုးပဲ ဖြစ်ပါတယ်။ သင့်ကိုယ်ခန္ဓါကနေ ဓါတ်မတည့်တဲ့ ပစ္စည်းအပေါ် အလွန်အကျွံတုံ့ပြန်ခြင်းကြောင့် ဖြစ်ပါတယ်။ ရာသီအလိုက်ဖြစ်တဲ့ နှာစေးခြင်းနဲ့ တနှစ်ပတ်လုံးဖြစ်တဲ့ နှာစေးခြင်းဆိုပြီး ၂မျိုး ရှိပါတယ်။

ဓါတ်မတည့်၍ နှာစေးခြင်း ဘယ်လောက်ထိ အဖြစ်များသလဲ

အတော်လေး တွေ့ရတတ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ အမေရိကန် ဓါတ်မတည့်မှု၊ ပန်းနာရင်ကျပ်နဲ့ ကိုယ်ခံအားစနစ်ဆိုင်ရာ အကယ်ဒမီရဲ့ အဆိုအရ ဓါတ်မတည့်လို့ နှာစေးခြင်း ဖြစ်ပွားသူများဟာ ကမ္ဘာ့လူဦးရေရဲ့ ၁၀ကနေ ၃၀%ထိ ရှိတယ်လို့ ဆိုပါတယ်။ အများစုဟာ ဝတ်မှုန်နဲ့ ဓါတ်မတည့်လို့ ဖြစ်ပါတယ်။

လက္ခဏာများ

ဓါတ်မတည့်၍ နှာစေးခြင်း လက္ခဏာတွေက ဘာတွေလဲ

အတွေ့များတဲ့ လက္ခဏာတွေကတော့

  • နှာချေခြင်း
  • နှာရည်ကျခြင်း
  • နှာခေါင်း၊ မျက်လုံး၊ လည်ချောင်း၊ အရေပြားများ ယားယံခြင်း
  • ချောင်းဆိုးခြင်း
  • နှာပိတ်ခြင်း
  • လည်ချောင်းနာခြင်း
  • မျက်ရည်ကျခြင်း
  • မျက်လုံးအောက် အမည်းရစ်များပေါ်ခြင်း
  • မကြာခဏခေါင်းကိုက်ခြင်း
  • နှင်းခူပေါက်သကဲ့သို့ အရေပြား ခြောက်သွေ့ ယားယံ အက်ကွဲခြင်း
  • အင်ပျဉ်ထခြင်း
  • အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း
  • ခေါင်းကိုက်ခြင်း

ဒီစာရင်းမှာ မပါတဲ့လက္ခဏာတွေလည်း ရှိပါသေးတယ်။ လက္ခဏာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တာမျိုးရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ

  • လက္ခဏာများ ဆိုးရွားတဲ့အခါ
  • အရင်က သက်သာတဲ့ ကုသမှုနဲ့ မသက်သာတဲ့အခါ
  • လက္ခဏာများဟာ ကုသမှုနဲ့ မသက်သာတဲ့အခါ

အကြောင်းအရင်းများ

ဘာတွေက ဓါတ်မတည့်၍ နှာစေးခြင်းကို ဖြစ်စေသလဲ

သင့်အနေနဲ့ ဓါတ်မတည့်ခြင်းဖြစ်စေတဲ့ အရာတွေကို ရှူရှိုက်မိတဲ့အခါ သင့်ရဲ့ကိုယ်ခံအားစနစ်ကနေ ဟစ်စ်တမင်းဓါတ်ကို ထုတ်လွှတ်ပါတယ်။ အဲဒီဓါတ်ဟာ ကိုယ်ခန္ဓါကို ပြင်ပကဝင်ရောက်လာတဲ့ အန္တရာယ်တွေကနေ ကာကွယ်ပေးပါတယ်။ ဟစ်စ်တမင်းကြောင့် ဓါတ်မတည့်နှာစေးခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။

အတွေ့ရများတဲ့ ဓါတ်မတည့်စေတဲ့ အရာတွေကတော့

  • ဝတ်မှုန်
  • မြက်
  • အမှုန်အမွှား
  • မှို
  • တိရစ္ဆာန်အမွေး
  • ဆေးလိပ်ငွေ့
  • ရေမွှေး စတာတွေ ဖြစ်ပါတယ်။

ဖြစ်ပွားနိုင်ခြေ အန္တရာယ်များ

ဓါတ်မတည့်နှာစေးခြင်းရဲ့ ဖြစ်နိုင်ခြေ အန္တရာယ်တွေက ဘာတွေလဲ

ဖြစ်နိုင်ခြေ အန္တရာယ်တွေကတော့

  • ဓါတုပစ္စည်းများ
  • ရာသီဥတုအေးခြင်း
  • စိုထိုင်းခြင်း
  • လေတိုက်ခြင်း
  • လေထုညစ်ညမ်းခြင်း
  • ဆံပင်ဖြန်းဆေး
  • ကိုယ်လိမ်းအမွှေးဆီ
  • တောမီးလောင်ရာမှ မီးခိုးငွေ့များ
  • အခိုးအငွေ့များ

ရောဂါရှာဖွေခြင်းနှင့်ကုသခြင်း

ယခုဖော်ပြပါ အချက်အလက်များဟာ ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များ နေရာမှာ အစားထိုးရန် မဟုတ်ပါ။ အချက်အလက်များ ပိုသိရအောင် ဆရာဝန်နဲ့ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

ပထမဆုံးအချက်ကတော့ သင့်အခြေအနေဟာ ရာသီအလိုက်ဖြစ်ခြင်းလား၊ တနှစ်ပတ်လုံး ဖြစ်တာလား ဆိုတာ အကဲဖြတ်ပါလိမ့်မယ်။ ပြီးရင် အရေပြားပေါ်မှာ စမ်းသပ်မှုတွေ လုပ်ပါလိမ့်မယ်။ အရေပြားပေါ်မှာ အနီအပိန့်တချို့ပေါ်လာရင် ဆရာဝန်ဟာ ဓါတ်မတည့်နှာစေးရခြင်း အကြောင်းကို သိနိုင်ပါတယ်။ အရေပြားစမ်းသပ်မှု မလုပ်နိုင်ရင် သွေးစစ်ပါလိမ့်မယ်။ RAST လို့ အတိုကောက်ခေါ်ပါတယ်။ Ig E လို့ခေါ်တဲ့ ခုခံပစ္စည်းပမာဏကို စစ်ဆေးခြင်းအားဖြင့် RAST စစ်ဆေးနည်းဟာ ဓါတ်မတည့်ခြင်းဖြစ်ပေါ်စေတဲ့အရာ ပမာဏကို တိုင်းတာနိုင်ပါတယ်။

ဓါတ်မတည့်နှာစေးခြင်းကို ဘယ်လိုကုမလဲ

  • ဆေးဝါးကုသခြင်း

ဓါတ်မတည့်နှာစေးခြင်းရဲ့ လက္ခဏာတွေကို လျော့ကျစေဖို့ အောက်ပါဆေးတွေ ပါဝင်ပါတယ်။

  • ဟစ်စ်တမင်း ဆန့်ကျင်ဆေးများ။ အဓိကကုသတဲ့ ဆေးမျိုးပဲ ဖြစ်ပါတယ်။ ဟစ်စ်တမင်းဓါတ် ထုတ်လွှတ်မှုကို တားမြစ်ပေးပါတယ်။ ဟစ်စ်တမင်းဆန့်ကျင်ဆေးကို ပါးစပ်ကနေဖြစ်ဖြစ်၊ နှာရှူဆေးအနေနဲ့ ဖြစ်ဖြစ် ပေးနိုင်ပါတယ်။ ဒီဆေးအမျိုးအစား တချို့ဟာ အိပ်ငိုက်စေတတ်ပါတယ်။
  • နှာပိတ်ပျောက်ဆေးများ။ နှာပိတ်တဲ့အခါ သုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် ၃ရက်ထက်ကျော်ပြီး မသုံးစွဲဖို့ သတိပြုပါ။
  • ကော်တီကိုစတီးရွိုက် နှာခေါင်းဖြန်းဆေးများ။ ဓါတ်မတည့်နှာစေးခြင်းကို ကုသရာမြှ ထိရောက်စေပါတယ်။

တခြားဆေဝါးတွေ သုံးစွဲမယ်ဆိုရင် မသုံးစွဲခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။

  • ဓါတ်မတည့်ပစ္စည်းထည့်သွင်းခြင်း

သင့်အခြေအနေဆိုးရင် ဆရာဝန်ဟာ ဓါတ်မတည့်ပစ္စည်း ထည့်သွင်းခြင်းကို အကြံပြုပါလိမ့်မယ်။ ဒီကုသမှုဟာ ဓါတ်မတည့်ပစ္စည်းများကို ထိန်းချုပ်နိုင်တဲ့အထိ ပုံမှန်ထည့်သွင်းသွားခြင်း ဖြစ်ပါတယ်။ ဆေးများကို ကိုယ်ခန္ဓါထဲ ထိုးသွင်းပါလိမ့်မယ်။

  • လျှာအောက်ငုံဆေးများ

ဓါတ်မတည့်ပစ္စည်း ထည့်သွင်းခြင်းပုံစံနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ဆေးကို လျှာအောက်မှာ ထားစေပါတယ်။ ဖြစ်နိုင်ခြေ ဘေးထွက်ဆိုးကျိုးတွေကတော့ ပါးစပ်၊ နားနဲ့ လည်ချောင်းယားခြင်းပဲ ဖြစ်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဓါတ်မတည့်နှာစေးခြင်းကို ပြန်မဖြစ်အောင် ကာကွယ်ဖို့ ဓါတ်မတည့်စေတဲ့ အရာတွေနဲ့ ထိတွေ့ခြင်းကနေ ရှောင်ကြဉ်ရပါမယ်။ ဝတ်မှုန်၊ လေ၊ အမှုန်အမွှား စတဲ့ ဓါတ်မတည့်စေတဲ့ အရာတွေကို ကာကွယ်ဖို့ ပြတင်းပေါက်တွေကို အကန့်အသတ်နဲ့ပဲ ဖွင့်သင့်ပါတယ်။ အဲဒီအစား လေအေးစက်ဖွင့်ထားပါ။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Allergic Rhinitis http://www.healthline.com/health/allergic-rhinitis#Overview1. Accessed July 20, 2016.

Allergic rhinitis https://medlineplus.gov/ency/article/000813.htm?PHPSESSID=c44671012097202d65a4da2388664ed7. Accessed July 20, 2016.

Allergic Rhinitis http://emedicine.medscape.com/article/134825-overview. Accessed July 20, 2016

ယခုပုံစံ

23/08/2022

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ

ထူးထူးခြားခြား ဓာတ်မတည့်မှုများ


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement