backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကီဝီသီးနှင့် ဓာတ်မတည့်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကီဝီသီးနှင့် ဓာတ်မတည့်ခြင်း

ချိုချိုချဉ်ချဉ် အရသာနဲ့ စားလို့ကောင်းတဲ့ ကီဝီသီးကို လူအတော်များများစားဖူးကြမှာပါ။ Chinese gooseberry လို့လည်းခေါ်ဆိုကြတဲ့ ကီဝီသီးမှာ ဗီတာမင်ဓာတ်တွေအများကြီးပါတာကြောင့် ကျန်းမာရေး နဲ့လည်းညီညွတ်ပါတယ်။ ဒါပေမဲ့ ကီဝီသီးစားပြီး ဓာတ်မတည့်မှုဖြစ်ပေါ်တတ်တာကို သိပါသလား

ဓာတ်မတည့်ခြင်းဆိုတာ လူ့ခန္ဓာကိုယ်ထဲက ခုခံအားစနစ်က ပြင်ပကဝင်လာတဲ့ဓာတ်တွေကို ပုံမှန်မဟုတ်ဘဲ တုံ့ပြန်တဲ့အခါမှာကြုံရတတ်ပါတယ်။ ဓာတ်မတည့်ခြင်းအမျိုးမျိုးရှိပြီးတစ်ယောက်နဲ့တစ်ယောက်လည်း မတူပါ ဘူး။ ကီဝီသီးစားရင်ဓာတ်မတည့်တဲ့အခြေအနေကိုတော့ ကလေးငယ်တွေနဲ့ လူငယ်ပိုင်းတွေမှာပိုတွေ့ရတတ် ပါတယ်။

ဘာလက္ခဏာတွေ ပြမလဲ

ကီဝီသီးစားလို့ဓာတ်မတည့်ရင် ပါးစပ်၊လျှာ၊ လည်ပင်းလို သွားနဲ့ခံတွင်းဆိုင်ရာ နေရာတွေကို အဓိကပြဿနာပေး ပါတယ်။ ဓာတ်မတည့်တဲ့လက္ခဏာတွေက အများအားဖြင့်သိပ်မပြင်းထန်တတ်ပါဘူး။ ပါးစပ်နဲ့လည်ချောင်းထဲမှာ ယားယံခြင်း၊ လျှာ၊နှုတ်ခမ်းနဲ့လည်ချောင်းထဲမှာထုံကျဉ်ခြင်း စတာတွေလောက်ပဲ ကြုံရတတ်ပေမဲ့ အချို့သူတွေမှာဆိုရင်တော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ပြင်းထန်ပါတယ်။ အသက်ရှူရခက်ခဲလာခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ မူးဝေအော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးပေါင်ချိန်ကျသွားခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မူးမေ့သွားခြင်း စတဲ့လက္ခဏာတွေပြလာခဲ့ရင် ဆေးရုံဆေးခန်းမှာပြသဖို့လိုအပ်ပါတယ်။

ဓာတ်မတည့်ခြင်းမဖြစ်အောင် ဘယ်လိုနေမလဲ

ဓာတ်မတည့်တဲ့ လက္ခဏာကို ပြသပုံပြသနည်းက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ နည်းနည်းပါးပါး ယားယံရုံလောက်ပဲ ဖြစ်တယ်ဆိုရင် သိပ်ကိစ္စမရှိပေမဲ့ ပြင်းထန်တဲ့လက္ခဏာတွေ ခံစားရရင်တော့ ကီဝီသီးမစားမိအောင် သတိထားရပါမယ်။ ဓါတ်မတည့်တဲ့သူတွေဆိုရင် အစားများတဲ့ ကီဝီသီးအစိမ်းရောင်တင်မကဘဲ တခြားကီဝီသီးအမျိုးအစားတွေပါ ရှောင်သင့်ပါတယ်။ နောက်ပြီး ကီဝီသီးထည့်သွင်းပြုလုပ်ထားတဲ့ အစားအစာတချို့ကိုလည်း သတိနဲ့ရှောင်ရပါ မယ် ဥပမာ – smoothies ဖျော်ရည်တွေ၊ အသီးအရွက်သုပ်တွေ၊ ကီဝီသီးနဲ့လုပ်ထားတဲ့ ရေခဲမုန့် စတာတွေဖြစ်ပါတယ်။

ကီဝီသီးစားရင် ဓာတ်မတည့်မှု ဘာကြောင့်ဖြစ်ရတာလဲ

အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်ထဲဝင်လာတဲ့ပရိုတင်းဓာတ်ကို ခန္ဓာကိုယ်ခုခံအားစနစ်က မှားယွင်းတိုက်ခိုက်တဲ့ အတွက်ကြောင့် ဓာတ်မတည့်ခြင်းဖြစ်ရတာပါ။ အလားတူ ကီဝီသီးထဲမှာ ပါဝင်တဲ့ actinidin, thaumatin-like protein, kiwellin လို ပရိုတင်းဓာတ်တွေကို ခန္ဓာကိုယ်က တိုက်ခိုက်တဲ့အတွက် ဓာတ်မတည့်ခြင်းဖြစ်ရတာကို တွေ့ ရှိရပါတယ်။ သုတေသနတွေအရတော့ ကီဝီသီးထဲမှာပါတဲ့ ပရိုတင်းဓာတ်တွေက တခြားအသီးအနှံတွေ ဖြစ်တဲ့ ထောပတ်သီး၊ သစ်အယ်သီး၊ ငှက်ပျောသီး၊ ပန်းသီး၊ မက်မွန်သီး၊ သင်္ဘောသီး၊ နံနတ်သီး၊ သံလွင်သီး၊ မုန်လာဥ၊ အာလူး၊ ဂျုံ၊ နှမ်းစေ့၊ ဘိန်းစေ့၊ မြေပဲ စတာတွေမှာလည်းပါတဲ့အတွက် ကီဝီသီးနဲ့မတည့်သူတွေဟာ ဒီအစားအစာတွေကိုလည်း သတိပြုပြီး စားသောက်သင့်တယ်လို့ ဆိုထားပါတယ်။

ကလေးငယ်များတွင် ကီဝီသီးဓာတ်မတည့်ခြင်း

ကီဝီသီးနဲ့ဓာတ်မတည့်ခြင်းကို လူကြီးတွေထက် လူငယ်တွေ၊ ကလေးငယ်တွေမှာ ပိုတွေ့ရပါတယ်။ ဒါ့ကြောင့် ကလေးကို အစားအသောက်အစုံ စကျွေးတဲ့အရွယ်မှာ သေချာသတိထားကျွေးသင့်ပါတယ်။ ကီဝီသီးမှာ အာဟာရဓာတ်စုံလင်လို့ ကလေးတွေစားဖို့ သင့်တော်တာမှန်ပေမဲ့ ကလေးနဲ့ကီဝီသီးတည့်ရဲ့လားဆိုတာလည်း စဉ်းစားရမယ့်အချက် ဖြစ်ပါတယ်။ တချို့ကလေးတွေဆိုရင် ပထမဆုံးစားသုံးချိန်မှာ ဘာလက္ခဏာမှ မပြပေမဲ့ နောက်တစ်ကြိမ်စားတော့မှ လက္ခဏာတွေပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ကီဝီသီးစကျွေးပြီ ဆိုရင် ထူးခြားတဲ့ လက္ခဏာတွေ ပေါ်မပေါ်စောင့်ကြည့်သင့်ပါတယ်။ ပြသနိုင်တဲ့ လက္ခဏာတွေကတော့ နှုတ်ခမ်းနဲ့ အာခေါင်ရောင်ရမ်းခြင်း၊ အရေပြားမှာအနီကွက်ထွက်ခြင်း၊ အင်ပျဉ်ထခြင်း၊ အလွန်အမင်းငိုခြင်းကနေ အသက်ရှုကျပ်ခြင်းအထိပါဝင်ပါတယ်။ ကိုယ့်ကလေးက ကီဝီသီးစားပြီးမှ မသင်္ကာစရာလက္ခဏာတစ်ခုခုပေါ် လာခဲ့ရင်ဆရာဝန်နဲ့ပြသကြည့်ဖို့အကြံပြုလိုပါတယ်။

ဓာတ်မတည့်မှုကို ကုသခြင်း

ကီဝီသီးကြောင့် ဓါတ်မတည့်မှုဖြစ်တာ ဟုတ်မဟုတ် ဆရာဝန်က ဦးစွာဆန်းစစ်မှာဖြစ်ပြီး လိုအပ်ရင် သွေးဖောက်စစ်ဆေးမှုတွေပါ လုပ်ရနိုင်ပါတယ်။ ဓာတ်မတည့်မှုကအရမ်းပြင်းထန်တယ်ဆိုရင်တော့ antihistamine အုပ်စုဝင်ဆေးဝါးတွေ ဒါမှမဟုတ် EpiPen ထိုးဆေးနဲ့ကုသမှာပါ။

ရေးသားသူ – Dr. Htoo Tint

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement