backup og meta

ကောင်းမွန်သောအာဟာရ နှင့် ကောင်းမွန်သောခုခံအားစနစ်၏ ဆက်စပ်မှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကောင်းမွန်သောအာဟာရ နှင့် ကောင်းမွန်သောခုခံအားစနစ်၏ ဆက်စပ်မှု

    ဒီအချိန်မှာ ကျန်းမာဖို့အတွက် ဘာအရေးကြီးလဲလို့ မေးရင် ခုခံအားကောင်းနေဖို့ပါပဲ။ အချင်းချင်းလည်း တွေ့လို့ နှုတ်ဆက်ရင် နေကောင်းအောင်နေနော်၊ အားရှိအောင်နေနော် လို့ပြောကြပါတယ်။ ကာကွယ်ဆေးရော ကုသဆေးပါ မရှိသေးတဲ့ ကူးစက်ရောဂါအသစ်အဆန်းတွေ အတွက်ရော သိပ်မကြာခင် ဖြစ်လာတော့မယ့် ရာသီတုပ်ကွေး သွေးလွန်တုပ်ကွေးရောဂါတွေကို ကာကွယ်ဖို့အတွက်ပါ ခုခံအား ကောင်းနေဖို့ လိုပါတယ်။ ခုခံအား ကောင်းနေမှသာ အပြင်က ရောဂါတွေ ဝင်မလာနိုင်မှာပါ။ မတော်တဆ ဖျားနာခဲ့ရင်တောင် ခုခံအားကောင်းတဲ့သူက ခံနိုင်ရည်ပိုရှိပါတယ်။ ပိုပြီး နာလန်ထ မြန်ပါတယ်။ ဒါကြောင့် ခုခံအားကို မြှင့်တင်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

    ခုခံအား ကောင်းစေမယ့် နည်းလမ်းများ

    ဒီထဲမှာ အာဟာရပြည့်အောင် စားတဲ့ အကြောင်းလေး ပြောချင်ပါတယ်။ လေ့ကျင့်ခန်းသာ နေ့တိုင်း မလုပ်ဖြစ်ရင် နေမယ်။ နေ့တိုင်း အစားတော့ စားဖြစ်ကြမှာပါ။ စားမယ့် စားတော့ အာဟာရ ပြည့်အောင် စားတာ ပိုကောင်းတာပေါ့။ ခေတ်စကားနဲ့ ပြောရင်တော့ immuneတက်အောင် များများ စားရတယ်ပေါ့။ တကယ်တော့ များများစားတယ်ဆိုတိုင်းလည်း အာဟာရပြည့်ဝတာမဟုတ်ပါဘူး။ ကိုယ်ခံအားအတွက် လိုအပ်တဲ့ အစားအသောက်တွေ ပါဝင်အောင် စားဖို့လည်းလိုပါသေးတယ်။ အများကြီး အလွန်အကျွံစားတာမျိုးက ခုခံအားတက်အောင် မလုပ်ပေးနိုင်ဘဲ ဆန့်ကျင်ဘက်ရလဒ်တွေတောင် ဖြစ်နိုင်ပါသေးတယ်။

    ဘာကြောင့် ခုခံအားကောင်းဖို့ အာဟာရ ကောင်းကောင်း လိုတာလဲ။

    အာဟာရပြည့်ဝတာက ခုခံအားစနစ်ကို နည်းအမျိုးမျိုးနဲ့ အထောက်အကူ ပြုနေပါတယ်။ ဥပမာ ပြောရရင်

    ဗီတာမင်အေ၏ အဓိကအကျိုးကျေးဇူးမှာ ကိုယ်ခံအားစနစ်ကိုထိန်းညှိပေးပြီး ခန္ဓာကိုယ်သို့ ရောဂါပိုးများ၀င်ရောက်ခြင်းကို အရေပြား၊ ပါးစပ်ရှိ တစ်ရှူးများ၊ အစာအိမ်၊ အူလမ်းကြောင်း နှင့် အသက်ရှူလမ်းကြောင်း မှတစ်ဆင့် ကာကွယ်ပေးပါသည်။

    တချို့တွေကျတော့ ခုခံအားဆဲလ်တွေ ပွားနိုင်အောင်ရယ် ကောင်းကောင်း အလုပ်လုပ်နိုင်အောင်ရယ် ကူညီပေးနိုင်ပါတယ်။

    ဒါ့ပြင် ဆဲလ်တွေကို ဓာတ်တိုးပြီး ပျက်စီးတဲ့ ဒဏ်ကနေ ကာကွယ်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ရှိပါတယ်။

    • အာဟာရမပြည့်ဝဘူးဆိုရင် ခုခံအား စနစ်တွေ ပျက်ယွင်းလာတာကြောင့် ရောဂါပိုးတွေ ဝင်လာတာ၊ နဂိုရှိပြီးသား ရောဂါတွေ ပြန်ကြွလာတာမျိုး ဖြစ်နိုင်ပါတယ်။
    • သာမန်ဖျားနာရင်တောင် အဖျားတာရှည်တာမျိုး ဖြစ်တတ်ပါတယ်။
    • ဒါကြောင့် ကောင်းမွန်တဲ့ ခုခံအားစနစ်ရဖို့ ကောင်းမွန်တဲ့ အာဟာရက လိုကို လိုအပ်ပါတယ်။

    ဘယ်လို အစားအစာတွေက ခုခံအား ကောင်းစေတာလဲ။

    အသားဓာတ် (ပရိုတိန်း)က တစ်ရှူးတွေကို ပြုပြင်ဖို့  အနာကျက်မြန်ဖို့နဲ့ နာလန်ထူမြန်ဖို့ ကူညီပေးပါတယ်။ ပရိုတိန်း ကြွယ်ဝတဲ့ အစားအစာတွေက ပင်လယ်စာ၊ အဆီမပါအသား၊ ဥနဲ့ ပဲတွေ၊ အစေ့အဆန်တွေပဲ ဖြစ်ပါတယ်။

    ဗီတာမင်အေက အရေပြား၊ အသက်ရှူလမ်းကြောင်းနဲ့ အစာခြေစနစ်မှာရှိတဲ့ တစ်ရှူးတွေ ကျန်းမာဖို့၊ အပြင်ကနေ ရောဂါပိုးတွေ ဝင်မလာအောင် ကာကွယ်ပေးဖို့ ကူညီပေးပါတယ်။ ကန်စွန်းဥ၊ မုန်လာဥ၊ ပန်းဂေါ်ဖီစိမ်း၊ ဥတွေကနေ ရနိုင်သလို ဗီတာမင်အေ ဖြည့်စွက်ထားတဲ့ နို့တွေ၊ အာဟာရမှုန့်တွေ၊ Cerealတွေကလည်း ရနိုင်ပါတယ်။

    ဗီတာမင်စီက ခန္ဓာကိုယ်ကနေ ရောဂါတိုက်ထုတ်ဖို့ လိုအပ်တဲ့ ပဋိဇီဝပစ္စည်းတွေ ထုတ်နိုင်အောင် အားပေးပါတယ်။ လိမ္မော်သီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ခရမ်းချဉ်သီးတို့မှာ ဗီတာမင်စီ ပါဝင်သလို အာဟာရမှုန့်တွေ၊ Cerealတွေကလည်း ရနိုင်ပါတယ်။

    ဗီတာမင်အီးမှာတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါပါတယ်။ နေကြာဆီ၊ ဟင်းရွက်ဆီ၊ ဗာဒံစေ့တွေမှာ ပေါပေါများများ တွေ့ရသလို ဗီတာမင်အီး ဖြည့်စွက်ထားတဲ့ အာဟာရမှုန့်တွေ၊ Cerealတွေမှာလည်း ရှိပါတယ်။

    ဇင့်က ခုခံအားစနစ် ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့နဲ့ အနာကျက်မြန်ဖို့ လုပ်ပေးနိုင်ပါတယ်။ ဇင့်ကို အဆီမပါအသား၊ ပင်လယ်စာ၊ နို့၊ အစေ့အဆန်တွေမှာ တွေ့ရသလို ဖြည့်စွက်အာဟာရမှုန့်တွေမှာလည်း ပါရှိပါတယ်။

    • တခြားအာဟာရများ

    ဗီတာမင်B6၊ B12၊ ကော့ပါး၊ ဖောလိတ်၊ ဆီလီနီယမ်နဲ့ သံဓာတ်ကလည်း ခုခံအားစနစ်ကို ထောက်ပံ့ပေးတဲ့အတွက် နေ့စဉ်ပါအောင် စားပေးသင့်ပါတယ်။

    ခုခံအားစနစ်က နေ့စဉ်စားတဲ့ အစားအစာအပေါ် အများကြီးမှီခိုနေပါတယ်။ ဒါကြောင့် အပေါ်မှာ ပြောခဲ့တဲ့ ခုခံအားကောင်းစေတဲ့  အစားအစာတွေကို နေ့စဉ်ပါအောင် စားပေးသင့်ပါတယ်။ အသက်ကြီးလို့၊ သွားမကောင်းလို့ စားရပြုရ ခက်ရင် အာဟာရဖြည့်စွက်ထားတဲ့  အာဟာရမှုန့်တွေကို သောက်ပေးနိုင်ပါတယ်။ လိုရင်းက ခုခံအားတက်ပြီး ရောဂါတွေကို ကာကွယ်နိုင်ဖို့ပါပဲ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement