အရေပြားအဆီပြန်ရောင်ရမ်းခြင်းဟာ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ရောဂါဖြစ်ပါတယ်။
ကုသမှုမှာ ရောဂါအတွက် အသုံးပြုဖို့သင့်တော်တဲ့ ခေါင်းလျှော်ရည်၊ ခရင်မ်နဲ့ လိုးရှင်းတွေ ပါဝင်မှာဖြစ်ပါတယ်။ အရေပြားအထူးကုဆရာဝန်က အခြားဆေးဝါးများ မပေးခင် အိမ်သုံးဆေးဝါးများနဲ့ အရင်ကုသဖို့ အကြံပြုလိမ့်မှာ ဖြစ်ပါတယ်။
အရေပြားအဆီပြန်ရောင်ရမ်းခြင်းအတွက် အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို ဆေးဆိုင်များမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။ ၎င်းပစ္စည်းတွေရဲ့ အသုံးပြုပုံအညွှန်းကို ဖတ်ကြည့်ခြင်းအားဖြင့် ဒီရောဂါအတွက် သင့်တော်ခြင်းရှိမရှိသိနိုင်ပါတယ်။ Salicylic acid၊ resorcin coal tar၊ ketoconazole၊ zinc pyrithione၊ selenium sulfide စတဲ့ ဒြပ်ပေါင်းတွေပါဝင်ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို ဦးစားပေးအသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးငယ်တွေမှာတော့ ဗောက်ပျောက်တဲ့ခေါင်းလျှော်ရည် အသုံးပြုခြင်းကြောင့် အရေပြားထိခိုက်နိုင်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။
အရေပြားအဆီပြန်ရောင်ရမ်းနေတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို သန့်ရှင်းခြောက်သွေ့အောင် ထားရမှာ ဖြစ်ပါတယ်။ ဒီရောဂါရှိသူတွေအနေနဲ့ နေ့စဉ် ရေနွေးနဲ့ရေချိုးပြီး အပျော့စား ကိုယ်တိုက်ဆပ်ပြာ အသုံးပြုသင့်ပါတယ်။ အရေပြားအဆီပြန်ရောင်ရမ်းမှု ဖြစ်စေတဲ့ ကပ်ပါးမှိုကို နေရောင်ခြည်က သေစေနိုင်တဲ့အတွက် ရောဂါရှိသူအချို့ဟာ ဆောင်းတွင်းထက်စာရင် နွေရာသီမှာ ရောဂါလက္ခဏာ သက်သာလေ့ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ အခြားကုသမှု နည်းလမ်းတစ်မျိုးကတော့ ကပ်ပါးမှိုများကို သေစေနိုင်တဲ့ ခေါင်းလျှော်ရည်နဲ့ ဆေးဝါး အသုံးပြုခြင်း၊ ကိုယ်ခံအားကို မြှင့်တင်ပေးတဲ့ ဆေးဝါးများ သောက်သုံးခြင်း၊ စတီးရွိုက်ပါဝင်တဲ့ လိုးရှင်းအသုံးပြုခြင်းနဲ့ အလင်းရောင်ပြခြင်းတို့ပဲ ဖြစ်ပါတယ်။
သင့်ရောဂါအခြေအနေအပေါ် မူတည်ပြီး ကုသမှုတစ်မျိုး ဒါမှမဟုတ် တစ်မျိုးထက်ပိုပြီး ခံယူရနိုင်ပါတယ်။ ကုသမှုခံယူနေပေမယ့် ရောဂါလက္ခဏာ မသက်သာဘူး၊ နာကျင်မှု၊ အရေပြား နီရဲရောင်ရမ်းမှု၊ သွေးယိုစိမ့်မှု စတာတွေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ သင့်ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။
အရေပြားအဆီပြန်ရောင်ရမ်းခြင်းဟာ အဖြစ်များတဲ့ အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် ဦးရေပြားမှာ ရောဂါလက္ခဏာပြတတ်ပြီး အချို့လူတွေမှာ အလိုအလျောက် သက်သာပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီရောဂါဟာ ကာလကြာရှည် ဖြစ်လေ့ရှိတဲ့အတွက် ကုသမှုခံယူခြင်းက သင့်အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။