backup og meta

ဗိုလ်ကျအနိုင်ကျင့်ခံရရင် ကလေးရဲ့ဦးနှောက်ကျုံ့သွားနိုင်တယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗိုလ်ကျအနိုင်ကျင့်ခံရရင် ကလေးရဲ့ဦးနှောက်ကျုံ့သွားနိုင်တယ်

    ကလေးဘဝမှာ ဗိုလ်ကျအနိုင်ကျင့်ခံရရင် ဖွံ့ဖြိုးဆဲဦးနှောက်ရဲ့အဓိကအစိတ်အပိုင်းတချို့မှာ ကျုံ့သွားစေပြီး စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ခြေပိုများစေတယ်လို့ သုတေသနပညာရှင်တွေကလေ့လာတွေ့ရှိခဲ့ပါတယ်။

    ဒါ့ကြောင့် ကလေးမှာ အနိုင်ကျင့်ခံရတာကိုစောစောသိပြီးဖြေရှင်းနိုင်လေ ပိုကောင်းလေဖြစ်ပါတယ်။ အင်္ဂလန်၊အိုင်ယာလန်၊ပြင်သစ်နဲ့ ဂျာမနီမှာရှိတဲ့ အသက် ၁၄ နှစ်ကနေ ၁၉ နှစ်အတွင်း ကလေးတွေ ၇၀၀ နီးပါးကိုလေ့လာခဲ့တဲ့ ဦးနှောက်စကင်န်တွေကို သုတေသနပြုခဲ့ကြတာပါ။ ဒါဟာ ဆယ်ကျော်သက်တွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှုနဲ့စိတ်ကျန်းမာရေးကိုလေ့လာနေတဲ့IMAGEN ဆိုတဲ့ရေရှည်ပရောဂျက်တစ်ခုရဲ့လေ့လာမှုတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

    လေ့လာမှုမှာပါဝင်ခဲ့တဲ့ ကလေးတွေဟာ အနိုင်ကျင့်ဗိုလ်ကျမှုကိုခံစားရတဲ့သူတွေဖြစ်ပါတယ်။ ဒီလိုခံစားရတဲ့ကလေးတွေဟာ ဦးနှောက်ရဲ့အဓိကကျတဲ့အစိတ်အပိုင်းနှစ်ခုမှာ အရွယ်အစားကျုံ့သွားတာတွေ့ရပါတယ်။ စိတ်အားတက်ကြွမှု၊ စိတ်ဝင်စားမှုနဲ့ ခံစားချက်ဖြစ်ပေါ်ခြင်းတို့ကို ထိန်းညှိပေးတဲ့caudate နဲ့putamenခေါ် အစိတ်အပိုင်းနှစ်ခုဖြစ်ပါတယ်။ ဒီလိုဦးနှောက်ကျုံ့သွားတဲ့အကျိုးဆက်က ယာယီပဲလား၊ အမြဲဖြစ်သွားနိုင်သလားဆိုတာတော့ ပညာရှင်တွေက အတိအကျမသိသေးပါဘူး။

    မိဘတွေအနေဲ့ ကိုယ့်ကလေးအနိုင်ကျင့်ခံရနေတာသိသိချင်း ဆရာမ သို့မဟုတ်ကျောင်းအုပ်နဲ့တွေ့ဆုံဆွေးနွေးသင့်၊ဖြေရှင်းသင့်တယ်။ ခံရတဲ့ကလေးတွေက ကိုယ့်အဖြစ်ကို ပြန်မပြောကြတာပြဿနာပါ လို့King’s College London ရဲ့ ဦးနှောက်နဲ့အာရုံကြောဆေးပညာစင်တာမှIMAGEN ပရောဂျက်ညှိနှိုင်းရေးမှူးQuinlan ကပြောပါတယ်။

    “တစ်ခါတလေ ကလေးတွေက ကိုယ်ကျောင်းမှာအနိုင်ကျင့်ခံနေရတာကို ထုတ်မပြောကြတော့ ကျောင်းသွားတာနဲ့ပတ်သက်တဲ့ ကလေးရဲ့အပြုအမူတွေ၊စိတ်သဘောထားတွေကို မိဘတွေက သတိထား၊အကဲခတ်သင့်ပါတယ်။ သိပြီဆိုလည်း ကလေးကို အကူအညီပေးနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားရမှာပါ” လို့Quinlan က အကြံပြုခဲ့ပါတယ်။

    University of Texas မှ ကလေးသူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ ပါမောက္ခStephen Russell ကတော့ အနိုင်ကျင့်ခံရမှုနဲ့ ကလေးတွေရဲ့ရေရှည်ကျန်းမာရေးပြဿနာ၊ စိတ်ဖိစီးမှုတို့ကြားက ကြီးမားတဲ့သက်ရောက်မှုဖြစ်တာကြောင့် အရေးကြီးတဲ့တွေ့ရှိချက်ပါလို့ပြောခဲ့ပါတယ်။

    “ဒါတွေက ကလေးဘဝမှာဖြစ်လေ့ဖြစ်ထရှိတဲ့အရာပဲ၊ ကြီးလာတော့ အဆင်ပြေသွားလိမ့်မယ်၊ ငယ်တည်းက သူ့ပြဿနာသူဖြေရှင်းနိုင်စွမ်းရှိအောင် ထားလိုက်ပါ ဆိုတဲ့အတွေးအမြင်တွေကိုပြောင်းလဲပေးနိုင်တဲ့ သုတေသနရလဒ်ဖြစ်လာမယ်လို့မျှော်လင့်ပါတယ်” လို့Stephen Russell က ဆိုပါတယ်။

    အရွယ်မရောက်သေးခင်မှာ အရာရာဖွံ့ဖြိုးနေဆဲကာလဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ရဲ့သက်ရောက်မှုကလည်း မသေးပါဘူး။ကြောက်လန့်စိတ်ေတွ၊ စိတ်ဖိစီးမှုတွေနဲ့မြိုသိပ်မှုတွေက ကလေးရဲ့တက်ကြွမှု၊စူးစမ်းမှု၊ ဖွံ့ဖြိုးမှု၊ ဆင်ခြင်လုပ်ဆောင်နိုင်စွမ်း စတာတွေအကုန်လုံးကို ဟန့်တားလိုက်သလိုပါပဲ။ ကလေးတွေကိုကျောင်းပို့၊ကြိုလောက်ပဲ မလုပ်ပါနဲ့၊ အဆင်ပြေမပြေ တချက်တချက် သွားကြည့်တာ၊အိမ်မှာ သူတို့ရဲ့အပြုအမူပြောင်းလဲလာတာတွေကို ဂရုစိုက်သတိထားတာ၊ ဆရာ/ဆရာမနဲ့ တိုင်ပင်တာ၊ စိတ်ခွန်အားပေးတာတွေ လုပ်ပေးဖို့လိုပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement