backup og meta

ဂီတ (Music) ဟာ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဂီတ (Music) ဟာ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

    ဒီကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့ သက်ရှိမျိုးစိတ်တွေထဲမှာ လူသားများနဲ့ တခြားသတ္တဝါတွေကြား ခြားနားမှုဟာ ဂီတ ဆိုတဲ့ အကြောင်းအရာလည်း ပါဝင်ပါတယ်။ လူသားများဟာ ဂီတကို ဖန်တီးနိုင်စွမ်းနဲ့ ခံစားနိုင်စွမ်းရှိပါတယ်။ လူသားဦးနှောက်ဟာ ဂီတသံနဲ့ သာမန်ဆူညံသံကို ခွဲခြားနားလည်နိုင်ပါတယ်။ ဂီတရဲ့ ပြင်းအား၊ သံစဉ်၊ စည်းချက်၊ အနိမ့်အမြင့်အတက်အကျအလိုက် ဦးနှောက်ရဲ့ လမ်းကြောင်းအသီးသီးမှာ ခွဲဝေလုပ်ဆောင်ပြီး လူ့ကိုယ်ခန္ဓာအပေါ်လည်း သက်ရောက်မှုရှိပါတယ်။ ဥပမာ မြန်ဆန်တဲ့တေးသွားဟာ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းကိုပါ မြန်ဆန်အောင်လှုံ့ဆော်နိုင်ပြီး သွေးပေါင်ချိန်ကိုလည်း တက်လာစေပါတယ်။ နှေးကွေးတဲ့သံစဉ်နဲ့ သီချင်းအေးအေးများဟာ ဆန့်ကျင်ဘက် သက်ရောက်မှုရှိပါတယ်။

    တေးဂီတနဲ့ပတ်သက်ပြီး အများလက်ခံထားကြတဲ့ အချက်ကတော့ ဂီတသံကိုကြားချိန်မှာ ဦးနှောက်ကနေ ဒိုပါမင်းလို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လွှတ်ပါတယ်။ အဆိုပါဓာတ်ဟာ လူတွေရဲ့စိတ်အပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။ ပြင်းပြတဲ့ စိတ်ခံစားမှုဖြစ်တဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်း စတာတွေကိုဖြစ်ပေါ်စေပြီး တစ်ခါတရံမှာ လူတွေအတွက် တွန်းအားတစ်ခုခုဖြစ်ပေါ်စေတတ်ပါတယ်။ သုတေသီတချို့ရဲ့အဆိုအရ တေးဂီတဟာ လူတွေရဲ့ကျန်းမာရေးအပေါ် ကောင်းကျိုးသက်ရောက်စေတယ်လို့ ဆိုပါတယ်။ အခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမှာကတော့ တေးဂီတဟာ လူသားတွေရဲ့ ကျန်းမာရေးကို ဘယ်လိုမျိုး အထောက်အကူပြုသလဲ ဆိုတာပါပဲ။

    ဂီတ (Music) ဟာ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

    ဂီတ (Music) ဟာ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ ဆိုတော့

    ၁။ စိတ်ပိုင်းဆိုင်ရာ အကျိုးပြုခြင်း

    တေးဂီတနားထောင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်ခြင်း၊ နေထိုင်ကောင်းခြင်းကို ဖြစ်စေပါတယ်။ စိတ်ခံစားမှုတွေကို ထိန်းညှိပြီး နေ့စဉ်ဘဝမှာ ပျော်ရွှင်အေးချမ်းနိုင်ဖို့ အထောက်အကူပြုပါတယ်။

    ၂။ စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း

    ငြိမ့်ညောင်းတဲ့ တေးဂီတသံများကို နားဆင်ပေးခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ ဆေးဝါးကုသမှုတစ်ခုခု ဥပမာ ခွဲစိတ်ခြင်း၊ သွားနုတ်ခြင်း၊ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း ပြုလုပ်မယ့်လူနာတွေမှာလည်း စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

    ၃။ စိတ်ပူပန်မှုလျော့နည်းစေခြင်း

    ကင်ဆာဝေဒနာခံစားနေရတဲ့ လူနာတွေမှာ ပုံမှန်ကုသမှုတွေအပြင် တေးဂီတပါပူးတွဲနားထောင်ခြင်းဟာ ကုသမှုချည်းသက်သက်ခံယူနေသူတွေနဲ့စာရင် စိတ်ပူပန်မှုတွေကို ပိုမိုလျော့ကျစေတယ်လို့ သိရပါတယ်။

    ၄။ ကိုယ်လက်လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေခြင်း

    အေရိုးဗစ်လေ့ကျင့်ခန်း၊ ကာဒီယိုလေ့ကျင့်ခန်း စတာတွေဟာ တေးဂီတနဲ့ပူးတွဲလုပ်ဆောင်ရင် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပိုမိုလှုံ့ဆော်မှုဖြစ်စေနိုင်ပါတယ်။ လုပ်ဆောင်နိုင်စွမ်းလည်း ပိုမိုတိုးတက်စေပါတယ်။

    ၅။ မှတ်ဉာဏ်ကောင်းမွန်စေခြင်

    တေးဂီတသံစဉ်များဟာ ဦးနှောက်ရဲ့အလုပ်လုပ်ပုံကို အကျိုးပြုပြီး မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ လေဖြတ်ပြီးပြန်ကောင်းလာသူတွေမှာ တေးဂီတကို နားထောင်ပေးရင် မှတ်ဉာဏ်ကို တိုးတက်စေပြီး အာရုံရှုပ်ထွေးမှုကို သက်သာစေပါတယ်။ အာရုံစူးစိုက်မှုအားကောင်းစေပါတယ်။

    ၆။ နာကျင်မှုကို သက်သာစေခြင်း

    ခွဲစိတ်မှုခံယူပြီးကာစ လူနာတွေကို သုတေသနပြုလုပ်ရာမှာ ခွဲစိတ်မှုမတိုင်မီ၊ ခွဲစိတ်နေစဉ် (သို့) ခွဲစိတ်ပြီးချိန်မှာ သီချင်း ဒါမှမဟုတ် ဂီတသံတစ်မျိုးမျိုးကို နားထောင်သူများဟာ နာကျင်မှုကို ပိုပြီးသက်သာစေတယ်လို့ သိရပါတယ်။ တေးဂီတနားမထောင်တဲ့ တခြားသော ခွဲစိတ်လူနာတွေနဲ့ယှဉ်ရင် ရလဒ်လည်း ပိုပြီးကောင်းတယ်လို့ သိရပါတယ်။

    ၇။ သက်သောင့်သက်သာရှိခြင်း၊ စိတ်လက်ချမ်းသာခြင်း

    ဂီတကုထုံးဟာ လူမှုဆက်ဆံရေးနယ်ပယ်အတွက်၊ အကြောင်းအရာတစ်ခုခုကို ခြုံငုံသုံးသပ်ပြီး ကိုင်တွယ်နိုင်ဖို့အတွက် အထောက်အကူပြုပါတယ်။ အဆုံးစွန်သော ရောဂါဝေဒနာ ခံစားနေရသူများအတွက်လည်း ကြောက်ရွံ့မှု၊ အထီးကျန်မှုနဲ့ ဒေါသ စတဲ့ခံစားချက်တွေကို လမ်းကြောင်းလွှဲပြီး ဖော်ထုတ်လိုက်ဖို့ အကောင်းဆုံးအခွင့်အရေး တစ်ခုပါပဲ။

    ၈။ သိမှတ်မှုအားကောင်းစေခြင်း

    သီချင်းနားထောင်ခြင်းဟာ အယ်လ်ဇိုင်းမားရောဂါခံစားနေရသူတွေမှာ သတိမေ့လျော့မှုဖြစ်တတ်ခြင်းကို လျော့ကျစေပြီး မှတ်ဉာဏ်လည်း တိုးတက်စေတယ်လို့ ဆိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တချို့ကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။

    ၉။ အော်တစ်ဇင်ကလေးငယ်များကို အထောက်အကူပြုခြင်း

    သုတေသနပြုချက်တွေအရ အော်တစ်ဇင်ကလေးငယ်အချို့ကို ဂီတကုထုံးနဲ့ ကုသတဲ့အခါ လူမှုဆက်ဆံရေး တုံ့ပြန်မှု၊ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်၊ အာရုံစူးစိုက်မှုစွမ်းရည် စတာတွေကို တိုးတက်ကောင်းမွန်စေတယ်လို့ သိရပါတယ်။

    ၁၀။ လမစေ့ဘဲမွေးဖွားသော ကလေးငယ်များကို အကျိုးပြုခြင်း

    တေးဂီတသံ၊ သားချော့တေး စတာတွေဟာ ကလေးငယ်တွေရဲ့ အစာစားပုံ၊ နို့စို့ပုံတွေအပေါ် သက်ရောက်မှုရှိပါတယ်။ အထူးသဖြင့် လမစေ့ဘဲ မွေးဖွားတဲ့ကလေးငယ်တွေအတွက် ပိုပြီးအကျိုးပြုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement