backup og meta

စိတ်ကျန်းမာရေးနဲ့ အသားအရေ ကျန်းမာရေးကြားက ဆက်စပ်မှု

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 01/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကျန်းမာရေးနဲ့ အသားအရေ ကျန်းမာရေးကြားက ဆက်စပ်မှု

    စိတ်ကျန်းမာရေးက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခေါ်လာတတ်တယ်ဆိုတာကို အားလုံး သိထားပြီး ဖြစ်ပေမယ့် စိတ်ကျန်းမာရေးက အသားအရေ ကျန်းမာရေးအပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတာကိုတော့ သိသူက ခပ်ရှားရှားပါ။  ဒါကြောင့် အခုတစ်ခေါက်မှာတော့ စိတ်ကျန်းမာရေးနဲ့ အသားအရေ ကျန်းမာရေးကြားက ဆက်စပ်မှု အကြောင်းလေး လေ့လာလိုက်ရအောင်နော်။

    စိတ်ကျန်းမာရေး အခြေအနေက အသားအရေပေါ်မှာ သက်ရောက်မှု ရှိသလား!

    စိတ်ကျန်းမာရေး အခြေအနေ အတိအကျ ပြောရရင် စိတ်ခံစားမှုတွေက အသားအရေ ကျန်းမာရေး အပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ အသားအရေကို ထိန်းသိမ်းနေပေမယ့်လည်း တစ်ခါတလေမှာ မထိရောက်တာမျိုး ရှိနိုင်တယ်လေ။ ဒါက စိတ်ဖိစီးမှုတွေ စိုးရိမ်စိတ် များတာတွေကြောင့် ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲမှုကြောင့် ဖြစ်ရတာပါ။

    ဒါကြောင့်ပဲ စိတ်ဖိစီးရင်း ဝက်ခြံတွေ ပိုဆိုးလာတာ၊ ရှိရင်းစွဲ အရေပြားပြဿနာတွေ ပိုဆိုးလာတာမျိုးပေါ့။ ဥပမာ- ပြောရရင် ဆိုရီရေးစစ်တို့ နှင်းခူတို့လိုမျိုး ကျန်းမာရေး ပြဿနာတွေပေါ့။ 

    စိတ်ကျန်းမာရေးနဲ့ အသားအရေ ကျန်းမာရေးကြားက ဆက်စပ်မှု

    စိတ်ကျန်းမာရေးနဲ့ အသားအရေ ကျန်းမာရေးကြားက ဆက်စပ်မှု အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ 

    • စိတ်ဖိစီးမှုက ရှိရင်းစွဲ အရေပြား ပြဿနာတွေကို ပိုဆိုးစေတယ်

    စိတ်ဖိစီးစရာတွေကို တွေ့ကြုံနေရချိန်မှာ ကိုယ်တွင်းက ကော်တီစောလို့ ခေါ်တဲ့ ဟော်မုန်း တစ်မျိုးကို ထုတ်လွှတ်ပါတယ်။ ဒီလို ထုတ်လွှတ်မှုက အနာကျက်တာကို နှေးစေသလို ဝက်ခြံ ထွက်စေတာ၊ အရေပြား ရောင်ရမ်းမှုတွေကို ပိုဆိုးတာတွေအပြင် ဆိုရီရေးစစ်နဲ့ အမျိုးမျိုးသော အရေပြား ပြဿနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ 

    • စိုးရိမ်စိတ်များတာက အသားအရေကို ပျက်စီးစေတယ်

    စိုးရိမ်စရာ အခိုက်အတန့်တွေ၊ စဉ်းစားရကြပ်တဲ့ အခိုက်အတန့်တွေမှာ ဆံပင်တွေကို နုတ်တတ်ကြတာမျိုးရှိသလို လက်သည်းကိုက်တာ၊ အသားကို အထူးသဖြင့် မျက်နှာ အသားအရေကို ကုတ်ဖဲ့တာမျိုး လုပ်တတ်ကြပါတယ်။ ဒီလို လုပ်တာက အရေပြားရဲ့ အပေါ်ယံက အကာအကွယ်ပေးထားတဲ့ အလွှာလေးကို ပျက်စီးစေပြီး ဝက်ခြံတွေ ရောင်ရမ်း ပိုးဝင်တာ၊ အသားအရေ ထိခိုက် ပျက်စီးတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ 

    • စိတ်ဖိစီးမှုက အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ အမှားအယွင်းတွေကို ဖြစ်စေတယ်

    စိတ်ဖိစီးပြီဆိုရင် အသားအရေကို ထိန်းသိမ်းဖို့ ပျက်ကွက်တာမျိုး ရှိသလို အသားအရေ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဆီကြော်စာတွေ၊ အပူအစပ်၊ ကဖင်း နဲ့ အရက်စတာတွေကို သောက်သုံး စားသုံးတာမျိုးတွေ ရှိလာပါတယ်။

    နောက်ပြီး အိပ်ရေးဝအောင် အိပ်ပျော်ဖို့ ခက်တာမျိုးရောပေါ့။ ဒီလိုမျိုး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာတွေရဲ့ ဆိုးကျိုးတွေက အရေပြားပေါ်မှာလည်း တိုက်ရိုက် သက်ရောက်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ 

    စိတ်ဖိစီးတာက အပေါ်မှာ ပြောခဲ့သလိုပဲ ရှိရင်းစွဲ အရေပြား ပြဿနာတွေကို ပိုပြီး ပြင်းထန်တာမျိုးတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု ဖြစ်ရင် ဝက်ခြံတစ်လုံး ထွက်လာတတ်သူတွေကတော့ ဒီအခြေအနေကို ကောင်းကောင်း နားလည်မှာပါ။ မပျော်ရွှင်မှုတွေက အသားအရေ ကြည်လင်နိုင်စွမ်းကိုပါ ထိခိုက်စေတာပါ။ 

    • ဒေါသဖြစ် အလိုမကျမှုက မျက်မှုန်ကျုံ့မိစေပြီး အရေးအကြောင်းထင်စေတယ်

    စိတ်ဆိုး ဒေါသထွက်လာပြီဆိုရင် မျက်မှုန်ကျုံ့မိတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒီလိုမျိုး မျက်မှုန်ကျုံ့တာ၊ မျက်နှာမှာ အရယ်အပြုံးနည်းသွားပြီး မှုန်သုန်သုန် ဖြစ်နေတာက အရေပြားတွေကို ဆွဲကျုံ့ထားသလို ဖြစ်ပြီး အရေပြားမှာ အရေးအကြောင်းထင်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    ဒါကြောင့် စိတ်ဆိုး ဒေါသဖြစ်တဲ့ စိတ်အခြေအနေကြောင့် အသားအရေ ထိခိုက်တာမျိုး မဖြစ်စေဖို့ ဂရုစိုက်ပါ။ 

    စိတ်ကျန်းမာရေး အနေအထားကြောင့် အသားအရေ ထိခိုက်မှု ကင်းစေဖို့

    စိတ်ကျန်းမာရေး အနေအထားကြောင့် အသားအရေ ထိခိုက်မှု ကင်းစေဖို့ ဆိုရင် – 

    • ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရ မျှတတာတွေကို စားပေးပါ 

    နေ့စဉ်စားသုံးမှုတွေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ကိုရော အသားအရေ အပါအဝင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ကောင်းမွန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား၊ အမြန်စား  အစားအစာတွေအစား အိမ်ချက် ထမင်း၊ ဟင်း၊ အသီးအရွက်၊ အသား၊ ငါး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ ရေများများသောက်တာမျိုးတွေ လုပ်ပေးပါ။ 

    • စိတ်ဖိစီးမှု ဖြေလျော့ပါ

    စိတ်ဖိစီးမှုများနေတာမျိုး စိုးရိမ်စိတ် လွန်ကဲနေတာမျိုးတွေများ ခံစားနေရလားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။ စိတ်ဖိစီးမှု များနေမယ်ဆိုရင် တရားထိုင်တာမျိုး၊ အတွေး မလွန်အောင် ရပ်ပစ်တာမျိုးတွေ လုပ်ပေးလို့ ရသလို ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ အိပ်ရေးဝဝ အိပ်လိုက်တာမျိုးတွေ လုပ်ပေးပါ။

    ဒီလို လုပ်ပေးတာက စိတ်လက်အနားရစေပြီး အရေပြားကျန်းမာရေးအပေါ်မှာလည်း သက်ရောက်မှု နည်းသွားစေမှာပါ။ စိတ်ဖိစီးမှု ပြေလျော့အောင် လုပ်တာက ကိုယ်တွင်းက ဟော်မုန်းတွေကို ထိန်းညှိပေးရာ ရောက်သလို ဟော်မုန်း အပြောင်းအလဲကြောင့် ဝက်ခြံဖြစ်တာမျိုးကိုလည်း လျော့ပါးစေမှာပါ။

    • ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ

    ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ပျော်ရွှင်ခြင်း ဟော်မုန်းတွေကို ထွက်စေပြီး စိတ်ဖိစီးမှုများတာ၊ စိုးရိမ်စိတ် လွန်ကဲတာမျိုးတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပြီး အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် စိတ်ဖိစီးမှု ကင်းကင်းနဲ့ အသားအရေ ကျန်းမာစေဖို့ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လေး လုပ်ပေးပါ။

    စိတ်ကျန်းမာရေး အခြေအနေက အသားအရေ ကျန်းမာရေးအပေါ်မှာ အခုလို သက်ရောက်မှုလေးတွေ ရှိနေတာကြောင့် မလိုအပ်ဘဲ စိတ်ဖိစီးတာမျိုး မဖြစ်အောင် ဂရုပြုပါ။ တစ်နေ့တာမှာ မလွှဲသာ မရှောင်သာ ကြုံတွေ့ရတဲ့ အသေးအမွှား စိတ်အနှောင့်အယှက် ဖြစ်စရာလေးတွေကြောင့် အသားအရေ လှပမှုတွေကို မထိခိုက်စေဖို့ သတိချပ်စေလိုပါတယ်။ 

    # ဝက်ခြံ မဖြစ်အောင် ကာကွယ်ပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 01/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement