backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Erythromycin (အယ်ရီသရိုမိုင်ဇင်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Erythromycin (အယ်ရီသရိုမိုင်ဇင်)

Erythromycin (အယ်ရီသရိုမိုင်ဇင်) က generic ပိုးသတ်ဆေး တစ်မျိုးပါ။ ဘက်တီးရီးယား ကူးစက်မှုတွေကို သက်သာစေဖို့ အသုံးပြုပါတယ်။ Erythromycin (အယ်ရီသရိုမိုင်ဇင်)က  Macrolide အမျိုးအစား ပိုးသတ်ဆေး ဖြစ်ပါတယ်။ ဘက်တီးရီးယား ပေါက်ဖွားမှုကို ဟန့်တားပေးပါတယ်။

Erythromycin (အယ်ရီသရိုမိုင်ဇင်)က ဘက်တီးရီးယား ကူးစက်မှုတွေကိုပဲ ထိထိရောက်ရောက် သက်သာစေတာပါ။ ဗိုင်းရပ်စ် ကူးစက်မှုအတွက် အသုံးမဝင်ပါဘူး။ ဆရာဝန်က ညွှန်းတာမျိုး မရှိဘူးဆိုရင် ပဋီဇီဝပိုးသတ်ဆေးတွေကို အသုံးမပြုပါနဲ့။

အသုံးပြုပုံများ

Erythromycin (အယ်ရီသရိုမိုင်ဇင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Erythromycin (အယ်ရီသရိုမိုင်ဇင်)ကို

  • ဝက်ခြံ
  • ခွဲစိတ်ချုပ်ရိုးကနေ ပိုးဝင်တာကို ကာကွယ်ဖို့
  • အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာ
  • အရေပြားနဲ့ တစ်ရှူးပျော့ ပိုးဝင် ကူးစက်တာ
  • gram-negative နဲ့ gram-positiveကူးစက်မှု
  • မွေးစကလေးတွေမှာ ပိုးဝင်ကူးစက်တာကြောင့် မျက်စိနာတာ
  • မျက်စိပိုးဝင်ကူးစက်တာတွေကို သက်သာစေဖို့ အသုံးပြုကြပါတယ်။

Erythromycin (အယ်ရီသရိုမိုင်ဇင်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးရဲ့ အချက်အလက် စုံစုံလင်လင် သိရနိုင်စေဖို့အတွက် ဆေးဘူးမှာပါတဲ့ အညွှန်းတွေကို သေချာဖတ်ပါ။ ဆေးရဲ့ ကုန်ဆုံးရက်ကို စစ်ဆေးပါ။

မျိုချရမယ့် ဆေးကို ဝါးစားတာ၊ အမှုန့်ချေတာမျိုး မလုပ်ပါနဲ့။ သောက်ဆေးမှုန့်ကိုတော့ ရေသန့်သန့်နဲ့ နှံ့အောင်ဖျော်ပါ။ ဆေးဘူးမှာပါတဲ့ အညွှန်းအတိုင်း လိုက်နာပါ။ ဆေးညွှန်းမှာပါတဲ့ ခွက်အတိုင်း ချိန်ဆပါ။ အိမ်သုံးဇွန်းနဲ့ သောက်တာမျိုး မလုပ်ပါနဲ့။

လိမ်းဆေးအတွက်တော့ ဆေးကို မလိမ်းခင် နဲ့ လိမ်းပြီးချိန်မှာ လက်တွေကို သေချာ ဆေးကြောပါ။ ဆေးဘူးရဲ့ အဝကို လက်နဲ့ ထိတာမျိုး မလုပ်ပါနဲ့။ လိုအပ်မယ်ဆိုရင် ဂွမ်းစသန့်သန့်လေးကို အသုံးပြုပါ။

ထိုးဆေးကိုတော့ လိုင်စင်ရဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းသာ လုပ်ဆောင်ရပါမယ်။

Erythromycin (အယ်ရီသရိုမိုင်ဇင်)ကို ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Erythromycin (အယ်ရီသရိုမိုင်ဇင်)ကိုကို အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Erythromycin (အယ်ရီသရိုမိုင်ဇင်)ကို သုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ လိမ်းဆေးတွေကတော့ ယေဘုယျအားဖြင့် စိတ်ချရပါတယ်။ ဒါပေမယ့် ဆေးအသုံးမပြုခင်မှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် B ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Erythromycin (အယ်ရီသရိုမိုင်ဇင်)ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ဓာတ်မတည့်တာ
  • အရေပြား အဖက်လန်တာ၊ နီမြန်းယားယံတာ
  • သွေးပေါင်ကျတာ
  • အစာခြေစနစ် ပြဿနာ
  • အစားစားချင်စိတ် နည်းတာ
  • ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
  • အဖျားတက်တာ
  • နုံးတာ
  • နားအူတာ
  • အကြားအာရုံ ဆုံးရှုံးတာတွေပါ။

အခုပြောတဲ့ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရမယ်ဆိုရင် မြန်နိုင်သမျှ မြန်မြန် ဆေးဝါးကုသမှု ခံယူပါ။

  • ရုတ်တရက် သေဆုံးမှုကို ဖြစ်စေနိုင်တဲ့ နှလုံးခုန်နှုန်း မမှန်တဲ့ ရောဂါ
  • ဘက်တီးရီးယားတွေကြောင့် အူမကြီး ရောင်တာ
  • ပြင်းထန်တဲ့ ပိုးဝင်ကူးစက်မှု
  • ကြွက်သားတွေကို ထိခိုက်စေနိုင်တဲ့ နာတာရှည် autoimmune ရောဂါ
  • ကလေးငယ်လေးတွေမှာဖြစ်တဲ့ အစာခြေထွက်ပေါက် ကျဉ်းတဲ့ ပြဿနာ
  • ပြင်းထန်တဲ့ အသည်းပျက်စီးမှု

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Erythromycin (အယ်ရီသရိုမိုင်ဇင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Erythromycin က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • ဗိုင်းရပ်တိုက်ဖျက်ပေးတဲ့ဆေး
  • မှိုသတ်ဆေး
  • အခြားပဋီဇီဝပိုးသတ်ဆေးတွေ
  • ကင်ဆာဆေး
  • Statin အမျိုးအစား သွေးတွင်းအဆီကျဆေး
  • ငှက်ဖျားဆေး
  • သွေးတိုးကျဆေး
  • ခုခံအားထိန်းဆေး
  • စိတ်ကျရောဂါဆေး
  • စတီးရွိုက်ဆေး

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Erythromycin (အယ်ရီသရိုမိုင်ဇင်)ကို နဲ့ ဓာတ်ပြုနိုင်သလား

Erythromycin (အယ်ရီသရိုမိုင်ဇင်)က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီဆေးကို အစာမစားခင် သောက်နိုင်ပါတယ်။  မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Clindamycinနဲ့ ဓာတ်ပြုနိုင်သလဲ

Erythromycin (အယ်ရီသရိုမိုင်ဇင်)က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • နှလုံးခုန်နှေးတာ
  • နှလုံးခုန် စည်းချက်ပြဿနာ (ဥပမာ –  QT prolongation)
  • သွေးထဲမှာ ပိုတက်ဆီယမ် နည်းတာ
  • သွေးထဲမှာ မဂ္ဂနီဆီယမ် နည်းတာ
  • နှလုံးညှစ်အားကျနေတာ
  • အသည်းရောဂါ
  • အရိုးနဲ့ ကြွက်သားတွေကို ထိခိုက်စေနိုင်တဲ့ နာတာရှည် autoimmune ရောဂါ (Myasthenia gravis) ရှိသူတွေပါ။
  • ဆေးသုံးရန်အညွှန်း

    အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ

    ခွဲစိတ်ချုပ်ရိုးကို ပိုးဝင်ကူးစက်တာကို ကာကွယ်ဖို့၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ကူးစက်တာ၊ အရေပြားနဲ့ တစ်ရှူးပျော့ ပိုးဝင်ကူးစက်တာ၊ Gram-negative infections ၊ Gram-positive infections တွေကို ကုသဖို့အတွက်

    အကြောသွင်းဆေး အနေနဲ့ အစပိုင်းမှာ တစ်နေ့တာမှာ  erythromycin lactobionate အနေနဲ့ ၁ ဂရမ် ကနေ ၂ ဂရမ် ပေးလို့ ရပါတယ်။ ကိုယ်အလေးချိန်ကို လိုက်ပြီး 25 mg per kg ကို ၂ ကြိမ် ကနေ ၄ ကြိမ်ခွဲပြီး ပေးလို့ ရပါတယ်။ ပြင်းထန်တဲ့ ကူးစက်ရောဂါတွေအတွက် အများဆုံး အနေနဲ့ တစ်နေ့ကို ၄ ဂရမ် ဒါမှမဟုတ် 50 mg per kg ပေးရပါမယ်။ အကြောဆေးအနေနဲ့ ၂ ရက် ကနေ ၇ ရက် ပေးပြီးနောက်မှာ သောက်ဆေး စသောက်လို့ ရပါတယ်။

    သောက်ဆေးအနေနဲ့ တစ်နေ့ကို ၁ ဂရမ် ကနေ ၂ ဂရမ် ၂ ကြိမ် ကနေ ၄ ကြိမ် ခွဲသောက်ပေးပါ။ ပြင်းထန်တဲ့ ကူးစက်မှုတွေအတွက်ဆိုရင် ဆေးပမာဏကို တစ်နေ့ကို ၄ ဂရမ် အထိ တိုးပေးလို့ ရပါတယ်။ ဆေးတစ်ကြိမ်စာမှာ ၁ ၈ရမ်ထက် မပိုရပါဘူး။

    မျက်စိတွင်း ပိုးဝင်ကူးစက်မှု အတွက်

    ပြင်းထန်မှုအပေါ်မူတည်ပြီး လိမ်းဆေးအဆီကို တစ်ခါလိမ်း ‌လက်ချောင်းပေါ် ၁ စင်တီမီတာ ပမာဏကို ၄ နာရီ တစ်ကြိမ် ဒါမှမဟုတ် တစ်ကြိမ်ထက်ပိုပြီး အသုံးပြုပေးလို့ ရပါတယ်။ ရောဂါပိုး ကူးစက်မှု ပြင်းထန်တဲ့ အတိုင်းအတာကို လိုက်ပြီး အသုံးပြုပေးလို့ ရပါတယ်။

    ဝက်ခြံ

    ဝက်ခြံနေရာမှာ ခပ်ပါးပါးနဲ့ တစ်နေ့ကို ၁ ကြိမ် ကနေ ၂ ကြိမ် လိမ်းပေးလို့ ရပါတယ်။ အခြေအနေက ၆ ပတ် ကနေ ၈ ပတ်အထိ ကြာလို့မှ မသက်သာဘူးဆိုရင်တော့ ဆေးလိမ်းတာကို ရပ်လိုက်ပါ။

    ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ

    ခွဲစိတ်ချုပ်ရိုးကို ပိုးဝင်ကူးစက်တာကို ကာကွယ်ဖို့၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ကူးစက်တာ၊ အရေပြားနဲ့ တစ်ရှူးပျော့ ပိုးဝင်ကူးစက်တာ၊ Gram-negative infections ၊ Gram-positive infections တွေကို ကုသဖို့အတွက်

    အကြောသွင်းဆေး အနေနဲ့ ကိုယ်အလေးချိန်ကို လိုက်ပြီး 15 to 20 mg per kg ကို ၄ ကြိမ်ခွဲပြီး ပေးလို့ ရပါတယ်။ ပြင်းထန်တဲ့ ကူးစက်ရောဂါတွေအတွက် အများဆုံး အနေနဲ့ တစ်နေ့ကို 4 g ပေးရပါမယ်။ အကြောဆေးအနေနဲ့ ၂ ရက် ကနေ ၇ ရက် ပေးပြီးနောက်မှာသောက်ဆေး စသောက်လို့ ရပါတယ်။

    သောက်ဆေးအနေနဲ့ ကိုယ်အလေးချိန်ကို လိုက်ပြီး တစ်နေ့ကို 30 to 50 mg per kg ကို ၂ ကြိမ် ကနေ ၄ ကြိမ် ခွဲသောက်ပေးပါ။ ပြင်းထန်တဲ့ ကူးစက်မှုတွေအတွက်ဆိုရင် ဆေးပမာဏကို ၂ ဆတိုး သောက်လို့ ရပါတယ်။

    မွေးစကလေးတွေမှာ ပိုးဝင်ကူးစက်တာကြောင့် မျက်စိနာတာကို ကာကွယ်ဖို့ 

    လိမ်းဆေးအဆီကို တစ်ခါလိမ်း ၁ စင်တီမီတာ ပမာဏကို မျက်လုံးအောက်ဖက် မျက်ရည်အိတ်နေရာကို လိမ်းပေးပါ။

    မျက်စိတွင်း ပိုးဝင်ကူးစက်မှု အတွက်

    မျက်စိနဲ့ မျက်စိတစ်ရှူးတွေကို ပိုးဝင်ကူးစက်မှုအတွက် လိမ်းဆေးအဆီကို တစ်ခါလိမ်း ၁ စင်တီမီတာ ပမာဏကို ၄ နာရီ တစ်ကြိမ် ဒါမှမဟုတ် တစ်ကြိမ်ထက်ပိုပြီး အသုံးပြုပေးလို့ ရပါတယ်။ ရောဂါပိုး ကူးစက်မှု ပြင်းထန်တဲ့ အတိုင်းအတာကို လိုက်ပြီး အသုံးပြုပေးလို့ ရပါတယ်။

    ဝက်ခြံ

    ဝက်ခြံနေရာမှာ ခပ်ပါးပါး တစ်နေ့ကို ၁ ကြိမ် ကနေ ၂ ကြိမ် လိမ်းပေးလို့ ရပါတယ်။ အခြေအနေက ၆ ပတ် ကနေ ၈ ပတ်အထိ ကြာလို့မှ မသက်သာဘူးဆိုရင်တော့ ဆေးလိမ်းတာကို ရပ်လိုက်ပါ။

    Erythromycin (အယ်ရီသရိုမိုင်ဇင်)ကို ဘယ်လိုရရှိနိုင်သလဲ

    Erythromycin (အယ်ရီသရိုမိုင်ဇင်)ကို အောက်ပါ ပုံစံမျိုး၊ ပြင်းအားမျိုးတို့ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

    • မျက်စိလိမ်းဆေး –  5 mg/g
    • သောက်ဆေးတောင့် –  500 mg
    • သောက်ဆေးမှုန့် –  125 mg/5 mL, 200 mg/5 mL, 250 mg/5 mL
    • အစက်ချ သောက်ဆေး –  100 mg/mL

    ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

    Erythromycinကို သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သုံးပါ။ ဆေးနှစ်ကြိမ် သုံးတာမျိုး မလုပ်ပါနဲ့။

    ရေးသားသူ- Dr. Zin Thu Thu Win

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement