backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရာသီလာရက်မှာ မပင်ပန်းရအောင် ရှောင်စားသင့်တဲ့ အစားအသောက်တွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 09/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရာသီလာရက်မှာ မပင်ပန်းရအောင် ရှောင်စားသင့်တဲ့ အစားအသောက်တွေ

ဓမ္မတာလာချိန်မှာ ပုံမှန်ထက်ပိုဆိုးတဲ့လက္ခဏာတွေခံစားနေရတာ ဘာကြောင့်လဲ သိပါသလား။ ရာသီလာရက်မှာ ကိုယ့်ရဲ့စားသောက်ပုံတွေက ကောင်းကျိုးပေးနိုင်သလို ဆိုးကျိုးလည်းပေးနိုင်တာကြောင့် သတိထားဆင်ခြင်သင့်ပါတယ်။

အမျိုးသမီးတွေမှာ လစဉ်ကြုံတွေ့ရတဲ့ ဓမ္မတာဖြစ်တဲ့ ရာသီသွေးဆင်းခြင်းဟာ နာကျင်ကိုက်ခဲမှု၊ ဗိုက်အောင့်ခြင်း၊ ဗိုက်ပွခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်းတို့ဖြစ်စေတတ်တဲ့ ခံစားရခက်တဲ့အချိန်ကာလဖြစ်ပါတယ်။ အမျိုးသမီး ၈၅ ရာခိုင်နှုန်းဟာ ရာသီလာနေစဉ်အတွင်းမှာ သည်လက္ခဏာတွေ ခံစားရတတ်ပါတယ်။

သည် ၃၊ ၄ ရက်အတွင်းမှာ နာကျင်ကိုက်ခဲမှုဝေဒနာ၊ မောပန်းနွမ်းနယ်မှု၊ စိတ်မတည်ငြိမ်မှုတွေနဲ့ လုံးပန်းနေရပြီဆိုရင် ကိုယ်ဘာတွေစားမိနေသလဲဆိုတာ တချက် စစ်ကြည့်သင့်ပါတယ်။ တကယ်တော့ တချို့အစားအစာတွေက သင့်ရဲ့စိတ်ပူပန်မှုတွေကို တိုးစေပြီး ဗိုက်အောင့်ခြင်းကို ပိုခံစားရစေပါတယ်။ ပြဿနာများတဲ့ အစားအစာတွေကို ရှောင်နိုင်ရင်တော့ နောက်တစ်လမှာ ခံစားရတဲ့ဝေဒနာတွေ လျော့နည်းသွားစေနိုင်ပါတယ်။

စားသောက်ပုံအာဟာရ၊ အိပ်စက်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုတို့က သင့်ရဲ့ ရာသီစက်ဝန်းမှာ အဓိကအရေးပါနေပါတယ်။ ရာသီလာရက်မှာ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ ဥအမျိုးမျိုး၊ ပြောင်းနှံများ၊ ကြက်သား၊ ဘဲသား ၊ဗာဒံစေ့တို့လို ဗီတာမင်ဘီကြွယ်ဝတာတွေ၊ အချဉ်သီးတွေ၊ ငရုတ်နီတောင့်၊ စတော်ဘယ်ရီတို့လို ဗီတာမင်စီပါဝင်တာတွေကို စားသုံးနိုင်ပါတယ်။

ရာသီလာရက်မှာ ရှောင်သင့်တဲ့အစားအစာများ

၁) ပြုပြင်စီမံထားတဲ့အစားအစာများ

ရာသီလာရက်မှာ ဝေဒနာတွေ မခံစားရစေဖို့ လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ ဂျုံပြောင်းနှံတွေကို စားပေးပါ။ ပြုပြင်စီမံထားတဲ့ အစားအစာတွေဟာ ကာဗိုဟိုက်ဒရိတ်တွေဆီက ထုတ်လုပ်ထားတာဖြစ်ပြီး သင့်ကို မောပန်း အားကုန်စေ၊ စိတ်အပြောင်းအလဲမြန်စေတဲ့ ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ့အပြင် အစားအစာကို ပိုကြည့်ကောင်းစေဖို့၊ ပိုအရသာရှိစေဖို့ အငန်ဓာတ်၊ ဓာတုပစ္စည်းနဲ့ အရသာအတုတွေ ပိုထည့်ထားပါတယ်။ ဥပမာ –

  • ပေါင်မုန့်အဖြူ
  • ပါစတာ
  • အာလူးကြော်၊ သရေစာမုန့်အထုပ်လေးတွေလို အစားအစာတွေ
  • အမျှင်ဓာတ်နည်းတဲ့ ကွေကာ၊
  • အရည်အသွေးမမီတဲ့ ကွတ်ကီး၊ ကိတ် စတာတွေကို ဆင်ခြင်စားသုံးသင့်ပါတယ်။

ဂျုံပြောင်းနှံထုတ်ကုန်တွေနဲ့ ပြုပြင်စီမံမှုနည်းတဲ့ အစားအစာတွေကို ရွေးချယ်စားပါ။ဖြစ်နိုင်ရင် အော်ဂင်းနစ် အစားအစာတွေကိုစားပါ။

၂) အဆီများတဲ့ ဆီကြော် အစားအစာတွေ

ရာသီလာရက်မှာ ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုတွေက ခန္ဓာကိုယ်အတွင်းမှာ ဖြစ်နေတဲ့ ပြင်းထန်တဲ့ရောင်ရမ်းမှုနဲ့ ဆက်နွှယ်နေနိုင်ပါတယ်။ သည်အခြေအနေကို အသည်းထဲက C-reactive protein (CRP) ပမာဏကို စစ်ဆေးပြီး တိုင်းတာနိုင်ပါတယ်။ CRP ပမာဏမြင့်မားတဲ့ သက်လတ်ပိုင်းအမျိုးသမီးတွေမှာ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း၊ လေပွခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း စတဲ့လက္ခဏာတွေဖြစ်နိုင်ခြေ ၄၁ ရာခိုင်နှုန်း အထိဖြစ်စေနိုင်ပါတယ်လို့ သုတေသနတစ်ခုအရ သိရပါတယ်။

အဆီများလွန်းတဲ့ အစားအစာတွေ၊ ပြည့်ဝဆီတွေနဲ့ trans fats တွေ စားတာများရင် ခန္ဓာကိုယ်ထဲရောင်ရမ်းမှုဖြစ်စေနိုင်ပါတယ်။

  • အာလူးချောင်းကြော်၊ ဒိုးနတ်တို့လို ဆီကြော် အစားအစာတွေ
  • ကိတ်မုန့်၊ အချိုမုန့်တွေ
  • အသင့်အမြန်စား အစားအစာတွေ
  • အဆီများတဲ့ အနီရောင်အသားတွေ
  • ချိစ်နဲ့ အဆီများတဲ့နို့ထွက်ပစ္စည်းတွေ

ဒါကြောင့် ချက်ပြုတ်ရာမှာ ဆီလျှော့ပါ၊၊ သံလွင်ဆီကိုသုံးပါ။ နို့ထွက်ပစ္စည်းတွေမှာ အဆီနည်းတဲ့ အမျိုးအစားတွေကို ရွေးဝယ်ပါ။

၃) အငန်များတဲ့ အစားအစာတွေ

ရာသီလာရက်မှာ ဗိုက်ကယ်ခြင်း၊ လေပွခြင်းတို့ကို လစဉ်ခံစားနေရတယ်ဆိုရင် အငန်များတဲ့အစာတွေကို ရှောင်နိုင်ပါတယ်။ အငန်အစားများခြင်းက အရည်ဓာတ်ထိန်းသိမ်းမှုကို ပျက်ယွင်းစေပြီး ဖောရောင်ခြင်းကို ဖြစ်စေကာ သွေးတက်စေနိုင်ပါတယ်။

  • အငန်များတဲ့သရေစာမုန့်တွေ
  • ဆားစိမ်၊ သနပ်များ
  • ပဲအနှစ်၊ မာရိုးနစ် တို့လို အသင့်သုံး အနှစ်၊ ဆော့စ်များ
  • ကင်ထား၊ ချက်ထား၊ စည်သွပ်ထားသော အသားများ
  • ချိစ်များ
  • စည်သွပ်ဘူးများကို ရှောင်ပါ။

၄) အချိုများတဲ့ အစားအစာများ

စိတ်မတည်ငြိမ်တာနဲ့ စိတ်ပူပန်မှုတွေကြောင့် သကြားလုံးတွေ၊ အချိုများတဲ့အစားအစာတွေကို တောင့်တနေတတ်ပါတယ်။ အချိုများတာ စားလိုက်ရင် အားအမြန်ပြည့်သွားသလိုခံစားရပြီး ခန္ဓာကိုယ်ထဲ ပျံ့နှံ့ပြီးတာနဲ့ သွေးတွင်းသကြားဓာတ်က တဟုန်ထိုးမြင့်တက်သွားပါလိမ့်မယ်။ ဒါဆိုရင် သင်ခံစားရမှာက အရင်ကထက်ပိုဆိုးနေနိုင်ပါတယ်။ဒါ့ကြောင့် –

  • သကြားလုံး
  • အချိုများတဲ့ဆိုဒါရည်၊ အချိုရည်များ
  • ကိတ်များ
  • ကွတ်ကီး
  • သကြားဓာတ်ပါဝင်မှုများတဲ့အခြားမုန့်များကို ရှောင်ပါ၊၊

၅) အယ်ကိုဟော

အယ်ကိုဟောပါဝင်တဲ့ သောက်စရာတွေဟာ နာကျင်ကိုက်ခဲမှု၊ စိတ်မတည်ငြိမ်မှုကို သက်သာစေနိုင်တယ်လို့ ထင်ရပေမယ့် နောက်ဆုံးမှာ ပိုတောင်ဆိုးနိုင်ပါတယ်။ ရာသီလာရက်မှာ နာကျင်ကိုက်ခဲမှုဝေဒနာတွေကို ရက်ပိုရှည်စေနိုင်ပြီး ညလယ်မှာ တရေးနိုးစေတာမျိုး အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

၆) အဆီများတဲ့ အနီရောင်အသား

အဆီများတဲ့ အနီရောင်အသားတွေမှာ arachidonic အက်စစ်တွေပါဝင်ပြီး ခန္ဓာကိုယ်အတွင်းရောင်ရမ်းမှုကို ပိုဆိုးစေနိုင်တဲ့ prostaglandins ထွက်ရှိမှုနဲ့ ဆက်နွယ်နေတယ်လို့သိရပါတယ်။ဒ ါတွေအစား ရောင်ရမ်းမှုကို လျော့ကျစေမယ့် ဆော်လမွန်ငါး၊ တူနာငါးတို့လို omega-3 ကြွယ်ဝတဲ့ငါးတွေကိုသာ ပြောင်းစားလိုက်ပါ။ ပိုသက်သာစေပါလိမ့်မယ်။

၇) ကဖင်းဓာတ်

တကယ်တော့ ကဖင်းနဲ့ပတ်သက်ရင် ယတိပြတ်အဖြေက ထွက်မလာတတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ခန္ဓာကိုယ်ရဲ့ စကားကိုသာ နားထောင်လိုက်ပါ။ ရာသီလာနေချိန်မှာ တစ်နေ့လုံး ပင်ပန်းအားကုန်နေတာကို ဖြေဖျောက်ဖို့ လန်းဆန်းသွားအောင် ကော်ဖီ သို့မဟုတ် လက်ဖက်ရည်တစ်ခွက်သောက်မိမှာပါ။ ဒါပေမယ့် ကဖင်းက စိတ်ပူပန်မှုတွေကို မြင့်တက်စေနိုင်ပြီး စိတ်ဖိစီးမှုဟော်မုန်း cortisol ပမာဏကိုမြင့်တက်စေနိုင်လို့ စိတ်အပြောင်းအလဲမြန်စေနိုင်ပါတယ်။ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါသေးတယ်။ ဒါ့ပြင် သံဓာတ်စုပ်ယူမှုကိုလည်း အနှောင့်အယှက်ပေးနိုင်ပါတယ်၊၊

  • ကော်ဖီ
  • လက်ဖက်ရည်
  • ကဖင်းဓာတ်များတဲ့ အားဖြည့်အချိုရည်တွေ
  • ချောကလက်
  • ကော်ဖီသကြားလုံး၊ ချောကလက်အရသာသကြားလုံး တို့မှာ ကဖင်းပါဝင်မှုများပါတယ်။

ကဖင်းကို ရှောင်တာထက် လျှော့သောက်တာ၊ ထိန်းချုပ်တာကောင်းပါတယ်။ နေ့လယ်ခင်း၊ နေ့တဝက်လောက်အထိပဲ သောက်လို့ကောင်းပါတယ်။ ညနေပိုင်းသို့မဟုတ် ညအိပ်ရာမဝင်မီ နာရီပိုင်းအတွင်း သောက်တာမျိုးရှောင်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 09/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement