ဖြစ်နိုင်ခြေများ
Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
- အသက်အရွယ် – အသက်အရွယ်ကအဓိကအချက်ဖြစ်တယ်။ အသက် ၁၁ နဲ့အောက်မှာ အပျိုဖော်ဝင်သောမိန်းကလေးတွေမှာ ဓမ္မတာအချိန်ကြာကြာလာခြင်း၊ နာကျင်ကိုက်ခဲခြင်းတို့ ပိုခံစားရတတ်ပါတယ်။ အရွယ်ရောက်သူတွေမှာလည်း သားဥကြွေသောစက်ဝန်း ပုံမှန်မဖြစ်ခင်မှာ သွေးထိန်ခြင်းမျိုးဖြစ်တတ်ပါတယ်။ သွေးဆုံးခါနီးအမျိုးသမီးတွေမှာလည်း ရာသီထိန်ခြင်းမျိုးဖြစ်တတ်ပြီး တခါတခါ သွေးဆင်းများခြင်းများလည်းဖြစ်တတ်ပါတယ်။
- ကိုယ်အလေးချိန် – အလေးချိန်များလွန်းခြင်း၊ နည်းလွန်းခြင်းတွေကလည်း နာကျင်ကိုက်ခဲခြင်း၊ သွေးပျောက်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။
- ဓမ္မတာစက်ဝန်း – အချိန်ကြာပြီး သွေးဆင်းများတတ်သော ဓမ္မတာစက်ဝန်းမျိုးက ဗိုက်အောင့်ခြင်း၊ နာကျင်ကိုက်ခြင်းများပိုဖြစ်တတ်ပါတယ်။
- ကိုယ်ဝန်ရှိခြင်း – ကိုယ်ဝန်ခဏခဏဆောင်ဖူးတဲ့အမျိုးသမီးတွေမှာ သွေးဆင်းများနိုင်ချေရှိပြီး၊ ကိုယ်ဝန်တခါမှမဆောင်ဖူးသူတွေမှာ နာကျင်ကိုက်ခဲမှုမျိုးပိုကြုံရနိုင်ပါတယ်။ အသက်ငယ်ငယ်နဲ့ ပထမဆုံးကိုယ်ဝန်ဆောင်သူတွေမှာတော့ ထိုကဲ့သို့ခံစားရနိုင်ချေနည်းပါတယ်။
- ဆေးလိပ်သောက်ခြင်း – ဆေးလိပ်သောက်ခြင်းဟာ သွေးများများဆင်းစေနိုင်ချေများစေပါတယ်။
- စိတ်ဖိစီးမှု – ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာစိတ်ဖိစီးမှုတွေက ဟော်မုန်းတွေကို ကပြောင်းကပြန်ဖြစ်စေနိုင်တာကြောင့် ခေတ္တသွေးပျောက်ခြင်းမျိုးဖြစ်စေနိုင်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
သင်ခံစားရတဲ့လက္ခဏာတွေနဲ့ ထိုလက္ခဏာတွေကို ဘယ်လောက်ကြာကြာခံစားနေရလဲ မေးမြန်းပါလိမ့်မယ်။ သင့်ဓမ္မတာစက်ဝန်းပုံစံ၊ ဘယ်လောက်မှန်မှန်လာလဲ၊ ဘာလက္ခဏာတွေခံစားရလဲကိုတော့သိထားဖို့လိုပါလိမ့်မယ်၊ ဒါမှဆရာဝန်က ဘယ်အချက်ကပုံမှန်မဟုတ်လဲ ရှာရလွယ်မှာဖြစ်တယ်။
စမ်းသပ်မှုတွေမှာတော့ မျိုးပွားအင်္ဂါများနှင့်ပတ်သတ်ပြီး စမ်းသပ်နိုင်ချေရှိပြီး မွေးလမ်းကြောင်းဖြစ်စေ၊ သားအိမ်ခေါင်းမှာဖြစ်စေ ပုံမှန်မဟုတ်ခြင်းရှိမရှိစစ်ဆေးနိုင်ပါတယ်။ ကင်ဆာဖြစ်နိုင်ချေကိုပယ်ဖို့နဲ့ တခြားအကြောင်းတွေရှာဖို့ မွေးလမ်းကြောင်းမှအရည်စစ်ဆေးခြင်းမျိုးလည်း လုပ်ကောင်းလုပ်နိုင်ပါတယ်။
ဟော်မုန်းပြဿနာကြောင့်ဟုတ်မဟုတ်သိရဖို့အတွက်တော့ သွေးစစ်နိုင်ပြီး ကိုယ်ဝန်ရှိနေတယ်ထင်ပါက သွေး သို့ ဆီးစစ်ကြည့်ပါလိမ့်မယ်။
တခြားစစ်ဆေးမှုတွေကတော့ –
- သားအိမ်အတွင်းနံရံအသားစစစ်ဆေးခြင်း
- သားအိမ်တွင်းမှန်ပြောင်းထည့်ကြည့်ခြင်း
- အယ်လ်ထရာဆောင်းရိုက်ခြင်း
Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) ကို ဘယ်လိုကုသပါသလဲ
ကုသမှုကတော့ လက္ခဏာတွေဖြစ်စေတဲ့ အကြောင်းအရင်းပေါ်မူတည်နိုင်ပြီး သွေးဆင်းများခြင်းကဲ့သို့ လက္ခဏာများကိုတော့ သန္ဓြေတားဆေးသောက်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ တကယ်လို့ သွေးများခြင်း၊ နည်းခြင်းက ဟော်မုန်းကြောင့်ဖြစ်နေပါက ဟော်မုန်းကုသမှုများလုပ်ရနိုင်တယ်။
နာကျင်ကိုက်ခဲခြင်းတွေကတော့ ဟော်မုန်းကြောင့်လည်းဖြစ်နိုင်သလို တခြားပြဿနာ ဥပမာ- မျိုးပွားအင်္ဂါများ ရောဂါပိုးဝင်ခြင်းမျိုးကြောင့်လည်းဖြစ်နိုင်တာကြောင့် တခြားဆေးကုသမှုမျိုးလိုကောင်းလိုနိုင်ပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အိမ်တွင်းကုထုံးများ
- စားသောက်မှုပုံစံ – ဓမ္မတာမလာမီ ၁၄ ရက်ခန့်မှစပြီး စားသောက်မှုပုံစံပြောင်းလဲကြည့်ခြင်းက ဗိုက်အောင့်ခြင်းလိုမျိုး ကိုက်ခဲခြင်းလက္ခဏာတချို့ကိုသက်သာစေနိုင်ပါတယ်။ ကျန်းမာရေးညီညွတ်မယ့် အစားအသောက်ပုံစံကတော့ အစေ့အဆန် ကဆီဓါတ်အလုံလောက်ပါပြီး လတ်ဆတ်တဲ့အသီးအနှံ၊ အသီးအရွက်တွေပါသင့်ပါတယ်။ ပြည့်ဝဆီရှောင်သင့်ပြီး အမြန်စာတွေလျှော့သင့်တယ်။ ဆားဓါတ်မျှတစွာစားခြင်းက ဖောရောင်ခြင်းကိုသက်သာစေပါလိမ့်မယ်။ ကဖန်းဓါတ်၊ သကြားဓါတ်၊ အယ်ကိုဟော ထိန်းသိမ်းခြင်းကလည်း အကျိုးရှိပါတယ်။
- သွေးအားနည်းခြင်းကိုကာကွယ်ပါ၊ ကုသပါ။
- လေ့ကျင့်ခန်းလုပ်ပါ။ နာကျင်ကိုက်ခဲခြင်းသက်သာစေပါလိမ့်မယ်။
- ကာမဆက်ယှက်ခြင်း – ဓမ္မတာကြောင့်ကိုက်ခဲနာကျင်ခြင်း၊ ဗိုက်အောင့်ခြင်းများကို လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။
- အနွေးဓါတ်ပေးခြင်း – ဝမ်းဗိုက်တဝိုက်ကိုရေနွေးအိတ်ကပ်ခြင်း၊ အနွေးဓါတ်ပေးခြင်းကလည်း ကိုက်ခဲခြင်းကိုသက်သာစေပါတယ်။
- သန့်ရှင်းမှုဂရုပြုခြင်း – အမျိုးသမီးသုံးပစ္စည်းကို ၄ နာရီမှ ၆ နာရီကြာတစ်ခါလဲပါ၊ ဖြစ်နိုင်ရင် အနံ့ပါသောပစ္စည်းမသုံးပါနဲ့။ ပုံမှန်ရှိနေကျ ဘတ်တီးရီးယားများပါ သတ်နိုင်တာကြောင့် မိန်းမကိုယ်ထဲ တိုက်ရိုက်ပိုက်ထည့်ဆေးကြောခြင်းအားမပေးပါ။ ရေပုံမှန်ချိုးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။