backup og meta

မျှဝေပါ။

ရာသီလာစဉ် နာကျင်ကိုက်ခဲမှု ဝေဒနာအကြောင်း သိကောင်းစရာ

အမျိုးသမီးအတော်များများဟာ ရာသီမလာခင်နဲ့ ရာသီလာနေစဉ်အတောအတွင်း ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်တဝိုက် နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရတတ်ပါတယ်။ များသောအားဖြင့်တော့ ဒါဟာ စိုးရိမ်စရာကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ သားအိမ်ကြွက်သားများကို ကျုံ့စေနိုင်တဲ့ ပရိုစတာဂလန်ဒင် (Prostagladins)အမည်ရှိ ဟော်မုန်းတစ်မျိုးကြောင့် ဒီဝေဒနာကို ခံစားရတာဖြစ်ပြီး ၎င်းဟာ သားအိမ်ကြွက်သားတွေကို ကျုံ့စေခြင်းအားဖြင့် မိန်းမကိုယ်မှတဆင့် ရာသီသွေးဆင်းနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။

ဘယ်သူတွေမှာ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရနိုင်ချေ ပိုများသလဲ

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရနိုင်ချေ ပိုများသူတွေကတော့

  • အသက် ၃၀အောက် အမျိုးသမီးများ
  • အပျိုဖော်ဝင်စောသူများ၊ အသက် ၁၁နှစ်ထက်စော၍ အပျိုဖော်ဝင်သူများ
  • ရာသီသွေးဆင်းများသူ၊ ရာသီသွေးဆင်းမှု ပုံမမှန်သူများ
  • မီးမဖွားဖူးသူများ
  • မိသားစုတွင်း အလားတူပြဿနာ ရှိသူများ
  • ဆေးလိပ်သောက်သူများ

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာဟာ မျိုးရိုးလည်းလိုက်တတ်ပါတယ်။ သင့်မိသားစုဆွေမျိုး အမျိုးသမီးတွေထဲမှာ ဒီဝေဒနာခံစားရသူတွေရှိမယ်ဆိုရင် သင့်ဆီကို မျိုးရိုးလိုက်နိုင်ပါတယ်။ သင့်အနေနဲ့ အစ်မ၊ ဝမ်းကွဲညီအစ်မ၊ အမေ၊ အဒေါ်၊ အဘွား စတဲ့ အမျိုးသမီး ဆွေမျိုးနီးစပ်တွေကို ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း ရှိမရှိ မေးမြန်းကြည့်ပြီး အကြံဉာဏ်ရယူနိုင်ပါတယ်။ ကောင်းတဲ့အချက်ကတော့ ဒီဝေဒနာဟာ သင်အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း လျော့ပါးသက်သာသွားမှာ ဖြစ်ပါတယ်။

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ဘယ်လိုကုသမလဲ

အိမ်တွင်းကုထုံး

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာအောင် အကူအညီပေးနိုင်တဲ့ အိမ်တွင်းကုထုံးတွေကတော့

  • ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း
  • ရေနွေးဖြင့်ရေချိုးခြင်း၊ နာကျင်ကိုက်ခဲသည့်နေရာတဝိုက် ရေနွေးအိပ်ကပ်ပေးခြင်း
  • ဗီတာမင် အီး၊ omega 3၊ ဗီတာမင် ဘီဝမ်း၊ ဗီတာမင် ဘီစစ် စသည့် အာဟာရဓာတ်များပါဝင်သော ဖြည့်စွက်စာများ စားသုံးခြင်း
  • လူနေမှုပုံစံပြောင်းလဲခြင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်သေစာသောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း
  • ကိုယ်ရောစိတ်ပါ သက်သောင့်သက်သာဖြစ်အောင် နေခြင်း၊ စိတ်ဖိစီးမှုများစေမည့်အရာများကို ရှောင်ကြဉ်ခြင်း

ဆေးဝါးကုသခြင်း

အကယ်၍ အထက်မှာပြောခဲ့တဲ့ အိမ်တွင်းကုထုံးတွေနဲ့ မလုံလောက်ဘူးဆိုရင်လည်း အခြားရွေးချယ်စရာ ဆေးဝါးကုသမှု နည်းလမ်းများစွာရှိပါတယ်။ ဝေဒနာဖြစ်ပွားစေတဲ့ အကြောင်းအရင်းနဲ့ လက္ခဏာပြင်းထန်မှုအပေါ် မူတည်ပြီး အောက်ဖော်ပြပါ ဆေးဝါးများအနက် သင်နဲ့အသင့်တော်ဆုံး အမျိုးအစားကို သင့်ဆရာဝန်က ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။

  • စတီးရွိုက်မပါဝင်သည့် အရောင်ကျဆေးများ
  • အကိုက်အခဲပျောက်ဆေးများ
  • စိတ်ကျဝေဒနာသက်သာဆေးများ

ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းဟာ ဆယ်ကျော်သက်နဲ့ အမျိုးသမီးငယ်တွေမှာ ဖြစ်လေ့ဖြစ်ထများပေမယ့် အချို့မိန်းကလေးတွေမှာတော့ ရာသီသွေးဆင်းများပြီး နာကျင်ကိုက်ခဲမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ ဒီဝေဒနာဟာ မိန်းကလေးတွေကို ကျောင်းမလာနိုင်အောင်၊ အားကစားမလုပ်နိုင်အောင်၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် မသွားလာနိုင်အောင် အနှောင့်အယှက်ပေးတတ်တဲ့ ပြဿနာတစ်ခုလို့ဆိုရင်လည်း မမှားပါဘူး။

ဒီဆောင်းပါးကို ဖတ်ရှုခြင်းအားဖြင့် ရာသီမလာခင် နာကျင်ကိုက်ခဲမှုဝေဒနာကို ရင်ဆိုင်ကျော်လွှားရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Period Cramps. http://kidshealth.org/kid/grow/girlstuff/period_cramps.html#. Accessed August 28, 2016.

Menstrual Cramps. http://youngwomenshealth.org/2010/04/21/menstrual-cramps/. Accessed August 28, 2016.

Menstrual Cramps. http://www.medicinenet.com/menstrual_cramps/article.htm. Accessed August 28, 2016

ယခုပုံစံ

28/01/2022

Dr. Ye Mhan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Ye Mhan Linn မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/01/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement