backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

3

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Prostatitis (ဆီးကျိတ်ရောင်ခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 25/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Prostatitis (ဆီးကျိတ်ရောင်ခြင်း )

အဓိပ္ပာယ်ဖွင့်ဆိုချက်

Prostatitis (ဆီးကျိတ်ရောင်ခြင်း ) ကဘာလဲ။

Prostatitis ဆိုတာ prostate gland ( ဆီးကျိတ်) ရောင်ခြင်းကို ခေါ်တာ ဖြစ်ပါတယ်။ ဖြစ်ပွားမှုအပေါ်မူတည်ပြီး ဆီးကျိတ်ရောင်တာက ရုတ်တရက်ဖြစ်လာနိုင်သလို တဖြည်းဖြည်းလည်း ဖြစ်လာနိုင်ပါတယ်။ ဆီးကျိတ်ရောင်တာ ၃ မျိုး ရှိပါတယ်။

  • ရုတ်တရက် ဘက်တီးရီးယား ဝင်ပြီး ဆီးကျိတ်ရောင်ခြင်း။ ။ ဆီးကျိတ်ကို ရောင်စေတဲ့ ဘက်တီးရီးယား ပိုးဝင်ခြင်း
  • နာတာရှည် ဘက်တီးရီးယား ဆီးကျိတ်ရောင်ရောဂါ။ ။ တစ်ဖန်ပြန်လည်ကာ ဘက်တီးရီးယားဝင်ခြင်းကြောင့် ဆီးကျိတ်ရောင်ခြင်းနဲ့ မကြာခဏ ဆီးပိုးဝင်ခြင်း
  • ဘက်တီးရီးယားကြောင့် မဟုတ်ဘဲ ဆီးကျိတ်ရောင်ခြင်း။ ။ ဘက်တီးရီးယားကြောင့် မဟုတ်ဘဲလည်း ဆီးကျိတ်ရောင်နိုင်ပါတယ်။
  • ဖြစ်ပွားရတဲ့ အကြောင်းပေါ်မူတည်ပြီး ဆီးကျိတ်ရောင်တာက တခါတရံ သူ့ဖာသာ သက်သာသွားနိုင်သော်လည်း တခါတလေ သင့်တော်တဲ့ ဆေးဝါးကုသမှုတော့ လိုအပ်ပါတယ်။

    Prostatitis (ဆီးကျိတ်ရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

    ဆီးကျိတ်ရောင်တာက အမျိုးသားတွေမှာ ဘယ်အသက်အရွယ်မဆိုဖြစ်နိုင်သော်လည်း အသက် ၅၀ သို့ ၅၀ အောက်တွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို ဆင်ခြင်မယ်ဆိုရင် ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    လက္ခဏာများ

    Prostatitis (ဆီးကျိတ်ရောင်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

    အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

    • ဆီးသွားတဲ့အခါ နာခြင်း သို့ ပူခြင်းကို ခံစားရခြင်း( dysuria)
    • ဆီးသွားရခက်တဲ့ လက္ခဏာတွေ ဖြစ်တဲ့ တစ်စက်ပြီး တစ်စက် ကျနေခြင်း သို့ ဆီးညှစ်ပေါက်ရခြင်း
    • ဆီးခဏခဏသွားခြင်း အထူးသဖြင့် ညဘက်မှာ (nocturia)
    • ဆီးအလျင်စလို သွားချင်ခြင်း
    • ဝမ်းဗိုက်အောင့်ခြင်း၊ ပေါင်ကြား သို့ ခါးအောက်ပိုင်းအောင့်ခြင်း
    • ဝှေးစေ့နဲ့ စအိုကြား နေရာမှ နာခြင်း
    • လိင်တံ သို့ ဝှေးစေ့နာခြင်း သို့ မအီမသာဖြစ်ခြင်း
    • လိင်ဆက်ဆံစဉ် နာကျင်ခြင်း
    • တုပ်ကွေးကဲ့သို့ လက္ခဏာများ ခံစားရခြင်း (အထူးသဖြင့် ဘက်တီးရီးယား ဆီးကျိတ်ရောင်ရောဂါ)

    အထက်မှာ ဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသော လက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    အကြောင်းရင်းများ

    Prostatitis (ဆီးကျိတ်ရောင်ခြင်း ) ကို ဘာတွေက ဖြစ်စေသလဲ

    ဆီးကျိတ်ရောင်ခြင်း အမျိုးအစားပေါ်မူတည်ပြီး ဆီးကျိတ်ကို ရောင်စေတဲ့ အကြောင်းအမျိုးမျိုးရှိပါတယ်။ ဘက်တီးရီးယားကြောင့် ဆီးကျိတ်ရောင်တာကိုတော့ E.coli ဘက်တီးရီးယားက အများဆုံး ဖြစ်စေပါတယ်။

    ဘက်တီးရီးယားကို သေအောင်မသတ်နိုင်တဲ့အခါမှာ ဆီးကျိတ်အတွင်း ဘက်တီးရီးယားက ပုန်းနေနိုင်တာကြောင့် နောက်တစ်ကြိမ် ဆီးကျိတ်ရောင်ခြင်း တစ်ဖန်ပြန်လည် ဖြစ်ပွားနိုင်ပါတယ်။ ဒါကို နာတာရှည် ဘက်တီးရီးယား ဆီးကျိတ်ရောင်ရောဂါလို့ ခေါ်ပါတယ်။ ဒါ့ပြင် တခြားဖြစ်စေနိုင်တဲ့ အရာတွေကတော့

    • ခုခံအားစနစ်ရောဂါများ
    • အာရုံကြောစနစ်ရောဂါများ
    • ဆီးကျိတ် သို့ ဆီးကျိတ်နေရာသို့ ထိခိုက်ခြင်း

    တချို့သော လိင်ဆက်ဆံမှု ကူးစက်ရောဂါများကလည်း ဘက်တီးရီးယား ဆီးကျိတ်ရောင်ခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါတွေကတော့ chlamydia နဲ့ gonorrhea တို့ ဖြစ်ကြပါတယ်။

    Risk factors

    Prostatitis (ဆီးကျိတ်ရောင်ခြင်း ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

    Prostatitis ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    • အသက်ငယ်သူများ သို့ သက်လတ်ပိုင်းများ
    • ယခင်က ဆီးကျိတ်ရောင်ဖူးခြင်း
    • ဆီးအိမ်အတွင်း ရောဂါပိုးရှိခြင်း သို့ လိင်တံသို့ ဆီးလမ်းကြောင်းနဲ့ သုတ်ပို့ပြွန်ရောင်ခြင်း
    • တင်ပါးဆုံရိုးထိခိုက်မိခြင်း (ဥပမာ စက်ဘီး သို့ ဆိုင်ကယ် သို့ မြင်းစီးရာမှ ထိခိုက်မိခြင်း)
    • ရေလုံလုံလောက်လောက် မသောက်ခြင်း (ရေဓာတ်ခမ်းခြောက်ခြင်း)
    • အကာအကွယ် မပါပဲ လိင်ဆက်ဆံခြင်း
    • HIV/AIDS ရှိခြင်း
    • စိတ်ဖိစီးခြင်း

    အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ ဆီးကျိတ်ရောင်ခြင်း မဖြစ်နိုင်ဘူးလို့ ယတိပြတ်ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

    ရောဂါအဖြေရှာခြင်းနဲ့ ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုတိကျတဲ့ အချက်အလက်များရရှိရန်အတွက် ဆရာဝန်နဲ့ အမြဲတမ်းတိုင်ပင်ပါ။

    Prostatitis (ဆီးကျိတ်ရောင်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

    ဆရာဝန်မှ ကျန်းမာရေးရာဇဝင်များ မေးခြင်းနဲ့ လက်တွေ့ စမ်းသပ်မှုတွေပြုပြီး ရောဂါ အဖြေရှာအတည်ပြုနိုင်ပါတယ်။ ဆရာဝန်က စအိုတွင်း စမ်းသပ်မှုတွေ ပြုလုပ်ပြီးလည်း ရောဂါကို ပိုသေချာစေနိုင်ပါတယ်။ ထို့ပြင် သွေးစစ်ခြင်း သို့ ဆီးစစ်ခြင်းတို့လည်း လိုအပ်ရင် လုပ်နိုင်ပါတယ်။

    Prostatitis (ဆီးကျိတ်ရောင်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

    ဆီးကျိတ်ရောင် ကုသခြင်းများမှာ ဖြစ်ပွားမှုကို လိုက်ပြီး အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ

    • ပဋိဇီဝဆေးများ။ ။ ဒါကတော့ ဆီးကျိတ်ရောင်တာကို ကုသရာမှာ အသုံးအများဆုံးဖြစ်ပါတယ်။ သင့်ရဲ့ ရောဂါကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးပေါ်မူတည်ပြီး ဆရာဝန်က ဆေးကို ရွေးချယ်ပေးပါလိမ့်မယ်။ သင့်မှာ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ရှိနေလျှင် အကြောတွင်း သွင်းရတဲ့ ပဋိဇီဝဆေးတွေ လိုအပ်လာနိုင်ပါတယ်။ သင်ဟာ ပုံမှန်အားဖြင့် ပဋိဇီဝဆေးတွေကို ရက်သတ္တပတ်နဲ့ ချီပြီး သောက်ရနိုင်သော်လည်း နာတာရှည် သို့ ပြန်ဖြစ်တဲ့ ဆီးကျိတ်ရောင်တာ အတွက် ပိုကြာတဲ့ ကုသမှု လိုအပ်နိုင်ပါတယ်။
    • Alpha blockers ။ ။ ဒီကုသနည်းနဲ့ ဆီးသွားရင် နာတတ်တဲ့ လက္ခဏာတွေ သက်သာနိုင်ပါတယ်။
    • အရောင်ကျဆေးများ ။ ။ စတီးရွိုက် မပါတဲ့ အရောင်ကျဆေးတွေက သင့်ကို သက်သောင့်သက်သာ ရှိစေနိုင်ပါတယ်။
    • နှိပ်နယ်ပေးခြင်း
    • ရေနွေးစိမ်ချိုးခြင်း

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဆီးကျိတ်ရောင်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေနဲ့ ဆီးကျိတ်ရောင်ခြင်းကို ကုသတဲ့နေရာမှာနဲ့ လက္ခဏာတွေသက်သာအောင် အကူအညီပေးနိုင်ပါတယ်။

    • ရေနွေးစိမ်ချိုးပါ။
    • အရက်၊ ကဖင်း သို့ အပူအစပ်တွေ ရှောင်ပါ။
    • အထိုင်များခြင်းကို ရှောင်ပါ။ ဒါမှမဟုတ် ထိုင်ရင် ခေါင်းအုံးခုထိုင်ခြင်း သို့ ကူရှင်ဖြင့် သက်သောင့်သက်သာရှိအောင်ထိုင်ပါ။
    • စက်ဘီးစီးခြင်းကို ရှောင်ပါ သို့ စက်ဘီးကို ဆီးကျိတ်အပေါ်ဖိမနေအောင် ပြင်ဆင်ပြီးမှ တက်စီးပါ။

    တကယ်လို့ သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 25/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement