backup og meta

အသက်ကြီးတဲ့အခါထွက်လာတဲ့ နေလောင်စက်တွေကို ဖြေရှင်းဖို့ နည်းလမ်းများ

အသက်ကြီးလာတဲ့အခါ သဘာဝအတိုင်း ထွက်လာတဲ့ အရေပြားအညိုအမည်းအစက်အကွက်တွေကို ကျွန်ုပ်တို့ဟာ ရှောင်ရှားလို့မရနိုင်ပါဘူး။ သို့သော် အောက်ဖော်ပြပါ နည်းလမ်းအချို့ကို လိုက်နာပေးခြင်းအားဖြင့် သင့်ရဲ့အရေပြား ပေါ်မှာဖြစ်လာတဲ့ အညိုအမည်းအစက်အကွက်တွေကို ထိန်းချုပ်ကာကွယ်နိုင်ပြီး ပို၍ကျန်းမာကာ နုပျိုနေသောအသား အရေကို ထိန်းသိမ်းထားနိုင်ပါတယ်။

တကယ်လို့ ကျွန်ုပ်တို့ဟာ အရေပြားကျန်းမာရေးကို သေချာစွာဂရုစိုက်မှုမရှိခဲ့ရင် အရွယ်မတိုင်ခင်မှာပဲ အသားအရေမှာ နေလောင်စက်တွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ထိုအစက်အကွက်တွေ အတွက် ကုသမှု ဟာ အချိန်အကြာကြီးယူနိုင်ပြီး အရေပြား အညိုအမည်း အစက်အကွက်အားလုံးကို ချက်ခြင်း ဖျောက်ဖျက်ပစ်ဖို့ရာလည်း အရမ်းခက်ခဲပါတယ်။ ဒါကြောင့် သင့်ရဲ့အရေပြားကို နူးနူးညံ့ညံ့နဲ့ ဖြူဝင်းလာစေပြီး ဒီလိုအညိုအမည်းအကွက်များနှင့် မလိုလားအပ်တဲ့ အရေပြားဒဏ်ရာ အနာတရတွေ မဖြစ်စေအောင် ပြုလုပ်နိုင်တဲ့နည်းလမ်းများစွာ ရှိပါတယ်။

အသက်ကြီးလို့ ထွက်လာတဲ့ နေလောင်စက်ဆိုတာ ဘာလဲ။

သင့်ရဲ့ ဒီလို အရေပြားအနာအဆာတွေကို ဖယ်ရှားဖို့ နည်းလမ်းတွေကို မရှာဖွေခင်မှာ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေ ကို သင်ဟာ သိထားဖို့ လိုအပ်ပါတယ်။ နေလောင်စက်တွေ ဆိုတာဟာ သင် အသက်ကြီးလာတဲ့ အခါမှာသင့်ရဲ့ အရေပြားပေါ်မှာ အရောင်ပြောင်းလဲ မှုတွေ ဖြစ်လာပြီး အစက်အပြောက်အကွက်တွေ ဖြစ်လာတဲ့ အခြေအနေကိုခေါ်ပါတယ်။ ပထမမှာတော့ သူတို့ဟာ သေးငယ်တဲ့ အစက်အဝိုင်းလေးတွေပဲ ဖြစ်ပါတယ်။ အချိန်ကြာလာတာနှင့် အမျှသူတို့ဟာ အရောင် တဖြည်းဖြည်း ပြောင်းလာပြီး အညိုအမည်းဘက်ကို ပြောင်းလဲလာပါတယ်။ သင့်ရဲ့ အရေပြားပေါ်က keratin ဆိုတဲ့ အလွှာဟာ အရေပြားကို ကာကွယ်ပေးတဲ့ အလွှာတစ်ခုဖြစ်ပါတယ်။ မယ်လနင်ဆိုတဲ့ အရာကတော့ သင့်အရေပြားရဲ့ အရောင်ညီညာမှုနဲ့ အရောင်အသွေးကို ထိန်းချုပ်ထားတဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။ အချို့သော အကြောင်း အရာများကြောင့် သင့်အရေပြားကို ကာကွယ်ရန် မယ်လနင်ဓါတ် ထုတ်လွှတ်မှု များပြားလာတဲ့အခါ အရေပြားဟာ ပိုမည်းလာကာ အညိုရောင် အစက်အကွက်တွေအဖြစ် ပေါ်လာတာပဲ ဖြစ်ပါတယ်။

သင့်ရဲ့ ဒီအစက်အကွက်တွေကို ဘယ်လိုဖြေရှင်း ကြမလဲ။

လိမ်းဆေးများ

သင်ဟာ အရေပြားလိမ်းဆေးတွေကို သုံးပြီး သင့်ရဲ့ အညိုအမည်းကွက်တွေကို အရောင်မှိန်သွားပြီး အသားအရေတောက်ပလာဖို့ရာအတွက် ကြိုးစားနိုင်ပါတယ်။ တကယ်လို့ ဒီအစက်အကွက်တွေဟာ အရမ်း မည်းနက်မနေဘူးဆိုရင် အရောင်လျော့စေတဲ့ ခရင်မ်ပဲ သုံးပြီး အသားအရေ ဝင်းပလာအောင် လုပ်ဆောင်နိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့ အရေပြားပေါ်က အညိုအမည်း ကွက်တွေဟာ အရမ်းကို မည်းညစ်ပြီး ခရင်မ်လိမ်းခြင်းကတောင် မကူညီပေးနိုင်ဘူးဆိုရင်တော့ နောက်ထပ် အဖြေတစ်ခုရရှိရန် သင့်ရဲ့ အရေပြားကျွမ်းကျင် ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဖို့ရာအတွက် သင်ဟာ အထူးဂရုစိုက်သင့်ပါတယ်။ သင်ဟာ ဒီလိမ်းဆေး ခရင်မ်တွေကို သင့်ရဲ့အရေပြားပေါ်မှာ အချိန်အကြာကြီး မထားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကုသမှုတွေက သင့်အရေပြားကို ကျိန်းစပ်စေနိုင်ပါတယ်။

ဓါတုပစ္စည်းများနှင့် ချေးချွတ်ခြင်း

သင့်ရဲ့ နေလောင်စက် တွေကို ထိန်းချုပ်ဖို့ရာအတွက် သင်ယုံကြည်ရလောက်တဲ့ ဆေးခန်းအချို့မှာ ဓါတုပစ္စည်းများနှင့် ချေးချွတ်ခြင်း ပြုလုပ်ဖို့ရာ သင်ရွေးချယ်နိုင်ပါတယ်။ ဒီလို လုပ်ခြင်းဟာ အရေပြားရဲ့ အပေါ်ယံလွှာကို အက်စစ်ဖြင့် စားလိုက်ခြင်းပဲ ဖြစ်ပြီး ရလဒ်အနေနဲ့က ဒီဖြစ်စဉ်ပြီးလို့ အရေပြား အနာကျက် သွားတဲ့အခါ အရေပြားဆဲလ်အသစ်တွေ ဖြစ်ပေါ်လာစေတာပဲ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ပြီးတဲ့နောက်မှာ သင်ဟာ ပိုပြီးကြည်လင်တောက်ပပြီး ငယ်ရွယ်နုပျိုတဲ့ အသားအရေကို ရနိုင်ပါတယ်။

ရှားစောင်းလက်ပပ်အနှစ်

ရှားစောင်းလက်ပပ်အနှစ် ထဲမှာတွေ့ရတဲ့ အချို့သော ဓါတုပစ္စည်းတွေဟာ အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးရာမှာ ကူညီပေးပြီး ကျန်းမာတဲ့ အရေပြားဆဲလ်အသစ်တွေ အဖြစ် ကြီးထွားလာမှုကို အားပေးတယ်လို့ ယုံကြည်ကြပါတယ်။ တကယ်လို့သင်ဟာ ၎င်းအနှစ်ကို မကြာခဏ အသုံးပြုပေးမယ်ဆိုရင် သင့်ရဲ့အရေပြား အစက်အကွက်အချို့ကို ဖယ်ရှားပေးနိုင်မှာဖြစ်ပြီး အသားအရေ ပိုပြီးကြည်လင်တောက်ပ လာနိုင်ပါတယ်။ သင်လုပ်ပေးရမှာကတော့ လတ်ဆတ်တဲ့ ရှားစောင်းလက်ပပ် အနှစ်ကို သင့်ရဲ့ အညိုအမည်းအရေပြားအစက်အကွက်တွေပေါ်မှာ တစ်ရက်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လိမ်းပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့သင်ဟာ အပင်လတ်လတ် ဆတ်ဆတ်ကနေ ရတဲ့ ရှားစောင်းလက်ပပ် အစစ်ကိုမရနိုင်ဘူးဆိုရင် သဘာဝ ရှားစောင်းလက်ပပ်ကနေ ထုတ်လုပ်ထားတဲ့ သဘာဝထုန်ကုန် တစ်ခုခုကို အစားထိုးအသုံးပြုနိုင်ပါတယ်။

နေလောင်ခံခရင်မ်

တကယ်လို့သင်ဟာ အသက်ကြီးလို့ထွက်လာတဲ့ နေလောင်စက်တွေကို မဖြစ်စေလိုတဲ့ ဆန္ဒရှိသူဆိုရင် နေလောင်ခံခရင်မ်ဟာ သင်နေတိုင်းအသုံးပြုရမယ့် ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ သင်အပြင်မထွက်ခင် မိနစ် ၃၀ အလိုမှာ နေလောင်ခံခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ ၎င်းမှာ နေရောင်ခြည်ဒဏ်ကို ကာကွယ်သည့် ပစ္စည်း SPF ၁၅ ဆ အနည်းဆုံး ရှိနေရပါမယ်။ ဒါ့အပြင် ဇင့်အောက်ဆိုဒ်နှင့် တိုက်တေနီယမ်အောက်ဆိုဒ် ပါဝင်တဲ့ နေလောင်ခံခရင်မ်ကိုသာရွေးချယ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ အမည်းအစက်အကွက်တွေ ပိုမဆိုးလာနိုင်အောင် ထိရောက်ရောက် ကာကွယ်အပေးနိုင်ဆုံးပစ္စည်း တွေပဲ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ အပြင်ကို အချိန်အကြာကြီး ထွက်မယ်လို့ ယူဆရင် ၂ နာရီ ကြာပြီးတိုင်း ကြာပြီးတိုင်းမှာ နေလောင်ခံခရင်မ်ကို ပြန်ပြန်ပြီးလိမ်းပေးဖို့ရာ လိုအပ်ပါတယ်။

အသက်ကြီးချိန်မှာ ထွက်လာတဲ့ နေလောင်စက်တွေဟာ သင့်ရဲ့ အရေပြား ကျန်းမာရေး သို့မဟုတ် သင့်ရဲ့ ခန္ဓါကိုယ်ကျန်းမာရေး ကိုဆိုးဆိုးဝါးဝါး အန္တရာယ် မဖြစ်စေ ပါဘူး။ သို့သော် သင့်ရဲ့ ပုံပန်းသွင်ပြင်နဲ့ မိမိကိုယ်ကို ယုံကြည်မှု ရှိခြင်းကို သိသိသာသာ ထိခိုက်လာစေပါတယ်။ တကယ်လို့ ဒီလို နေလောင်စက်တွေ ထွက်လာတာဟာ ကြီးမားလာခြင်း ၊ထူလာခြင်း ၊အရောင်ပြောင်းလဲလာခြင်း၊ သွေးထွက်ခြင်း သို့မဟုတ် ယားယံ ခြင်း စတာတွေဖြစ်လာမယ်ဆိုရင် ဆရာဝန်ထံ စစ်ဆေးဖို့ရာအတွက် ချက်ချင်းသွားပြပေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Age spots
http://www.prevention.com/beauty/skin-care/age- spots-treatment- and-prevention Accessed 1 Jul 2016

How to get rid of age fast
http://www.naturalherbalremedies-guide.com/age- spots.html Accessed 1 Jul 2016

How to get rid of age spots
http://www.readersdigest.co.uk/health/health-a- z/how-get- rid-age- spots Accessed 1 Jul 2016

ယခုပုံစံ

15/02/2022

Dr. Khin Yin Kyay မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံအတွက်အသုံးပြုသင့်သော အရေပြားထိန်းသိမ်းပေးသည့် ပစ္စည်းများ

ဝက်ခြံပေါက်လွယ်တဲ့ သင့်အရေပြားကို မဆွမိအောင် ဘယ်လိုကာကွယ်ရမလဲ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Khin Yin Kyay မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။