home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဖျားတိုင်းဆေးထိုးဖို့ လိုသလား

ဖျားတိုင်းဆေးထိုးဖို့ လိုသလား

“ဆရာ လူနာတစ်ယောက် ရှော့နဲ့ လာပါတယ်ဆရာ” သူနာပြုဆရာမလေး၏ ခေါ်သံကြောင့် ဒေါက်တာကျော်တစ်ယောက် ဆရာဝန် နားနေခန်းမှ ထွက်လာခဲ့သည်။

“ဖျားနေတာ ၂ ရက် ရှိပြီဆရာ၊ ဒီနေ့ပဲ ဆေးခန်းမှာ ဆေးသွားထိုးခဲ့သေးတယ်။ အဲ့ဒါ အိမ်ပြန်ရောက်ကတည်းက ချွေးစီးတွေ အရမ်းပြန်ပြီး မူးလာတယ်ဆိုတာနဲ့ ခေါ်လာတာ” လူနာ့ အမေက ပြောပြနေသည်။ သွေးပေါင်ချိန်က ၈၀/၅၀။ သွေးခုန်နှုန်းက ၁၄၀ လောက်ရှိသည်။

မေးမြန်းစမ်းသပ်စရာများရှိသလောက် လုပ်ပြီး လူနာက အစားနည်းနေသည့် အပြင် အဖျားကျဆေးကြောင့် ချွေးထွက်များက သွေးပေါင်ကျခြင်းဖြစ်နိုင်သည် ဟု ဒေါက်တာကျော် သုံးသပ်လိုက်သည်။

“အစားနည်းပြီး ချွေးထွက်များသွားလို့ သွေးပေါင်ကျသွားတာပါ။ ပုလင်းကြီးချိတ်ပေးထားပါတယ်။ သက်သာသွားမှာပါ။” “ဒီတစ်လုံးပြီးရင် သွေးပေါင်ပြန်တိုင်းပေးဦးနော်၊ အကိုကို့ပြန်လာပြောပေးဦး” အလုပ်သင်ဆရာဝန်လေးကို မှာခဲ့ပြီး ဒေါက်တာကျော် တစ်ယောက် ဂျူတီခန်းတွင် လူနာမှတ်တမ်းကို ပြန်ဖြည့်ရင်း အတွေးနယ်ချဲ့မိနေတော့သည်။

မြန်မြန်သက်သာဖို့နှင့် နာတာရှည် ဘေးထွက်ဆိုးကျိုး

လူနာအများစုသည် ခံစားနေရသော ရောဂါကို အမြန်သက်သာ ပျောက်ကင်းလိုကြသည်သာဖြစ်သည်။ ဤသည်ကိုလည်း မှားသည်ဟုမဆိုသာချေ။ သို့သော် တစ်ခါတစ်လေတွင် အမြန်သက်သာရုံတစ်ခုတည်းကိုသာ ဦးစားပေးပြီး ရေရှည်တွင် ဆိုးကျိုးရှိနိုင်သည်ကို မရှောင်ကြဉ်မိသည်များ ရှိနိုင်သကဲ့သို့ ရေရှည်မှ အကျိုးအာနိသင်သက်သာမည့် အရာများကိုလည်း မလုပ်လိုခြင်းများဖြစ်ပေါ်လာတတ်ပါသည်။ အမြန်သက်သာရေးကို ဦးစာပေးရင်းနှင့် လုပ်မိနေသော အရာများတွင် ဖျားလျှင်ဆေးထိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

အဖျားတက်လျှင် ထိုးနေသော ဆေးအများစုသည် အကိုက်အခဲပျောက်ဆေးဖြစ်သည်။ တစ်ခါတစ်ရံ စတီးရွိုက် (Steriod) ဆေးများကို ပါ ရောပါနေတတ်သည်။ တစ်ခါတရံ ပိုးသတ်ဆေးများပါထိုးပေးသူများ ရှိတတ်ပါသည်။

အဖျားရှိလာလျှင် အဖျားသက်သာရေးအတွက် ဆေးများပေးရာတွင် အမြဲတမ်း အကိုက်အခဲပျောက်ဆေးလိုသည်တော့ မဟုတ်ပါချေ။ အဖျားသက်သာရန် ပါရာစီတမောလို ဆေးမျိုးလောက်နှင့် ပင် လုံလောက်နိုင်ပါသည်။ ပါရာစီတမောမဟုတ်ဘဲ အကိုက်အခဲပျောက်ဆေးများသည် အဖျားကို ပိုမြန်မြန်သက်သာနိုင်သော်လည်း ရေရှည် ဘေးထွက်ဆိုးကျိုးများရှိသဖြင့် အရမ်းကာရော မသုံးသင့်ချေ။ ထို့အပြင် ဖျားသည့် အကြောင်းရင်းသည် ဘက်တီးရီးယားပိုးလိုမျိုးကြောင့် ဖြစ်လျှင် အကိုက်အခဲပျောက်ဆေးသောက်ရုံနှင့် ခဏသာ သက်သာမည်ဖြစ်ပြီး ပိုးသတ်ဆေးကို ရက်ပြည့်အောင်သေချာသောက်မှ အမြစ်ပြတ်နိုင်မည်ဖြစ်သည်။
အကိုက်အခဲပျောက်ဆေးများသည် သုံးသောဆေးအပေါ်မူတည်ပြီး အစာအိမ်ထိခိုက်ခြင်း၊ အစာအိမ်အနာများဖြစ်ခြင်း၊ အစာအိမ်သွေးယိုခြင်း၊ ကျောက်ကပ် အသည်း နှလုံးစသည်များကို ထိခိုက်ခြင်းစသည့် ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ ထိုးဆေးဖြစ်ဖြစ် သောက်ဆေးဖြစ်ဖြစ် ထိုဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ အလွန်အမင်းနာကျင်ကိုက်ခဲခြင်းများတွင်တော့ မဖြစ်မနေ အသုံးပြုရမည်ဖြစ်သော်လည်း သာမန် ပါရာစီတမောလောက်နှင့် သက်သာနိုင်လောက်မည့် နေရာတွင် အကိုက်အခဲပျောက်ဆေးသုံးပြီး ဘေးထွက်ဆိုးကျိုးများဖြစ်လာမည်ဆိုလျှင် မတန်ပါချေ။ တစ်ချို့ဘေးထွက်ဆိုးကျိုးများသည် ချက်ချင်းဖြစ်သည်မဟုတ်ဘဲ ရေရှည်မှဖြစ်လာတတ်သည့် အတွက် လူနာအနေဖြင့် သုံးရင်းသုံးရင်းနှင့် ကျောက်ကပ်ထိ၊ နှလုံးထိ စသည်ဖြစ်လာတော့မှ ကုသရခက်ခဲသွားရသည်များလည်း ရှိကြပါသည်။ အထူးသဖြင့် နဂို ကျောက်ကပ်၊ နှလုံး၊ အသည်း စသည့် ရောဂါအခံရှိသူများတွင် ပိုမို သတိထားကြရပါသည်။

အကိုက်အခဲပျောက်ထိုးဆေးထိုးလိုက်လျှင် လူနာအနေဖြင့် အကိုက်အခဲချက်ချင်းသက်သာသွားသည်။ ချွေးစီးလေးများထွက်ပြီး အဖျားချက်ချင်းကျသွားသည်။ ထို့အပြင် စတီးရွိုက် ကဲ့သို့သော ဆေးပါ ထည့်ထိုးပေးလိုက်ပါက ပို၍ပင် သက်သာပြီး လူနာက ပိုသဘောကျကြသည်။ သို့သော်ထိုသို့ သက်သာခြင်းသည် ရောဂါကို အမြစ်ပြတ်စေသည်တော့ မဟုတ်ချေ။ ဖျားစေ ကိုက်စေသော အကြောင်းရင်းကို ရှာပြီးကုပါမှ ရောဂါအမြစ်ပြတ်သည်ဖြစ်သည်။ တစ်ခါတစ်လေ အကိုက်အခဲပျောက်ဆေးအရှိန်၊ စတီးရွိုက်ဆေးအရှိန်များကြောင့် လူနာခဏတဖြုတ်သက်သာနေသည်ကို ရောဂါပျောက်ကင်းပြီဟု အထင်မှားပြီး သေချာဆက်မကုမိတော့ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်သွားကြသည်များလည်း ရှိတတ်ကြပါသည်။ အကိုက်အခဲပျောက်ဆေးနှင့် မတည့်သူများတွင် ထိုးပြီးပြီးချင်းသွေးပေါင်ကျသွားခြင်း၊ ရှော့ရသွားခြင်းများလည်းဖြစ်ပေါ်တတ်ပါသည်။

စတီးရွိုက်ဆေးများသည်လည်း ရေရှည်အသုံးပြုပါက သွေးတိုးခြင်း၊ ဆီးချိုဖြစ်ခြင်း၊ အရိုးပါးခြင်းစသည့် ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်ပေါ်စေတတ်ပါသည်။ ပိုးသတ်ဆေးထိုးခြင်းသည်လည်း ရက်ပြည့်အောင်မထိုးဘဲ တစ်ရက် နှစ်ရက်သာ ထိုးပြီး ပြတ်သွားလျှင် ဆေးယဉ်ပါးသည့် ပိုးများပေါ်ပေါက်စေနိုင်ပါသည်။ ထို့ကြောင့်လည်း မလိုအပ်ဘဲထိုဆေးများ မသုံးသင့်ပါချေ။

လူနာများအနေဖြင့်လည်း ထိုအကြောင်းကိုသေချာမသိသည့်အခါ ဆေးထိုးပေး မြန်မြန်သက်သာစေသော ဆေးခန်းကိုမှ ရွေးပြတတ်ကြသည်။ ဆရာဝန်မှ ဆေးထိုးရန်မလိုကြောင်း ရှင်းပြလျှင် တစ်ချို့လူနာများက သဘောပေါက်လက်ခံကြသော်လည်း တစ်ချို့ကမူ ဆေးထိုးပေးသော တခြားနေရာသို့ ပြောင်းကုခြင်းများအထိ လုပ်တတ်ကြပါသည်။ ထို့ကြောင့်လည်း ထိုသို့ဘေးထွက်ဆိုးကျိုးများရှိကြောင်း၊ မလိုအပ်လျှင် ဆေးထိုးစရာမလိုကြောင်း၊ အဖျားရှိလာလျှင် သာမန် ပါရာစီတမောလိုဆေးမျိုးသာသောက်ပြီး ဖျားသည့် အကြောင်းရင်းကို သေချာ ထပ်ရှာကုရန်က ပိုအရေးကြီးကြောင်း၊ မိမိကို ထိုးပေးသောဆေး၊ သောက်ဆေးများ သည် မည်သည့်ဘေးထွက်ဆိုးကျိုးရှိနိုင်သည်ကို သိရှိနားလည်ရန် မေးမြန်းလေ့လာသင့်ကြောင်း၊ ကျွမ်းကျင်သူ ဆရာဝန်မဟုတ်ဘဲ အမြန်သက်သာရုံဆေးထိုးပေးသည့် အရပ်အခေါ် အပ်ပုန်းများနှင့် ကုသခြင်း စပ်ဆေးများအလွယ်ဝယ်သောက်ခြင်းများမပြုလုပ်သင့်ကြောင်းကို ပြည်သူတိုင်းပြည်သူတိုင်းကို သိရှိနားလည် စေချင်ပါသည်။

“ဆရာ ခုန Patient (လူနာ) ကတော့ သွေးပေါင် ၁၀၀/၇၀ ဖြစ်လာပါပြီ”
အလုပ်သင်ဆရာဝန်လေး၏ အသံကြောင့် ဒေါက်တာကျော် အတွေးပြတ်သွားခဲ့သည်။ ဒီလူနာ ဆေးရုံက မဆင်းခင်တော့ ခုန စဉ်းစားသည့် အချက်များကို ပညာပေးရန်၊ သူတို့အပြင် သူတို့၏ အိမ်နီးနားချင်းအသိမိတ်ဆွေများကိုပါ လက်ဆင့်ကမ်းပညာပေးပေးရန် မှာဦးမည်ဟု ဆက်စဉ်းစားနေမိပါတော့သည်။ ။

ဒေါက်တာကျော် (ဆေး – ၂)
8/11/2018

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Arkar Hein မှ ရေးသားသည်။ တစ်ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။