backup og meta

ကိုယ်ဝန်ဆောင် မေမေ ချဉ်ပေါင်ဟင်း စားလို့ရလား ........

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင် မေမေ ချဉ်ပေါင်ဟင်း စားလို့ရလား ........

    ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက် အနေအထိုင် အစစအရာရာကို ဂရုစိုက်ရပါတယ်။ အကြောင်းကတော့ နုနယ်လွန်းတဲ့ ဗိုက်ထဲက ဘေဘီလေး ထိခိုက်မှာ စိုးလို့ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အနေအထိုင် အစားအသောက်ကို သေချာလေး ဂရုစိုက်မှ ကျန်းမာပျော်ရွှင်တဲ့ ဘေဘီလေးကို မွေးဖွားနိုင်မှာ ဖြစ်သလို မေမေကိုယ်တိုင်လည်း ကျန်းမာမှာပါ။ ဒီတစ်ခေါက်တော့ မြန်မာလူမျိုးတိုင်း အကြိုက်တွေ့ကြတဲ့ ချဉ်ပေါင်ဟင်း လေးကို ကိုယ်ဝန်ဆောင် မေမေ စားလို့ရလားဆိုတာကို ပြောပြပေးချင်ပါတယ်။

    ဒီမေးခွန်းလေးအတွက် အဖြေကတော့ စားလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေ အနေနဲ့ ကဖင်းများတာပြုပြင်ထားတဲ့ အစားအစာတွေ၊ အချိုလွန်ကဲတဲ့ စားစရာတွေ၊ အယ်လ်ကိုဟော၊ နီကိုတင်းစတဲ့ အရာတွေကို ရှောင်ရှားဖို့ လိုပေမယ့် ချဉ်ပေါင်ဟင်းလိုမျိုး သဘာဝ အသီးအရွက်ကို ချက်ပြုတ်ထားတဲ့ စားစရာမျိုးကိုတော့ ရှောင်ဖို့ မလိုပါဘူး။

    လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတာမျိုးတော့ ဖြစ်ဖို့ လိုပါမယ်။ ဒါမှလည်း အာဟာရတွေ ရရှိစေပြီး ကျန်းမာရေးကို ထောက်ကူပေးနိုင်မှာပါ။ ဒီလိုပြောရတာက အခုလို အကြောင်းအရင်းတွေကြောင့်ပါ။

    ချဉ်ပေါင်မှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေများလဲ ……

    ဘယ်အချိန်စားစား ခံတွင်းတွေ့လှတဲ့ ချဉ်ပေါင်ရွက်မှာ

    • ကယ်လ်ဆီယမ်
    • သံဓာတ်
    • ဗီတာမင် C 
    • မဂ္ဂနီဆီယမ်
    • ကာဗိုဟိုက်ဒရိတ်
    • Phosphorus
    • ပိုတက်ဆီယမ်
    • ဗီတာမင် B2 နဲ့
    • ဗီတာမင် A တို့လိုမျိုး ကိုယ်ဝန်ဆောင် မေမေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေလို့ပါ။

    ကိုယ်ဝန်ဆောင်ချိန် ချဉ်ပေါင်ဟင်း စားတဲ့အခါ

    ရှေးယခင်ကာလတွေက ဆေးဖက်ဝင် အပင် တစ်မျိုးအဖြစ် ချဉ်ပေါင်ပင်ကို အသိအမှတ်ပြုခဲ့တာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ချဉ်ပေါင်ဟင်းစားတဲ့အခါ

    သံဓာတ် ပါဝင်တယ်

    ချဉ်ပေါင်ရွက်မှာ ကိုယ်ဝန်ဆောင်မေမေတိုင်း ပြည့်ဝဖို့ လိုမယ့် သံဓာတ်ပါဝင်နေပါတယ်။ တစ်နေ့တာမှာ သံဓာတ် ၂၇ မီလီဂရမ်လောက်အထိ လိုအပ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ ချဉ်ပေါင်ဟင်းစားသုံးပေးလို့ရပါတယ်။

    ဒါမှ မေမေမှာ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတာမျိုး မဖြစ်စေမှာပါ။ ဗိုက်ထဲက ဘေဘီလေးကိုလည်း အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။

    ဖောလိတ် ပါဝင်တယ်

    ဖောလိတ်ကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ် တစ်မျိုးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ်ပြည့်ဝမှ ဘေဘီလေးရဲ့ အာရုံကြောစနစ်တွေ အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။ ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ဆိုရင် ချဉ်ပေါင်ဟင်း စားပေးလို့ ရပါတယ်။

    အအေးမိ၊ ဖျားနာ ကင်းစေတယ်

    ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးဝါးတွေကို သောက်သုံးတာက အဆင်မပြေပါဘူး။ နောက်တစ်ချက်က ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား နည်းတတ်တာကြောင့် ဖျားနာလွယ်ပါတယ်။ ချဉ်ပေါင်ရွက်မှာက ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်ခံအား ကောင်းတဲ့အခါ အအေးမိ၊ ဖျားနာတာမျိုး၊ ချောင်းဆိုးတာမျိုး ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပြီဖြစ်မှာပါ။

    နောက်တစ်ချက်က သံဓာတ်စုပ်ယူမှုကို ကောင်းစေပြီး ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေတာ​ကြောင့် ရောဂါပိုးတွေ ဝင်ရောက် ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗိုင်းရပ်စ်တွေကိုလည်း ခုခံကာကွယ်ပေးပါတယ်။

    ဝမ်းမှန်စေတယ်

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ချဉ်ပေါင်ရွက်မှာက မဂ္ဂနီဆီယမ် နဲ့ အမျှင်ဓာတ် ပါဝင်နေတာ​ကြောင့် ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရေမှာပျော်ဝင်လွယ်တဲ့ မဂ္ဂနီဆီယမ်ဖြည့်စွက်စာတွေကို ဝမ်းပျော့စေဖို့ စားသုံးပေးရတာမျိုးရှိပါတယ်။

    မဂ္ဂနီဆီယမ်က ဝမ်းပျော့စေပြီး အူကြွက်သားတွေကို ပြေလျော့စေပါတယ်။ အူတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပြီး ဝမ်းချုပ်မှုကင်းလို့ ဝမ်းမှန်စေပါတယ်။ ချဉ်ပေါင်ရွက်မှာ မဂ္ဂနီဆီယမ် ၂၉ မီလီဂရမ် ပါဝင်နေပြီး နေ့စဉ် လိုအပ်မှုရဲ့ ၆.၉၀ ရာခိုင်နှုန်းအထိ ပါဝင်နေတာပါ။

    အင်အားပြည့်စေတယ်

    ချဉ်ပေါင်ရွက်မှာပါတဲ့  Phosphorous က ကြွက်သားအားနည်းတာ၊ ထုံကျဉ်တာ၊ မောပန်းလွယ်တာ လိုမျိုး ကျန်းမာရေးပြဿနာတွေကို ကင်းစေပါတယ်။ အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ နေ့စဉ် လုပ်ဆောင်စရာတွေကို တက်ကြွစွာ လုပ်ဆောင်နိုင်စေဖို့ Phosphorous ၁၂၀၀ မီလီဂရမ် လိုအပ်ပါတယ်။ ချဉ်ပေါင်ရွက်က Phosphorous ကြွယ်ဝတာကြောင့် နေ့စဉ် တက်ကြွလန်းဆန်းနေစေဖို့ စားပေးသင့်ပါတယ်။

    ချဉ်ပေါင်ရွက်က အခုလိုမျိုး အကျိုးကျေးဇူးတွေ များတယ်ဆိုပေမယ့် ချဉ်ပေါင်ဟင်းထဲကို ငပိတွေ၊ ငံပြာရည်တွေ အများကြီးထည့်ပြီး စားသုံးတာမျိုးကတော့ အဆင်မပြေပါဘူး။ ကိုယ်ဝန်ဆောင် သွေးတိုးတာကို ဖြစ်စေနိုင်တာကြောင့်ပါ။

    ဒါကြောင့် ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ ချဉ်ပေါင်ဟင်း စားမယ်ဆိုရင် ငါး၊ ပုစွန်စတာလေးတွေကို အချဉ်ထိန်းအောင် ထည့်ချက်ပြီး ငံပြာရည်၊ ငပိစတာတွေကို တတ်နိုင်သမျှ လျှော့ထည့်ပေးပါ။ ကိုယ်ဝန်ဆောင် သွေးတိုးရှိမယ်။ အခြား ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေမယ်ဆိုရင် မစားခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement