backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ပြီးပြည့်စုံသော ကျန်းမာရေး ဆိုတာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပြီးပြည့်စုံသော ကျန်းမာရေး ဆိုတာ

ကျန်းမာရေး နဲ့ ပတ်သက်ပြီး အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကတော့ အမျိုးမျိုးပါပဲ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHOကတော့ ရောဂါမရှိရုံနဲ့ ကျန်းမာတယ်လို့ ပြောလို့မရပါဘူးတဲ့။ လူတစ်ယောက်ကျန်းမာတယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအပြင် လူမှုဆက်ဆံရေးပါ ကျန်းမာ (တစ်နည်းအားဖြင့် အထီးကျန်မနေဘဲ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံမှု ရှိ) နေပါမှ တကယ်ကျန်းမာတယ်လို့ ဆိုနိုင်ပါတယ်တဲ့။ ပြီးပြည့်စုံသော ကျန်းမာရေး ဆိုတာ ဘယ်လိုမျိုးများလဲ …. လေ့လာကြည့်ရအောင်နော်။

ကျန်းမာရေး အမျိုးအစားများ

ကျန်းမာရေးနဲ့ ပတ်သက်ပြီး လူသိများတာကတော့ ကိုယ်နဲ့ စိတ်ကျန်းမာရေးပါ။ ပြီးပြည့်စုံသော ကျန်းမာရေး အတွက်ဆိုရင် ဒီနှစ်ခုတင်မကဘဲ စိတ်ခံစားချက်တွေ၊ အသိဉာဏ်တွေ၊ ငွေကြေးပိုင်းဆိုင်ရာတွေ၊ ကိုယ်နေတဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ့်အလုပ်ခွင်ကပါ ကျန်းမာနေရမယ်လို့ ဆိုပါတယ်။ ဒါတွေက ကိုယ့်ရဲ့ ကျန်းမာရေးကို သွယ်ဝိုက်ပြီးတော့ သက်ရောက်မှုတွေ ရှိနေလို့ပါပဲ။

ဥပမာ အသိဉာဏ်ကျန်းမာနေပါမှ နေမကောင်းဖြစ်တဲ့အခါ ဘယ်သူနဲ့ ပြရမယ်။ ဘယ်လို နည်းလမ်းအမှားတွေကို ရှောင်ရမလဲဆိုတာ သိမှာပါ။ ငွေကြေးပိုင်း ပြေလည်နေမှ ကျန်းမာရေးအတွက် လုံလုံလောက်လောက် သုံးနိုင်မှာပါ။

ဒီမှာတော့ လူအများ ရင်းနှီးပြီးသား ဖြစ်တဲ့ ကိုယ်နဲ့ စိတ်ကျန်းမာရေးကိုပဲ အဓိက ထား ပြောပြပေးပါမယ်။

  • ကိုယ်ကျန်းမာရေး

ကိုယ်ကျန်းမာတယ်ဆိုတာ အကြမ်းအားဖြင့် ရောဂါကင်းစင်တယ်လို့ ပြောနိုင်ပါတယ်။ ကိုယ်ကျန်းမာမှ ကိုယ်သွားချင်တာ၊ ကိုယ်လုပ်ချင်တာ လုပ်လို့ရမှာပါ။ နေမကောင်း ဖြစ်လို့ အိပ်ရာထဲလဲနေရရင် ဘာမှမလုပ်နိုင်တော့ဘူးလေ။

ဒီလို ရောဂါကင်းစင်နေဖို့ဆိုရင် ရောဂါဖြစ်မှ ကုတာမျိုး မဟုတ်ဘဲ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ရမှာပါ။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ဆရာဝန်တွေ ညွှန်ကြားထားတဲ့ ကျန်းမာစေတဲ့ နည်းလမ်းတွေနဲ့ အစားထိုးရမှာပါ။ နေထိုင်မကောင်းဖြစ်ရင်လည်း ရောဂါကို မွေးမထားဘဲ ထိရောက်တဲ့ ကုသမှုတွေ ခံယူရမှာပါ။

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးက နေ့စဉ်လေ့ကျင့်ခန်း လုပ်ရုံ၊ အာဟာရပြည့်အောင် စားသောက်တယ်ဆိုတာထက် ပိုပါတယ်။ ကိုယ့်ကို ရောဂါဖြစ်စေနိုင်တဲ့၊ ထိခိုက်ဒဏ်ရာရစေနိုင်တဲ့ အခြေအနေတွေ အားလုံးကို ကြိုတင်ပြင်ဆင်ထားတာလည်း ပါပါတယ်။ ဥပမာ

  • လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာ မရအောင် အကာအကွယ်တွေ ဝတ်ဆင်တာ
  • အတူနေတဲ့အခါ ကိုယ်ဝန်မလိုချင်သေးရင် တားထားတာ၊ ကွန်ဒုံးသုံးတာ
  • ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးတွေ မသုံးတာ
  • လိုအပ်တဲ့ ကာကွယ်ဆေးတွေ ပြည့်စုံအောင် ထိုးထားတာ စတာတွေလည်း ပါပါတယ်။

နောက်ပြီး ရုပ်ကျန်းမာရေးက စိတ်ကျန်းမာရေးနဲ့လည်း အပြန်အလှန်ဆက်စပ်နေပါတယ်။ နေမကောင်းတဲ့သူက စိတ်ဓာတ်ကျလွယ်သလို၊ စိတ်ဓာတ်ကျနေတဲ့သူကလည်း မူးယစ်ဆေးတွေ သုံးတာ၊ ကိုယ့်ကိုယ်ကို ဂရုမစိုက်တာကြောင့် ကိုယ်ကျန်းမာရေးကို ထိခိုက်တတ်ပါတယ်။

စိတ်ကျန်းမာရေးဆိုတာ လူတစ်ယောက်က အမြဲတမ်း ပျော်ရွှင်နေရမယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ စိတ်ခံစားချက်တွေ၊ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးတွေ၊ စိတ်ပိုင်းဆိုင်ရာ အပြုအမူတွေကတော့ ကျန်းမာနေရမှာပါ။

လူတစ်ယောက်က စိတ်ကျရောဂါမရှိရုံ၊ စိတ်ရှုပ်ထွေးမှုတွေကို မခံစားရရုံနဲ့ စိတ်ကျန်းမာတယ်လို့ ပြောလို့မရပါဘူး။ သူက

  • ကိုယ့်ဘဝကို ကိုယ်ကျေနပ်နေရမယ်
  • အခက်အခဲတွေကို နည်းမှန် လမ်းမှန်နဲ့ တုံ့ပြန်နိုင်ရမယ်။
  • အလုပ်နဲ့ မိသားစုဘဝကို မျှတအောင် နေပြီး စိတ်ချမ်းသာမှုကို ရှာတတ်ရမယ်။
  • စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိရမယ်။
  • သူ့လုပ်နိုင်စွမ်းကို နားလည်နေရမယ် စတာတွေပဲ ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးက ချိတ်ဆက်နေတဲ့အတွက် ၂ခုလုံးကို မျှတအောင် ဂရုစိုက်သင့်ပါတယ်။

ကျန်းမာရေး ကို ဘယ်အချက်တွေကများ လွှမ်းမိုးနေတာလဲ။

  • မျိုးဗီဇ
  • လူတစ်ယောက်နဲ့ တစ်ယောက်က မျိုးဗီဇခြင်း မတူကြပါဘူး။ မျိုးဗီဇဆိုတာမျိုးကလည်း မျိုးအောင်တည်းက သတ်မှတ်ပြီးသားပါ။ လူတချို့မှာ မျိုးဗီဇပြောင်းလဲမှုတွေကြောင့် ကျန်းမာရေး ချို့တဲ့ရတာတွေ ရှိနိုင်ပါတယ်။ ဥပမာ ဒေါင်းရောဂါစု

    • ပတ်ဝန်းကျင် အခြေအနေ

    ပတ်ဝန်းကျင်အခြေအနေကလည်း ကျန်းမာရေးအပေါ် အများကြီး သက်ရောက်မှု ရှိနေပါတယ်။ တစ်ခါတလေ ပတ်ဝန်းကျင် အခြေအနေကို အပြောင်းအလဲ လုပ်လိုက်ရုံနဲ့ ကျန်းမာရေးအခြေအနေ ပိုကောင်းတာ၊ ပိုဆိုးတာ ဖြစ်လာနိုင်ပါတယ်။ ဥပမာ

    -ဘယ်မှာနေတာလဲ (မြန်မာနိုင်ငံလို နေရာမှာ နေတယ်ဆိုရင် တီဘီ၊ ငှက်ဖျား စတဲ့ ကူးစက်ရောဂါတွေ ပိုဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ သွေးတိုး၊ ဆီးချိုတွေ၊ ခုခံအားရောဂါတွေ ပိုဖြစ်ပါတယ်။)

    -ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကရော ဘယ်လိုလဲ (စက်ရုံ အလုပ်ရုံတွေနဲ့ နီးသလား)

    -ဝင်ငွေ (ဝင်ငွေကောင်းမှ ကျန်းမာရေး စောင့်ရှာက်မှုတွေ၊ အာမခံတွေအတွက် ငွေသုံးနိုင်မှာပါ)

    -ပညာအရည်အချင်း (ဘွဲ့လက်မှတ်ထက် ကျန်းမာရေးအသိဘယ်လောက်ရှိလဲက ပိုပြီး အရေးကြီးပါတယ်)

    -ဘာအလုပ်လုပ်တာလဲ (ထိခိုက်ဒဏ်ရာရနိုင်ခြေများတဲ့ စက်ရုံအလုပ်တွေလား။ ရောဂါပိုးတွေနဲ့ ထိတွေ့မှု များတဲ့ ကျန်းမာရေး ဝန်ထမ်းလား။)

    စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ လိုက်နာရမယ့် အခြေခံစည်းမျဉ်းများ

    ဒီအချက်တွေကတော့ လူတိုင်း သိပြီးသားပါပဲ။ စွဲစွဲမြဲမြဲလုပ်ဖို့ပဲ လိုတာပါ။

    • နေ့တိုင်း အာဟာရပြည့်အောင် စားသောက်တာ၊ အားဆေးတွေထက် သဘာဝကရတဲ့ အစားအစာတွေကို ပိုစားပေးတာ
    • တစ်ပတ်ကို မိနစ် ၁၅၀လောက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာ
    • ကိုယ့်အသက်အရွယ်အလိုက် ဖြစ်နိုင်တဲ့ ရောဂါတွေကို ပုံမှန်စစ်ဆေးတာ
    • စိတ်ဖိစီးမှု သက်သာစေမယ့် နည်းလမ်းကောင်းတွေကို ကျင့်သုံးတာ
    • အကောင်းမြင်စိတ်၊ ခွင့်လွှတ်တတ်တဲ့စိတ်မွေးမြူတာ စတာတွေပဲ ဖြစ်ပါတယ်။

    Takeaway

    ကိုယ်ရော စိတ်ပါ ကျန်းမာစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာစေတဲ့ အလေ့အကျင့်တွေကို စွဲစွဲမြဲမြဲကျင့်သုံးတာပါပဲ။ ကျန်းမာရေးရဲ့ အရေးပါပုံကို သိလာပြီးနောက်မှာ လူသားတွေက ရောဂါဖြစ်မှ ကုသတာထက် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေကို ပိုမိုကျင့်သုံးလာကြပါပြီ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement