ကိုယ်ဝန်ဆောင်ကာလတွင် တင်ဆုံရိုးကွင်းကြွက်သားလွှာ ဆွဲတင်းခြင်း၏ အရေးပါမှု

    ကိုယ်ဝန်ဆောင်ကာလတွင် တင်ဆုံရိုးကွင်းကြွက်သားလွှာ ဆွဲတင်းခြင်း၏ အရေးပါမှု

    တင်ဆုံရိုးကွင်းကြွက်သားလွှာဟာ trampoline လို (အဆက်မပြတ်ခုန်ပြီးဆော့တဲ့ ကိရိယာ) လိုပါပဲ။ သူ့အပါ်ကို အလေးချိန်သက်ရောက်လာတဲ့အခါ ဆွဲတင်းပြီး ပြန်လည်တွန်းကန်စေပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်လိုမျိုး အလေးချိန်ကို အကြာကြီး ထမ်းထားရတဲ့အခါ ကြွက်သားတွေဟာ လုံလောက်တဲ့ ဆွဲတင်းခြင်း မရှိရင် အားနည်းလာကြပါတယ်။

    တင်ဆုံရိုးကွင်း ကြွက်သားလွှာဆိုတာ ဘာလဲ

    တင်ဆုံရိုးကွင်းကြွက်သားလွှာကို ကြွက်သားအလွှာနဲ့ ဖွဲ့စည်းထားပြီး အဲဒီကြွက်သားဟာ ဆီးခုံရိုးကနေ ကျောရိုးကို ပုခက်သဖွယ် ဆွဲတင်းထားပါတယ်။

    တင်ဆုံရိုးကွင်းကြွက်သားလွှာရဲ့ အခန်းကဏ္ဍကို လျှော့မတွက်ပါနဲ့။ သူ့မှာ အဓိက တာဝန် ၅ခု ရှိပါတယ်။ အဲဒီအချက်တွေကတော့

    – ဆီးအိမ်၊ အူများနှင့် သားအိမ်ကို ထောက်ပံ့ ပေးထားခြင်း

    – အူလမ်းကြောင်းနှင့် ဆီးအိမ်လှုပ်ရှားမှုကို ထိန်းချုပ်ခြင်း

    – လိင်ကိစ္စတွင် မိန်းမကိုယ်နှင့် အူမကြီး ကြွက်သားတင်းအားကို ဖြစ်ပေါ်စေခြင်း

    – ပေါင်ရိုး၊ တင်ပါးဆုံရိုးနှင့် ခါးရိုးဆစ်များကို တည်ငြိမ်စေခြင်း

    – ကိုယ်ခန္ဓါအပေါ်ပိုင်းမှ ခါးလယ်ပိုင်းသို့ သွေးစီးဆင်းမှု ကောင်းမွန်စေခြင်းစတာတွေ ဖြစ်ပါတယ်။

    တင်ဆုံရိုးကွင်းကြွက်သားလွှာ အားနည်းတဲ့အခါ ခါးအောက်ပိုင်း၊ ပေါင်ရိုးများ၊ ဆီးခုံပိုင်း စတာတွေမှာ နာကျင်စေပြီး ဆီးအိမ်နဲ့ အူလမ်းကြောင်း လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်မှု လျော့နည်း စေပါတယ်။

    ကိုယ်ဝန်ဆောင်ခြင်းဟာ တင်ဆုံရိုးကွင်း ကြွက်သားလွှာကို ဘယ်လိုသက်ရောက်မှု ဖြစ်စေလဲ

    ကိုယ်ဝန်ရှိတဲ့အခါ တင်ဆုံရိုးကွင်းကြွက်သားလွှာကို တင်းအားဖြစ်ပေါ်စေပါတယ်။ အမျိုးသမီးတချို့မှာ တင်ဆုံရိုးကွင်းကြွက်သားလွှာတင်းခြင်းဟာ ကိုယ်ဝန် ၁၂ပတ်မြောက်မှာ စတင်ဖြစ်ပေါ်ပါတယ်။ ကလေးကြီးထွားလာတာနဲ့အမျှ ဖိအားဖြစ်ပေါ်စေပြီး ကိုယ်အင်္ဂါတွေကို အောက်သို့တွန်းလာပါတယ်။ ဒါ့အပြင် ဟော်မုန်းဓါတ်များဟာ မွေးဖွားစဉ်မှာ ကလေးခေါင်းထွက်လွယ်စေဖို့ အရွတ်နဲ့ တင်ဆုံရိုးကွင်း အပြင်ပိုင်းကို နူးညံ့စေပါတယ်။ ဒါကြောင့် ကလေးမွေးဖွားပြီးချိန်မှာ တင်ဆုံရိုးကွင်း ကြွက်သားလွှာကို ထိခိုက်မှုနဲ့ ကျန်ရစ်ခဲ့ပါတယ်။ ဒီထိခိုက်မှုကို လျော့နည်းစေဖို့ တင်ဆုံရိုးကွင်း ကြွက်သားတွေကို ဆွဲတင်းတဲ့လေ့ကျင့်ခန်းတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အရေးကြီးလှပါတယ်။

    ကိုယ်ဝန်ဆောင်ချိန် တခြားပြသနာကတော့ နေမထိထိုင်မသာဖြစ်ခြင်းပါပဲ။ ဗိုက်အင့်လာတာကြောင့်လည်း ဖြစ်ပါတယ်။ တခြား အကြောင်းအရင်းကတော့ ဟော်မုန်းပြောင်းလဲခြင်းနဲ့ ကိုယ်ဝန်ဆောင်ချိန် နေထိုင်မကောင်းဖြစ်ခြင်းကြောင့် ဖြစ်ပါတယ်။ ဝမ်းချုပ်ခြင်းဟာလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်ပြီး တင်ဆုံရိုး ကြွက်သားတွေကို ဒဏ်ဖြစ်စေပါတယ်။ ဒီကြွက်သားလွှာဟာ ကောင်းကောင်းဆွဲမတင်းရင် လေ့ကျင့်ခန်းလုပ်ဖို့ လိုပါတယ်။

    တင်ဆုံရိုးကွင်းကြွက်သားလွှာကို အထောက်အကူ ဖြစ်စေသော လေ့ကျင့်ခန်းများ

    လူသိအများဆုံးလေ့ကျင့်ခန်းကတော့ Kegels လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ ကိုယ်ဝန်ဆောင်များသာမဟုတ်ဘဲ ဘယ်သူမဆို လေ့ကျင့်နိုင်ပါတယ်။ လုပ်ငန်းခွင်မှာတောင် လေ့ကျင့်နိုင်ပါတယ်။

    Kelgels လေ့ကျင့်ခန်းဟာ တင်ဆုံရိုးကွင်း ကြွက်သားတွေကို ကလေးမွေးချိန်အတွက် အသင့်ဖြစ်စေပါတယ်။ မွေးဖွားပြီးချိန်မှာလည်း ဒီလေ့ကျင့်ခန်းလုပ်ရင် စအိုနဲ့ မိန်းမကိုယ်ဝန်းကျင်ကို သွေးလည်ပတ်မှုကောင်းစေပါတယ်။ နောက်ထပ် အကျိုးကျေးဇူးကတော့ ကြွက်သားတွေ သန်မာခြင်းကြောင့် လိင်စိတ်အထွတ်အထိပ် ရောင်ခြင်းအတွက် အထောက်အကူပြုပါတယ်။ ဒါကြောင့် ဒီကြွက်သားလေ့ကျင့်ခန်းဟာ လိင်ဆက်ဆံရာမှာလည်း အကျိုးရှိစေပါတယ်။

    တင်ဆုံရိုးကွင်းကြွက်သားလွှာကို ဘယ်လိုရှာနိုင်လဲ

    ဆီးသွားရင်းတန်းလန်း ဆက်မသွားဘဲ၊ လေလည်ချိန်မှာ ဆက်မလည်ဘဲ ထိန်းထားကြည့်လိုက်ပါ။ ကြွက်သားတွေ ပင့်တင်လာပြီး ဆီးခုံပိုင်း၊ စအိုပိုင်းမှာ ညှစ်သလိုဖြစ်တာကို ခံစားသိရှိနိုင်ပါလိမ့်မယ်။ ဒါဟာ တင်ဆုံရိုးကွင်း ကြွက်သားလွှာပဲ ဖြစ်ပါတယ်။

    Kegels လေ့ကျင့်ခန်းဟာ အခြေခံသဘာဝအရ ဒီကြါက်သားကို တင်းလိုက် လျော့လိုက် လုပ်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ အောက်ပါအချက်တွေ ပါဝင်ပါတယ်။

    အဆင့် ၁။ ထိုင်ခုံပေါ်မှာ ခြေနှစ်ဖက်အနည်းငယ်ခွဲပြီး သက်တောင့်သက်သာထိုင်ပါ။ ပုံမှန် အသက်ရှူပါ။ ရင်ဘတ်၊ ဝမ်းဗိုက်၊ ခြေထောက် ကြွက်သားများကို ဖျော့ထားပါ။

    အဆင့် ၂။ တင်ဆုံရိုးကွင်းကြွက်သားလွှာကို ရှာပါ။

    အဆင့် ၃။ ဆီးသွားစဉ် လေလည်စဉ်မှာ ထိန်းလိုက်သလို ကြွက်သားတွေကို မတင်ပြီး ညှစ်ပါ။ ကြွက်သားကို ရနိုင်သလောက်ညှစ်ထားပါ။ ပြီးလျှင် ပြန်လည် ဖြေလျှော့ပါ။

    အဆင့် ၄။ ကြွက်သားကို ပြန်လည်ဖြေလျှော့ပြီး နောက်ထပ်အကြိမ်ကြိမ်ပြန်လုပ်ကြည့်ပါ။ သင့်ကြွက်သားများ မညောင်းလာခင်ထိ လုပ်နိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးကောင်းခြင်းဟာ သင့်အတွက်ရော ကလေးအတွက်ပါ အရေးပါပါတယ်။ တင်ဆုံရိုးကွင်း ကြွက်သားလွှာဆွဲတင်းခြင်းရဲ့ အရေးပါမှုကိုသိပြီး ဘယ်လိုထိန်းသိမ်းမလဲဆိုတာ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အရေးကြီးပါတယ်။ သင့် တင်ဆုံရိုးဝန်းကျင်မှာ ပြသနာရှိလာရင်တော့ ဆရာဝန်နဲ့ ပြသပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Thant Zin မှ ရေးသားသည်။ 16/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။