brand logo
Discover
Health Tools
Communities

Share

ဘေဘီလေးကို ဘယ်အချိန်မှာ ဖရဲသီး စကျွေးမလဲ ......

နွေပူပူ နေ့လယ်ခင်းမှာ ဖရဲသီးစိတ် အေးအေးချိုချိုလေး စားရတာက တော်တော်လေးကို ရင်အေးစေတဲ့အရာပါ။ ဒီလို စားတဲ့အခါ အပူမခံနိုင်တဲ့ ဘေဘီလေးရော စားချင်မလား။ ကျွေးချင်မိတယ်ဆိုတဲ့ ဆန္ဒဖြစ်မိတယ်ဟုတ် မေမေ၊ ဘွားဘွား၊ တီတီတို့ရေ….. ဒီလို ဆန္ဒဖြစ်တာနဲ့အတူ တွေးမိနိုင်တာ တစ်ခုက ဘေဘီလေးကို ဖရဲသီး ကျွေးလို့ရရဲ့လား ဘေဘီလေးကို ဘယ်အချိန်မှာ ဖရဲသီး စကျွေးမလဲ ဆိုတာပါ။ ဒီမေးခွန်းလေးရဲ့ အဖြေလေးကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ဘေဘီလေးကို ဘယ်အချိန်မှာ ဖရဲသီး စကျွေးမလဲ ......

ဘေဘီလေးကို ဘယ်အချိန်မှာ ဖရဲသီး စကျွေးမလဲ ……

ဘေဘီလေးက အသက် ၆ လပြည့်ပြီးပြီဆိုရင် ဘေဘီလေးကို ဖရဲသီး စကျွေးလို့ ရပါပြီ။ ဘေဘီလေးက ၈ လကနေ ၁၀ လလောက်ရောက်ပြီဆိုရင်တော့ ဖရဲသီးကို ပုံမှန် အစားအသောက် တစ်ခုအနေနဲ့ ကျွေးလို့ရပါပြီ။

ဖရဲသီးက ရေဓာတ် ကြွယ်ဝတာကြောင့် ဘေဘီလေးအတွက် အကောင်းဆုံး နွေရာသီ သစ်သီး တစ်မျိုးပါ။

ဘယ်လိုပြင်ဆင်ပေးမလဲ …….

ဘေဘီလေးကို ဖရဲသီး စကျွေးတဲ့အခါ နည်းနည်းချင်းစီကနေ စကျွေးပါ။ ဖရဲသီးကလည်း ဓာတ်မတည့်တာမျိုး ဖြစ်စေနိုင်လို့ပါ။ နောက်တစ်ချက်က ဘေဘီလေး လက်ထဲမှာ မိမိရရ ကိုင်လို့ရမယ့် အနေအထားဖြစ်အောင် ဖရဲသီးကို ခပ်ပါးပါး ရှည်ရှည်လေး လှီးပေးပါ။ အခွံ မပါစေဖို့လည်း ဂရုပြုပေးပါ။ အစေ့လေးတွေ ဖယ်ပေးဖို့လည်း မမေ့ပါနဲ့။

ဘေဘီလေးကို ဖရဲသီး ကျွေးတဲ့အခါ

ဘေဘီလေးကို ဖရဲသီး ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

ဗီတာမင် A ကြွယ်ဝတယ် 

ဖရဲသီးမှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာက ဘေဘီလေးရဲ့ အသားအရေကို ကျန်းမာစေသလို အသားအရေကို လှပစေနိုင်ပါတယ်။ အမြင်အာရုံ ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

ဗီတာမင် A က ဘေဘီလေးကို တစ်ရှူးပျော့တွေ ဖြစ်ပေါ်စေဖို့ ထောက်ပံ့ပေးသလို mucous membrane ဖြစ်ပေါ်စေဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။

ဗီတာမင် C ကြွယ်ဝတယ်

ဖရဲသီးမှာ နောက်ထပ်ကြွယ်ဝစွာ ပါဝင်နေတဲ့ ဗီတာမင် တစ်မျိုးက ဗီတာမင် C ပါ။ ဗီတာမင် C က ကိုယ်ခံအား ကောင်းစေဖို့ ထောက်ပံ့ပေးပြီး သံဓာတ် စုပ်ယူမှု အားကောင်းစေဖို့ ထောက်ပံ့ပေးရင်း သွေးဆဲလ်တွေကို ဖြစ်ပေါ်စေဖို့ ကူညီပေးပါတယ်။ သံဓာတ်အားနည်းတာကြောင့် သွေးအားနည်းရောဂါ မဖြစ်စေဖို့လည်း ကူညီပေးပါတယ်။

အစာခြေစနစ်ကို ကျန်းမာစေတယ်

ဖရဲသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေ လမ်းကြောင်း ကျန်းမာစေဖို့ အားဖြည့်ပေးပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။ ဘေဘီလေးကို ဝမ်းချုပ်တဲ့ ပြဿနာ ကင်းစေဖို့ ဖရဲသီး ကျွေးပေးလို့ ရပါတယ်။

ရေဓာတ် ပြည့်ဝစေတယ်

ဖရဲသီးမှာ ရေဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဘေဘီလေးကို ရေဓာတ်ပြည့်ဝစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ နွေရာသီလိုမျိုး အပူချိန်ပြင်းတဲ့ အချိန်မျိုးမှာ ဘေဘီလေးကို အပူရှပ်တာမျိုး မဖြစ်စေဖို့ အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။

အရိုး သန်မာစေတယ်

ဖရဲသီးမှာ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေသလို ကိုယ်တွင်းဟော်မုန်း ထွက်ရှိမှုကိုလည်း ထိန်းညှိပေးပါတယ်။ မဂ္ဂနီဆီယမ်က ကြွက်သားတွေ ကျန်းမာဖွံ့ဖြိုးစေပြီး အာရုံကြောစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။

ဗီတာမင် B အုပ်စု ပါဝင်နေတယ်

ဗီတာမင် B အုပ်စု ပါဝင်နေတာကြောင့် အကျိုးကျေးဇူး တော်တော်လေး များပါတယ်။ အာရုံကြောစနစ်ကို ကျန်းမာစေသလို ကိုယ်တွင်းမှာ ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းမွန်စေဖို့ အားဖြည့်ပေးပါတယ်။

ကဲ…… ဘေဘီလေးကို ဘယ်အချိန်မှာ ဖရဲသီး စကျွေးမလဲ …… ဆိုတာကို သိသွားပြီဟုတ်….. ဒီတော့ နေပူလို့ အမောပြေ ဖရဲသီး စားတဲ့အခါ ဘေဘီလေးက စားချင်လို့ လှမ်းကြည့်ရင် ခွံ့လို့ရပြီနော်……….

Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Aye Thi Mon · Updated 08/07/2022

Was this article helpful?