backup og meta

စောင်းလျားသီး (Star Fruit) က ကျန်းမာရေးအတွက် ကောင်းသလား.......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 09/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စောင်းလျားသီး (Star Fruit) က ကျန်းမာရေးအတွက် ကောင်းသလား.......

    အာရှ မျိုးရင်း အပင် တစ်မျိုးဖြစ်တဲ့ စောင်းလျားသီး ဟာ အရွယ်အားဖြင့် ၅ စင်တီမီတာကနေ ၁၈ စင်တီမီတာထိ ရှိပါတယ်။ စောင်းလျားသီးကို အကွင်းလိုက်လေးတွေ လှီးလိုက်မယ်ဆိုရင် အချွန်း (၅) ခုပါတဲ့ ကြယ်လေးလို ဖြစ်သွားပါတယ်။

    စောင်းလျားသီးက မမှည့်သေးခင်မှာ အစိမ်းရောင်ရှိပြီး ခပ်တင်းတင်းနဲ့ ချဉ်ဖန်ဖန် အရသာရှိပါတယ်။ မှည့်သွားပြီဆိုရင်တော့ အဝါရောင်သန်းပြီး အရည်ရွှမ်းလာပါတယ်။ စောင်းလျားသီးရဲ့ အရသာက ချဉ်တာရှိသလို ချိုတာလည်း ရှိပါတယ်။

    ဒါဆို စားကောင်းတဲ့ စောင်းလျားသီးက ကျန်းမာရေးအတွက် ဘယ်လိုတွေ အထောက်အကူပြုလဲဆိုတာကို ဆောင်းပါးလေးထဲ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။

    စောင်းလျားသီး (Star Fruit) က ကျန်းမာရေးအတွက် ကောင်းသလား…….

    စောင်းလျားသီးက ကျန်းမာရေးအတွက် ကောင်းသလားဆိုတော့ ကောင်းပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ စောင်းလျားသီးက

    ဗီတာမင် C ကြွယ်ဝတယ်

    စောင်းလျားသီးမှာ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် C က နေ့စဉ် ဗီတာမင် C လိုအပ်ချက်ရဲ့ ၅၇ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ အအေးမိတာ နဲ့ တုပ်ကွေးဖြစ်တာတွေကနေ အမြန်သက်သာစေဖို့အတွက်လည်း စားပေးသင့်ပါတယ်။ ဗီတာမင် C က အရေပြားဆံသား နဲ့ လက်သည်းခြေသည်းတွေအတွက် လိုအပ်တဲ့ ကော်လာဂျင်ကိုလည်း လုပ်ဆောင်ပေးပါသေးတယ်။

    ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်ကို မထိခိုက်အောင် ကာကွယ်ပေးသလို ရောဂါတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။

    အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တယ်

    လူတစ်ယောက်ကတစ်နေ့ကို အမျှင်ဓာတ် ၂၅−၃၀ ဂရမ် လိုအပ်ပါတယ်။ စောင်းလျားသီးက ဒီ လိုအပ်ချက်ကို ကောင်းကောင်းဖြည့်ပေးနိုင်ပါတယ်။ စောင်းလျားသီးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါဝင်တာကြောင့် အစာခြေစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။

    အမျှင်ဓာတ်က အူနံရံက အကျိုးမပြု ကိုလက်စထရောကို မစုပ်ယူနိုင်အောင် ကာကွယ်ပေးတာကြောင့် အဝမလွန်စေဖို့ ကာကွယ်ပေးပါတယ်။

    သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်

    သံဓာတ် အားနည်းမှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။ သံဓာတ်က သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ပို့ဆောင်ပေးပါတယ်။

    စောင်းလျားသီးက ဗီတာမင် C ပါဝင်တာကြောင့် သံဓာတ် စုပ်ယူမှု ကောင်းစေပြီး သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကြိုတင် ကာကွယ်ပေးပါတယ်။

    ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

    စောင်းလျားသီးက ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ စောင်းလျားသီး အမှည့်ထက် အစိမ်းက ပိုပြီး အာနိသင်များပါတယ်။ ဒါ့အပြင် စောင်းလျားသီးမှာ phytochemicals တွေဖြစ်ကြတဲ့ ဖလေဗာနွိုက်၊ alkaloids၊ saponins၊ steroids နဲ့ carambola တို့ပါဝင်တာကြောင့် ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

    အရောင်ကျစေနိုင်တယ်

    စောင်းလျားသီးမှာ quercetin၊ epicatechin နဲ့ gallic acid တို့လိုမျိုး ဖလေဗာနွိုက်တွေ ပါဝင်နေတာကြောင့် အရောင်ကျစေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင် ပါဝင်နေတာက ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်တဲ့ ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။

    စောင်းလျားသီးမှာ ဗီတာမင် C ပါဝင်နေမှုကလည်း  အရောင်ကျစေနိုင်ပြီး အဆစ်တွေ ရောင်တာကို သက်သာစေနိုင်ပါတယ်။

    အိပ်ပျော်စေတယ်

    စောင်းလျားသီးမှာ အိပ်ပျော်စေနိုင်တဲ့ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် အာရုံကြောတွေကို ပြေလျော့စေပြီး ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးပါတယ်။

    အစာခြေစနစ်ကို ကျန်းမာစေတယ်

    စောင်းလျားသီး အသားမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်တဲ့ အမျှင်ဓာတ်ပါ ပါဝင်နေပါတယ်။ အမျှင်ဓာတ်က ဝမ်းမှန်စေပြီး အစာခြေစနစ်ကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အူတွင်းက အကျိုးပြု ဘက်တီးရီးယားလေးတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အစာခြေစနစ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။

    ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်

    လူတွေဟာ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ဖို့ နဲ့ အသက်ရှူဖို့၊ တွေးတောနိုင်ဖို့၊ အစာခြေဖို့၊ ကိုယ်အပူချိန် ထိန်းညှိဖို့အတွက် ဇီဝကမ္မဖြစ်စဉ်ပေါ်မှာ မှီတည်နေတာပါ။  ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းကောင်း လုပ်ဆောင်နေမှလည်း ခန္ဓာကိုယ်က ကျန်းမာမှာပါ။

    ဝိတ်ကျစေတယ်

    စောင်းလျားသီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းတာကြောင့် ခန္ဓာကိုယ်ကို အဆီ မတက်စေနိုင်ပါဘူး။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေမှုကလည်း ဇီဝကမ္မဖြစ်စဉ်ကို ထောက်ကူပေးနိုင်တာကြောင့် ကျန်းကျန်းမာမာနဲ့ ဝိတ်ကျစေနိုင်မှာပါ။

    ဒါတွေအပြင် စောင်းလျားသီးက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အလှအပအတွက်ကတော့ အရေပြား၊ ဆံသားနဲ့ ခြေသည်းလက်သည်းတွေ သန်စွမ်းစေနိုင်ပါတယ်။ ကယ်လ်ဆီယမ် ပါဝင်မှုကြောင့် အရိုးတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 09/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement