ဉာဏ်ကောင်းတဲ့ ဘေဘီလေးမွေးဖွားလာစေဖို့

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အမ သမီးလေးက ဉာဏ်ကောင်းလိုက်တာနော်၊တော်လိုက်တာနော်လို့များ ချီးမွမ်းစကားကြားရချိန်ဖြစ်ရတဲ့ ပီတိကတော်တော်လေးကြည်နူးစရာနော်။ ကိုးလလွယ် ဆယ်ဖွားပြီး ကိုယ့်လက်နဲ့ကိုယ်ပျိုးထောင်ထားတဲ့ ပန်းကလေးတစ်ပွင့်အကောင်းဆုံးပွင့်လန်းနိုင်တာကို ကြည့်ရတာကပြောမပြတတ်အောင်ပါပဲ။ ဒီတော့ ကိုယ့်ရဲ့ ရင်သွေးလေး အများအလယ်မှာ အကောင်းဆုံး အတော်ဆုံးကလေးအဖြစ် ကြီးပြင်းလာစေဖို့ ဘယ်လိုများလုပ်ဆောင်ပေးရမလဲလို့တွေးနေလား။ နည်းလမ်းကောင်းလေးတွေရှိပါတယ်။

ဉာဏ်ကောင်းတဲ့ဘေဘီလေးမွေးဖွားစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ အချက်လေးတွေ

ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးက မိဘတွေဆီကနေ ဆက်ခံလာတာဆိုပေမယ့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာမေမေတို့လုပ်ဆောင်တဲ့ ဘဝနေထိုင်မှုပုံစံကလည်း ကလေးငယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ဉာဏ်သွေးအပေါ်မှာတော်တော်လေးသက်ရောက်မှုရှိပါတယ်။ ဒီတော့ဉာဏ်ကောင်းတဲ့ဘေဘီလေးမွေးဖွားစေဖို့အတွက်မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်ပေးပါနော်။

နေပူဆာလှုံပါ – သဘာဝနဲ့ထိတွေ့မှုက ကလေးကိုပျိုးထောင်ပေးရာမှာ အကောင်းဆုံးအထောက်အကူပြုပေးနိုင်တဲ့နည်းလမ်းတစ်ခုပါ။နေရောင်ခြည်ကနေ မိခင်အတွက်ရော ကလေးရဲ့ အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့အတွက်ပါ အရေးပါတဲ့ ဗီတာမင် D ကိုရရှိစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ မနက်ခင်းနေရောင်ခြည်နွေးနွေးလေးကို မိနစ် ၂၀ လောက်မှန်မှန်လေးထိတွေ့ပေးပါနော်။

ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ – ကိုယ်ဝန်ဆောင်ရပြီဆိုတာနဲ့ လုံးဝမလှုပ်ရှားရတော့ဘူးလို့ မဆိုလိုပါဘူး။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မို့ တသွတ်သသွတ်စားနေရမယ်၊လို့လည်း မဆိုလိုပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အစားတွေကို တသွတ်သွတ်စားနေမယ်ဆိုရင် ကိုယ်ဝန်ဆောင်ဆီးချိုကိုခံစားရနိုင်ပြီး မိခင်ရော ကလေးပါထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးတာက သန္ဓေသားဆီသွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေနိုင်ပြီး ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုအထောက်အကူပြုပေးပါတယ်။

အနှိပ်ခံပါ – အနှိပ်ခံတာက ခန္ဓါကိုယ်အကြောတွေကိုပြေလျော့စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့လည်း ဗိုက်ကလေးကို ညင်ညင်သာသာလေးနှိပ်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။ ဒီလိုနှိပ်နယ်တဲ့အခါ သံလွင်ဆီလိုမျိုးအဆီတစ်ခုခုကို အသုံးပြုပြီး ဗိုက်ရဲ့အောက်ဘက်ပိုင်းကနေ အပေါ်ဘက်ကို နှိပ်ပေးပါ။

သီချင်းအေးအေးလေးနားထောင်ပေးပါ – ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့နေ့စဉ် သီချင်းအေးအေးလေးတွေနားထောင်ပေးတာက ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ သီချင်းနားထောင်တဲ့အခါ ကလေးကြားနိုင်လောက်တဲ့ အကွာအဝေးမှာထားပေးဖို့ မမေ့ပါနဲ့။

ကလေးကို စကားပြောပေးပါ – ကလေးက ဗိုက်ထဲမှာရှိနေပမယ့် အသံတွေကိုကြားနိုင်နေပါပြီ။ ကလေးက ကိုယ်ဝန် ၂၃ ပတ်ရောက်လာတဲ့အခါအပြင်ကအသံတွေကို စကြားနိုင်နေပါပြီ။ ဒါကြောင့်ကလေးကို စကားပြောပေးတာ၊ သီချင်းဆိုပြတာ၊ စာဖတ်ပြတာမျိုးလုပ်ပြပေးပါ။ ကလေးကဗိုက်ထဲကနေ လှုပ်တာ၊ ကန်တာမျိုးနဲ့ပြန်တုံ့ပြန်ပါလိမ့်မယ်။
ပုံပြောပြပေးပါ – ကလေးကို အချိန်တစ်ချိန်သတ်မှတ်ပြီး ပုံပြောပြတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို မှတ်ဉာဏ်စွမ်းရည်ကောင်းစေနိုင်သလို ဘာသာစကားစွမ်းရည်လည်း တိုးတက်စေနိုင်ပါတယ်။ ကလေးကို ပုံပြင်ဖတ်ပြတဲ့အခါ အသံနေအသံထားကိုဖြေးဖြေးမှန်မှန်လေးပြောပြပေးပါ။

အာဟာရမျှတအောင်စားသုံးပေးပါ – ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ကလေးအတွက်လိုအပ်မယ့်အာဟာရတွေ နဲ့ ကိုယ်တိုင်အတွက်လိုအပ်မယ့် အာဟာရတွေကို သင့်တင့်မျှတစွာစားသုံးပေးရပါမယ်။ ဒါမှ မိခင်ရော ကလေးပါကျန်းမာပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်တဲ့ ကလေးငယ်ကိုမွေးဖွားနိုင်မှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မာကျူရီပါဝင်မှုများတဲ့ ပင်လယ်ငါးတွေကို မစားဖို့ပြောပါရစေ။

အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေနဲ့ မထိတွေ့ဖို့ သတိပြုပါ – ကိုယ်ဝန်ဆောင်စဉ်မှာ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ထိတွေ့တာက သန္ဓေသားရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ပိုးသတ်ဆေးတွေ၊ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ထိတွေ့တာမျိုးကိုရှောင်ရပါမယ်။

အယ်လ်ကိုဟော၊ဆေးဝါးတွေ နဲ့ နီကိုတင်းကိုရှောင်ပါ – ဒီအရာတွေက သန္ဓေသားကိုထိခိုက်စေနိုင်ပါတယ်။နောက်ထပ်ရှောင်သင့်တာတစ်ခုက ကဖင်းပါ။ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အကောင်းဆုံးဖြစ်ချင်ရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ဆင့်ခံဆေးလိပ်ငွေ့ကိုပါရှောင်ရပါမယ်။
ကိုယ်ဝန်ဆောင်မေမေတို့ရေ ဒီအချက်လေးတွေကို ဂရုစိုက်လို့မွေးလာမယ့်ဘေဘီလေးကို ဉာဏ်ကောင်းတဲ့ဘေဘီလေးဖြစ်အောင် ပျိုးထောင်လိုက်ပါနော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဇန်နဝါရီ 23, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 23, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။