backup og meta

ကလေးနဲ့ လေယာဉ်စီးမယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးနဲ့ လေယာဉ်စီးမယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲ

    ခရီးသွားဖို့ပြင်ဆင်ရတာက တစ်ကိုယ်တည်းအတွက်ဆိုရင် လွယ်ပါတယ်။ သွားမယ်ဆို ချက်ချင်းထထွက်သွားလည်း ပြင်ဆင်စရာသိပ်မလိုဘူးလေ။ တစ်ယောက်တည်းမဟုတ်ဘဲ ကလေးနဲ့ ၊ မိသားစုနဲ့သွားရတော့မယ်ဆိုရင်တော့ မတူတော့ပါဘူး။ ဘာတွေလိုအပ်နိုင်မလဲ ကြိုပြင်ဆင်ရတာက အနည်းဆုံးတစ်ပတ်လောက်အလိုတည်းက အလုပ်ရှုပ်ပါတော့တယ်။

    မိသားစုဆိုတာထက် ကလေးပါပါလာရင် ပိုဂရုစိုက်ရပါတယ်။ သေးသေးဖွဲဖွဲဂရုစိုက်ရတဲ့ ကလေးဝေယျာဝစ္စနဲ့ အသုံးအဆောင်တွေက နည်းမှာမှမဟုတ်ဘဲ။ ကလေးနဲ့ခရီးသွားရပြီဆိုတာ ကိုယ်ကပြည့်စုံအောင်ပြင်ဆင်လာမှ လမ်းခရီးမှာအဆင်ပြေနိုင်မှာပါ။ သေချာမပြင်ဆင်လာတဲ့အခါ ကားနဲ့သွားရင် လမ်းမှာလိုတာဆင်းဝယ်လို့ရရင်ရနိုင်ပေမယ့်လေယာဉ်နဲ့ဆိုဘယ်လိုလုပ်မလဲ။

    ဒါ့ကြောင့် လေယာဉ်ခရီးစဉ်မှာ ကလေးနဲ့အတူလိုက်ပါမယ်ဆိုရင် ဒါလေးတွေတော့ပြင်ဆင်သင့်ပါတယ်။

    ကလေးနဲ့ အဆင်ပြေနိုင်မယ့် လေယာဉ်ချိန်ကို ရွေးပါ

    ကလေးရဲ့နေ့စဉ်လုပ်နေကျပုံမှန်အချိန်ဇယားကို မပျက်ရအောင် တတ်နိုင်သလောက်ကြိုးစားတာက အပြောင်းအလဲမှာ စိတ်မကြည်ဘဲ ဂျီကျငိုယိုမယ့်အလားအလာ ပိုနည်းစေပါလိမ့်မယ်။ တချို့ကလေးတွေမှာ မနက်အစောပိုင်းနဲ့ ညပိုင်းလေယာဉ်ချိန်ကိုရှောင်တာ အဆင်ပြေနိုင်ပေမယ့် တချို့ကျတော့ အဲဒီအချိန်ကမှ အဆင်ပြေဆုံးဖြစ်ရင်ဖြစ်နေနိုင်ပါတယ်။ ကလေးရဲ့အိပ်ချိန် ကမောက်ကမဖြစ်ခဲ့ရင် ဂျီကျတာ၊ ငိုယိုနေတာတွေကြောင့် ထိန်းရခက်၊ချော့ရခက်ပြီး ခရီးစဉ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

    အဝတ်အစားအပို၊ သေးခံအပိုတွေပါပါစေ

    ကလေးကို နွေးထွေးလုံခြုံအောင် ဝတ်စားပေးပြီး အန်တာ၊ပေကျံတာတွေအတွက် လိုလိုမည်မည်အဝတ်အစားအပိုနှစ်စုံလောက်တော့ အနီးမှာယူထားပါ။ ကလေးက အိုက်လွန်းရင်လည်းမနေ၊ အေးရင်လည်းမကြိုက်၊ ငိုနေရင်ပြဿနာရှိနိုင်လို့ သူသက်တောင့်သက်သာရှိစေဖို့ဦးစားပေးဂရုစိုက်ရပါမယ်။

    ကလေးအတွက် မုန်နဲ့သောက်စရာယူသွားပါ

    ဘီစကစ်၊ ကိတ်မုန့်တို့လို မသိုးနိုင်တဲ့ စားစရာတွေပဲယူသွားပါ။လေယာဉ်ပေါ်မှာရေဓါတ်မဆုံးရှုံးစေဖို့ ကလေးကို ရေတိုက်ပေးပါ။ သူကြိုက်တတ်တဲ့ မုန့်နဲ့သောက်စရာလေးတွေပြင်ဆင်သွားပေးပါ။ နို့စို့အရွယ်ဆို ဆာတဲ့အခါ တိုက်နိုင်ဖို့ အနွေးဓာတ်ထိန်းတဲ့ဘူးလေးနဲ့ နို့ဘူးဖျော်ပြီးယူလာနိုင်ပါတယ်။

    ကလေးအတွက်လိုအပ်တဲ့ဆေးဝါးတွေဆောင်သွားပါ

    ဖျားနာတာ၊ ဗိုက်အောင့်တာ၊ လည်ချောင်းနာ၊ ဝမ်းလျှော၊အော့အန်၊ ဓါတ်မတည့်တာ၊လေယာဉ်မူးတာစတဲ့ ဝေဒနာတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေကို ခရီးသွားတိုင်းဆောင်သွားသင့်ပါတယ်။

    သိပ်စိတ်မပူနေပါနဲ့

    ဘယ်လောက်ပဲ ကြိုပြင်ဆင်၊ သတိထားပါစေ၊ ကလေးတစ်ဖက်နဲ့ခရီးသွားရတာ ကသီလင်တတော့နိုင်မှာပါပဲ။ ရုတ်ရုတ်သည်းသည်းဖြစ်တယ်လို့ဆိုတာ မဟုတ်ဘူးနော်။ ဒါပေမယ့် အနည်းဆုံးတော့ ကလေးရဲ့ငိုသံနဲ့ ဘေးနားကခရီးဖော်တွေရဲ့သက်ပြင်းချသံ ကြားရမှာသေချာသလောက်ပဲ။ အသက်ဝအောင်ရှူပြီး အားတင်းလိုက်ပါ။ ကလေးရှိတဲ့မိဘတိုင်း ဒီအခြေအနေကိုကြုံဖူးကြမှာပဲ၊ လေယာဉ်ဆိုတာလည်း အချိန်တန်ရင်ပြန်ဆင်းသက်ပြီး ကိုယ့်ခရီးကိုရောက်မှာပဲဆိုတော့ ဒီခဏလေးကို တည်ငြိမ်စွာနဲ့ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ပြင်ထားပါ။ ကလေးကိုကျေနပ်အောင်ချော့မော့၊ ထိန်းကျောင်းနိုင်ဖို့ စိတ်ရှည်ပါ။

    ပိုပိုသာသာထည့်တာ ဖြစ်သင့်ပါတယ်

    သယ်လာတဲ့ပစ္စည်းပစ္စယတွေ များလွန်းတာဟာ လေယာဉ်ခရီးစဉ်မှာ အတော်တိုင်ပတ်စေနိုင်ပါတယ်။ ဒါပေမယ့် ကလေးပါတယ်ဆိုရင်တော့ ဒါဟာဖြစ်သင့်ပါတယ်။ diaperတွေနဲ့ အဝတ်အစားတွေ၊ စားစရာတွေ ပိုထည့်လာပါ။ ကလေးအသုံးအဆောင်တွေက အမြဲလိုအပ်နေတာများပါတယ်၊ ပိုတယ်ဆိုတာ သိပ်မရှိပါဘူး။ မတော်လို့လေယာဉ်နောက်ကျနေရင် လေဆိပ်မှာတင် ကလေးအသုံးအဆောင်တွေ သုံးလိုက်ရမှာပဲ။

    ကိုယ့်အနီးမှာ ယူထားဖို့လိုအပ်တဲ့ပစ္စည်းတွေ

    ခရီးတောက်လျှောက်သုံးဖို့ ပစ္စည်းတွေအကုန် ခရီးဆောင်အိတ်မှာ ထည့်ထားပေမယ့် လေယာဉ်စီးရင်း လိုအပ်လာရင်အလွယ်တကူသုံးနိုင်ဖို့ ကိုယ့်အနားမှာယူထားသင့်တဲ့အရာတွေက –

  • သေးခံ Diaper နဲ့ Diaper creamတွေ၊
  • လိုသလို သန့်စင်ပေးနိုင်ဖို့Baby wipesတွေ၊
  • ပေကျံသွားတဲ့အဝတ်နဲ့ သုံးပြီးသား Diaperတွေထည့်ဖို့ ပလတ်စတစ်အိတ်၊
  • စောင် (ကလေးငယ်တွေကို ပိုက်ထွေးဖို့စောင်အသေး)
  • ကလေးအဝတ်အပိုနှစ်စုံလောက်၊
  • ကွေကာ၊ ပူတင်း၊ ဘီစကစ်၊ သစ်သီး စတဲ့စားစရာတွေ၊
  • ကလေးနို့ဘူး
  • ကလေးအတွက် လိုအပ်နိုင်တဲ့ဆေးဝါးအနည်းငယ်နဲ့
  • ခပ်သေးသေး ကစားစရာတချို့တို့ဖြစ်ပါတယ်။
  • ဒီအချက်လေးတွေပြင်ဆင်ထားပြီးရင်တော့ ဖေဖေမေမေတို့အားလုံး သာယာအဆင်ပြေတဲ့ခရီးစဉ်လေးဖြစ်ပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement