စစားတတ်ပြီဆိုတာနဲ့ ကလေးကို အစုံတော့ကျွေးနေတာပဲ။ အားဖြစ်စေမယ့်၊ ထွားစေမယ့် အစားအသောက်တွေ စီစဉ်ပေးမယ်၊ အချိန်ဇယားနဲ့ မှန်မှန်ကျွေးမယ်။ ကလေးကို လူကောင်ကြီးလာ၊ ထွားလာ၊ ဝလာအောင်ကျွေးနိုင်ရင် အာဟာရလုံလောက်ပြီထင်နေပါသလား။ လူ့ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်ဆိုတာ အမျိုးစုံ၊ အများကြီးရှိပါတယ်။ အဲဒီထဲက တစ်ခုခုချို့တဲ့လို့ လူကောင်ချည်းပဲထွားလာပြီး ဉာဏ်ရည်ပိုင်းမှာ အားနည်းရှာတဲ့ ကလေးတွေ၊ ထွားနေပေမယ့် အဝလွန်အဆင့်ရောက်သွားတဲ့ကလေးတွေဆို စိတ်မကောင်းစရာပါပဲ။
ကလေးထွားတယ်ဆိုတာ ဝနေတာကို ဆိုလိုတာမဟုတ်ပါဘူး၊ ဝနေတိုင်းလည်း ကိုယ့်ကလေးရဲ့ဖွံ့ဖြိုးမှုနှုန်းက ထိုက်သင့်သလောက်ဖြစ်နေရဲ့လား မသေချာပါဘူး။ ဒါ့ကြောင့် ဗီတာမင်နဲ့သတ္တုဓါတ်တွေအပါအဝင် ကလေးတွေရဲ့ခန္ဓါကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေကို ပမာဏအချိုးညီညီရရှိနိုင်ဖို့ မိဘတွေက စီမံပေးရမှာပါ။ ကျန်းမာစွာနဲ့ဖွံ့ဖြိုးကြီးထွားလာဖို့ အာဟာရဓါတ်ပြည့်ဝအောင် ဂရုစိုက်သင့်ပါတယ်။ ဘာဓါတ်တွေကို ဘာလို့လိုအပ်တာလဲဆိုတာရောမေမေတို့ သိထားကြရဲ့လား။
ကလေးတွေကြီးထွားဖွံ့ဖြိုးမှုနဲ့ တခြားခန္ဓါကိုယ်လုပ်ဆောင်ချက်တွေအတွက် ပရိုတင်းလို့ခေါ်တဲ့ အသားဓါတ်ကိုလည်း မရှိမဖြစ်လိုအပ်ပါတယ်။ ဖွံ့ဖြိုးဆဲကလေးတွေအတွက် ပရိုတင်းက ဆဲလ်တွေ၊ အင်ဇိုင်းနဲ့ဟော်မုန်းတွေကို အားဖြည့်ထောက်ပံ့ပေးပြီး ခန္ဓါကိုယ်ကို ခွန်အားဖြစ်စေပါတယ်။
ကယ်လ်စီယမ်
မေမေတို့ သိကြတဲ့အတိုင်း ကယ်လ်စီယမ်က ကလေးရဲ့အရိုးနဲ့သွား ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ဓါတ်တစ်မျိုးပါ။ ကယ်လ်စီယမ်သိပ်နည်းနေရင် သူတို့လေးတွေရဲ့နောက်ပိုင်းအသက်အရွယ်မှာ အရိုးနဲ့ပတ်သက်တဲ့ရောဂါဖြစ်နိုင်ခြေများပါတယ်။ ကယ်လ်စီယမ်လိုချင်ရင် နို့ထွက်ပစ္စည်းကတော့ အကောင်းဆုံးအရင်းအမြစ်ပေါ့။ နွားနို့၊ နို့မှုန့်၊ ဒိန်ချဉ်တို့နဲ့တင် ကယ်လ်စီယမ်ရနိုင်ပါတယ်။
အကျိုးပြုဘက်တီးရီးယားအတွက် Prebiotics
အူတွင်းမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotics) က ကလေးတွေရဲ့အစာခြေစနစ်ကျန်းမာရေးကိုစောင့်ရှောက်ကူညီပေးပြီး အစာကြေအောင်၊ဝမ်းတစ်လုံးကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ ဒီဘက်တီးရီးယားလေးတွေအတွက် လိုအပ်တဲ့အာဟာရအမျှင်ဓာတ်ဖြစ်တဲ့ prebioticsလေးတွေကို လူသိနည်းပါတယ်။ Prebioticတွေကို ငှက်ပျောသီး၊ကညွတ်၊ပဲပိစပ်တို့လို အစားအသောက်တွေကနေရရှိနိင်သလို LcFOS (prebiotic တစ်မျိုး) ဖြည့်စွက်ထားတဲ့အာဟာရနို့မှုန့်တွေကနေလည်း ရရှိနိုင်ပါတယ်။ အစာခြေစနစ်အတွက် prebioticတွေရဲ့ကောင်းကျိုးတွေက အူလမ်းကြောင်းလုပ်ဆောင်ချက်တွေကို ပိုမြန်ဆန်စေဖို့ကူညီပေးတယ်၊ အူမကြီးကိုသန့်ရှင်းစေတယ်၊ ဝမ်းမှန်စေတယ်။
အာဟာရဓာတ်တွေပြည့်စုံဖို့လိုအပ်တယ်ဆိုပြီး ကလေးကို အစားအစာတွေအစုံကျွေးမယ်ဆို ရတော့ရနိုင်ပေမယ့် အမြဲတော့ပုံမှန်မရနိုင်ပါဘူး။ ကလေးအနေနဲ့ မငြီးငွေ့အောင် မတူတာလေးတွေပြင်ဆင်ပေးရမယ်၊ မီနူးလည်းပြောင်းပေးရမယ်၊ ဒါတောင် ဓာတ်တစ်မျိုးမျိုးမှာ ကျန်နေခဲ့တာမျိုး၊ ကလေးကကြေးများလို့ သိပ်မစားတာမျိုးဆို အဆင်မပြေပါဘူး။ ဒီလိုအခြေအနေမျိုးမှာ လိုအပ်သမျှဓါတ်တွေကို အသင့်ဖြည့်စွက်ပြီးသား အာဟာရနို့မှုန့်၊ ဖြည့်စွက်အာဟာရတွေနဲ့ဖေးကူသင့်ပါတယ်။ ကလေးအရွယ်ကို အားဆေးတိုက်တာထက် အာဟာရဓာတ်ပါဝင်မှုမှာ အားဆေးနဲ့သိပ်မကွာတဲ့ဖြည့်စွက်အာဟာရတွေက ပိုသင့်တော်ပါလိမ့်မယ်။ ကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ထက်မြက်တဲ့ သားသားမီးမီးတွေဖြစ်အောင်ပြုစုပျိုးထောင်နိုင်ပါစေနော်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။