ကလေးများတွင်ဖြစ်သော ဆုံဆို့နာအကြောင်း သိကောင်းစရာ

    ကလေးများတွင်ဖြစ်သော ဆုံဆို့နာအကြောင်း သိကောင်းစရာ

    ဆုံဆို့နာဆိုတာ ဟိုးလွန်ခဲ့တဲ့ ၁၉၃၀ ပြည့်နှစ်တွေလောက်က ကလေးတွေမှာအဖြစ်များခဲ့တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီ ရောဂါဟာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါ တစ်ခုဖြစ်ပြီး လည်ချောင်း၊ နှာခေါင်း၊အာသီး(အသက်ရှူလမ်းကြောင်းဆိုင်ရာဆုံဆို့နာလို့ခေါ်တယ်) နဲ့ အရေပြားစတဲ့နေရာတွေထဲက နှစ်နေရာမှာ ဖြစ်ပွားလေ့ရှိပါတယ်။

    ဆုံဆို့နာဘယ်လိုကူးလဲ။

    ဆုံဆို့နာကို ဖြစ်စေတဲ့ဘက်တီးရီးယားပိုးဟာ ခန္ဒ္ဓာကိုယ်ထဲကို နှာခေါင်း ဒါမှမဟုတ် ပါးစပ်ကတဆင့်ဝင်ရောက်လာနိုင်တဲ့အပြင် အရေပြားပေါက်ပြဲဒဏ်ရာတွေကနေလည်းဝင်ရောက်နိုင်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး အနီးကပ် ထိတွေ့ရင် အသက်ရှူထုတ်လိုက်တဲ့ထဲမှာ ပါလာတဲ့ အမှုန်လေးတွေကတဆင့် ရောဂါကူးစက်ပါတယ်။ ဆိုလိုတာက ပိုးကူးစက်ခံထားရတဲ့သူ ချောင်းဆိုးတာ၊နှာချေတာ ဒါမှမဟုတ် ရယ်လိုက်တာကနေ ထွက်လာတဲ့ဘက်တီးရီးယားတွေပါတဲ့ လေကိုရှူရှိုက်မိရင်ပိုးကူးစက်တယ်လို့ပြောချင်တာဖြစ်တယ်။ ရောဂါပိုးနဲ့ထိတွေ့ပြီးနောက်ရောဂါလက္ခဏာတွေပြဖို့၂ရက်ကနေ၄ရက်အထိကြာတတ်ပါတယ်။

    ဆုံဆို့နာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    အောက်မှာဖော်ပြထားတဲ့လက္ခဏာတွေဟာဆုံဆို့နာရဲ့အတွေ့ရအများဆုံး လက္ခဏာတွေ ဆိုပေမယ့် ကလေးတစ်ယောက်နဲ့တစ်ယောက်ပြတဲ့လက္ခဏာတွေကတော့တူချင်မှတူမှာပါ။

    အသက်ရှူလမ်းကြောင်းဆိုင်ရာဆုံဆို့နာ

    ကလေးတစ်ယောက်ဆုံဆို့နာရောဂါပိုးကူးစက်ခံရပြီဆိုရင်ရောဂါပိုးတွေဟာ လည်ချောင်းထဲမှာ ပျံ့နှံ့ပေါက်ပွားကြီးထွားပါတယ်။ လည်ချောင်းထဲနဲ့အာသီးတို့မှာအဖတ်ကလေးတွေအလွှာလေးတွေ ဖြစ်လာပြီးလည်ချောင်းနာခြင်းကို ဖြစ်စေပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာဆုံဆို့နာမှာတွေ့ရတတ်တဲ့တခြားလက္ခဏာတွေက

    • အသက်ရှူရခက်ခြင်း။
    • ငွေ့ငွေ့ဖျားခြင်း။
    • အသံရှတတဖြစ်ခြင်း။
    • အသက်ရှူသွင်းလိုက်တဲ့အခါပုံမှန်မဟုတ်တဲ့အသံထွက်ခြင်း
    • လည်ပင်းကအကြိတ်တွေကြီးခြင်း။
    • နှလုံးခုန်မြန်လာခြင်း
    • နှာရည်တွေထွက်ခြင်း။
    • ကျောက်ကပ်ထိခိုက်ခြင်း။
    • အပေါ်အာခေါင်ရောင်ခြင်းစတာတွေပဲ ဖြစ်ပါတယ်။

    ဖြစ်ပေါ်လာတဲ့ အလွှာလေးတွေ၊ အဖတ်လေးတွေက အသက်ရှူတာကို လုံးဝပိတ်ဆို့နိုင်လိုက်တဲ့အခါ ကလေးဟာ အသက်ရှုကျပ်ပြီး သေသွားနိုင်ပါတယ်။ နောက်ဆက်တွဲ ပြဿနာ နောက်တစ်ခုက ဘက်တီးရီးယားက ထုတ်တဲ့ အဆိပ်တွေ သွေးထဲရောက်သွားပြီး ကျောက်ကပ် ဒါမှမဟုတ် နှလုံးကို ထိခိုက်စေတာပါ။

    အရေပြားကိုထိခိုက်တဲ့ဆုံဆို့နာ

    ဒီအမျိုးအစားကကျတော့ ရောဂါလက္ခဏာတွေ သိပ်မပြင်းထန်ပါဘူး။ ဖြစ်နိုင်တဲ့ ရောဂါလက္ခဏာလေးတွေက အရေပြားပေါ်မှာ အဝါစက်လေးတွေ ဒါမှမဟုတ်အဖြူရောင်အစက် ဒါမှမဟုတ် အနာလေးတွေ ဖြစ်လာတာပါ(ကျောက်ပေါက်တာနဲ့ခပ်ဆင်ဆင်တူပါတယ်)။

    ဆုံဆို့နာရဲ့ ရောဂါလက္ခဏာတွေဟာ တခြားရောဂါတွေနဲ့ ခပ်ဆင်ဆင် တူပါတယ်။ ဒါ့ကြောင့် ကလေးရဲ့ရောဂါအတိမ်အနက်ကို သိရဖို့အတွက် ကလေးဆရာဝန်နဲ့အမြန်ဆုံးသွားပြပါ။

    ဆုံဆို့နာဖြစ်နေကြောင်း ဘယ်လိုသိနိုင်မလဲ။

    ဆရာဝန်အနေနဲ့လူနာကိုကိုင်တွယ်စမ်းသပ်စစ်ဆေးကြည့်ခြင်းအားဖြင့်ဆုံဆို့နာဟုတ်မဟုတ်သိနိုင်မှာပါ။ ပါးစပ်ဒါမှမဟုတ်အနာဖြစ်နေတဲ့နေရာကအဖတ်အလွှာလေးကိုယူပြီးလည်းစစ်ဆေးကောင်းစစ်ဆေးကြည့်မှာပါ။

    ဆုံဆို့နာကို ဘယ်လိုကုသမလဲ။

    ကလေးရဲ့အသက်အရွယ်၊ အရင်ကဖြစ်ဖူးတဲ့ရောဂါတွေ၊ လက်ရှိဖြစ်နေတဲ့ရောဂါရဲ့အခြေအနေ၊ ရရှိနိုင်တဲ့ဆေး ဒါမှမဟုတ် ကုသမှုအနေအထား၊ ဒီရောဂါ ကြာနိုင်မယ့် ခန့်မှန်းချေအချိန်ကာလ ဒါမှမဟုတ် သင့်ရဲ့ရွေးချယ်မှု၊ ထင်မြင်ယူဆချက်တွေအပေါ်မူတည်ပြီးကလေးဆရာဝန်တွေအနေနဲ့ အကောင်းဆုံးကုသမှုကို ပေးဖို့ကြိုးစားမှာပါ။ သွေးထဲအဆိပ်တွေမရောက်သေးတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆုံဆို့နာမှာ ပဋိဇီဝဆေး(ပိုးသတ်ဆေး)တွေက အများအားဖြင့် အသုံးဝင်လေ့ရှိပါတယ်။ ဆုံဆို့နာ ဟုတ်မဟုတ် သံသယရှိရင်အဆိပ်ကို တွန်းလှန်တဲ့ဆေး(antitoxin)နဲ့ ပိုးသတ်ဆေးနဲ့ကို တွဲဖက်သုံးနိုင်ပါတယ်။ တချို့ကလေးတွေမှာ လုံးဝအသက်ရှူလို့မရတော့ဘူးဆိုရင် လည်ချောင်းကို အပေါက်ဖောက်လေ့ရှိပါတယ်။

    ဆုံဆို့၊ကြက်ညှာ၊မေးခိုင်ကာကွယ်ဆေးတွေဆိုတာဘာတွေလဲ။

    ဒီကာကွယ်ဆေးတွေဟာ သူတို့ရဲ့ နာမည်အတိုင်းပဲ သက်ဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီကာကွယ်ဆေးတွေအားလုံးထိုးထားတဲ့ကလေးအများစုဟာ ကလေးဘဝတလျှောက်လုံးအတွက် ဒီရောဂါတွေကနေကာကွယ်ပြီးသား ဖြစ်စေပါတယ်။ နောက်ပိုင်းမှာတော့ သုံးမျိုးစပ်ကာကွယ်ဆေးအနေနဲ့ ဆေးတစ်မျိုးထိုးတာနဲ့ ရောဂါသုံးမျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ဆေးကို တီထွင်ခဲ့ပါတယ်။ ကာကွယ်ဆေးအမျိုးမျိုးရှိပေမယ့် ပုံစံအသစ်ဖြစ်တဲ့ DTaPကာကွယ်ဆေးဟာ အရင်ပုံစံအဟောင်းတွေထက် ဆေးမတည့်ခြင်းစတာတွေကိုအဖြစ်နည်းစေပါတယ်။

    DTaP ကာကွယ်ဆေးတွေကို ဘယ်အချိန်တွေမှာ ထိုးရမှာလဲ။

    DTaPကာကွယ်ဆေးကို ငါးကြိမ်ထိုးရပါမယ်။ ကလေးအသက်၂လ၊ ၄လနဲ့ ၆လတွေမှာ ပထမသုံးကြိမ်ထိုးရပါမယ်။ အသက်၁နှစ်၃လနဲ့ ၁နှစ်ခွဲကြားမှာ စတုတ္ထအကြိမ်မြောက်ထိုးပြီး အသက်၄နှစ်နဲ့ ၆နှစ်ကြား(ကျောင်းစတက်တဲ့အရွယ်လောက်မှာ) ပဉ္စမအကြိမ်ထိုးရပါမယ်။ အသက်၁၁နှစ်၊ ၁၂နှစ်လောက်မှာDTaPကာကွယ်ဆေးကိုပဲ booster doseလို့ခေါ်တဲ့ နောက်တစ်ကြိမ်ထပ်ထိုးရပါမယ်။ ကာကွယ်ဆေးထိုးတာနဲ့ ပတ်သက်ပြီး မရှင်းလင်းတာတွေရှိရင် ကလေးဆရာဝန်နဲ့ မေးမြန်းဆွေးနွေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Dr. Thiha Phyo Myint မှ ရေးသားသည်။ 09/08/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။