backup og meta

ခြင်ကိုက်တာကို ခပ်ပေါ့ပေါ့ မတွေးပါနဲ့။


Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြင်ကိုက်တာကို ခပ်ပေါ့ပေါ့ မတွေးပါနဲ့။

    ကလေးကို ခြင်ကိုက်မခံနဲ့ဆိုတဲ့ စကားကို ခဏခဏ ကြားဖူးနေမှာပါ။ ကလေးကို အိပ်နေရင် ခြင်ထောင်နဲ့ သိပ်နော်။ ပုခက်ကိုလည်း မပြတ်တမ်း လွှဲနေ ကလေး ခြင်ကိုက်မခံရစေနဲ့ဆိုတာက မေမေဖေဖေတို့အနေနဲ့ ဖိုးဖိုးဖွားဖွားတွေဆီကနေ မပြတ်တမ်း ကြားနေရမယ့် စကားတွေပါ။

    ဖိုးဖိုးဖွားဖွားဆီကတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ဆေးခန်း သွားပြတဲ့အခါမှာလည်း ကလေးမှာ ခြင်ဖုလေးတွေ တွေ့တဲ့အခါမျိုးဖြစ်ဖြစ် သတိပေးတဲ့အနေနဲ့ ဖြစ်ဖြစ် ကလေးကို ခြင်မကိုက်အောင် သေချာ ဂရုစိုက်နော်။ နေ့ခင်းနေ့လယ် အိပ်ရင်တောင် ခြင်ထောင်နဲ့ပဲ သိပ်နော်ဆိုတဲ့ ဆရာဝန်တွေရဲ့ အမှာစကားကိုပါ နားရည်ဝနေအောင် ကြားဖူးနေမှာပါ။

    ဒါက တကယ်ကို လိုအပ်လို့ ပြောနေတာပါ။ ခြင်ကိုက်တာက အရေပြားပေါ်မှာတင်ဖြစ်တဲ့ အဖုအပိမ့်လေးဆိုတာထက် ပိုပါတယ်။

    ခြင်ကိုက်တာက အရေပြားပေါ်က အနီရောင် အဖုအပိမ့်လေးနဲ့တင် ပြီးမသွားပါဘူး။

    ခြင်ကိုက်ခံရတာများ ဘာဆန်းနေလို့လည်း အရေပြားပေါ်မှာ အနီရောင်အဖုလေးလောက်ဖြစ်တာ သနပ်ခါးရေကျဲလေး အုံလိုက်ရင် ရက်ပိုင်းဆို သက်သာသွားမှာပဲလို့ တွေးနေတာလား မေမေဖေဖေတို့ရေ။ တကယ်ကတော့ ခြင်ကိုက်တာက အရေပြားပေါ်က ခြင်ကိုက်ဖု သေးသေးလေး ဆိုတာထက်ပိုပြီး ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ရှိပါတယ်။

    ခြင်ကိုက်တာကြောင့် ကလေးကို အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ ရောဂါတွေ ဖြစ်ကြတဲ့ သွေးလွန်တုပ်ကွေးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါတွေကို ခံစားရစေနိုင်ပါတယ်။

    ခြင်ကိုက်တာကို ခပ်ပေါ့ပေါ့ မတွေးပါနဲ့။

    ခြင်ကိုက်တာကြောင့် ကလေးကို အသက်အန္တရာယ်ဖြစ်စေနိုင်သလို အသက်မဆုံးရှုံးခဲ့ရင်တောင် တစ်သက်လုံး မသန်စွမ်းတဲ့ အနေအထားဖြစ်စေနိုင်တဲ့ ဂျပန်ဦးနှောက်ရောင် ရောဂါ ဖြစ်စေနိုင်ပါတယ်။

    ဂျပန် ဦးနှောက်ရောင်ရောဂါဟာ ​Culex အမျိုးအစား ခြင်ကြောင့် ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပေါ့။ ရောဂါပိုးရှိတဲ့ ကြက်၊ ဝက်၊ ဘဲ စတာတွေကို ကိုက်ထားတဲ့ ခြင်ကတဆင့် လူဆီကို ကူးစက်တဲ့ ရောဂါပါ။ ၁၈၇၁ ခုနှစ်က ဂျပန်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရောဂါပိုးကူးစက်ခံရတဲ့အခါ ဦးနှောက်မှာ ပိုးပြန့်ပြီး ဦးနှောက်ကို ထိခိုက်စေတာကြောင့် ဂျပန်ဦးနှောက်ရောင် ရောဂါလို့ ခေါ်တာပါ။

    ဒီရောဂါပိုးက ကလေးတွေမှာ အဖြစ်များပြီး လူကြီးတွေမှာလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အရှေ့တောင်အာရှ၊ ပစိဖိတ်ကျွန်းတွေနဲ့ ကမ္ဘာ့ အရှေ့ဖျားနိုင်ငံတွေရဲ့ ကျေးလက်ဒေသတွေမှာ အဖြစ်များပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတစ်ခု ဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။

    ဒီရောဂါက ကြီးမားတဲ့ နောက်ဆက်တွဲ အနေနဲ့ သေဆုံးတာမျိုး ဖြစ်နိုင်သလို ရာသက်ပန် အသိဉာဏ်ချို့ယွင်းတာ၊ စကားမပြောနိုင်တာ၊ မလှုပ်ရှားနိုင်တာ၊ တက်တာ၊ ဦးနှောက် ထိခိုက်ပျက်စီးတာ၊ မှတ်ဉာဏ် နဲ့ အာရုံကြော ထိခိုက် ပျက်စီးတာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီရောဂါဟာ အရမ်းကို ကြောက်စရာ ကောင်းပါတဲ့ ရောဂါတစ်မျိုးပါ။

    ဒီရောဂါက တစ်ကြိမ်တစ်ခါလောက်ပဲ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်မိရုံနဲ့ ကူးစက်ခံစားရနိုင်တာပါ။ အရေပြားပေါ်မှာက ခြင်ကိုက်လို့ ဖြစ်တဲ့ ခြင်ကိုက်ဖုလေးပဲ ဆိုပေမယ့် ခြင်ကိုက်တဲ့နေရာကနေ ခြင်က ကိုယ်ထဲကို ပို့လွှတ်လိုက်တဲ့ ရောဂါပိုးကတော့ ကလေးကို အသက်အန္တရာယ် ထိခိုက်စေတဲ့အထိ ပြင်းထန်ပါတယ်။

    ဒါကြောင့် ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် ဘေဘီလေးတွေကို ခြင်ကိုက်မခံရအောင် သေချာ ဂရုစိုက်ဖို့ လိုပါမယ်။

    ခြင်ကိုက်မခံရအောင် ဂရုစိုက်တာက လုံလောက်တဲ့ ကာကွယ်မှုလား။

    ကြောက်စရာကောင်းတဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါက အခုချိန်ထိ ကုသတဲ့ဆေး မရှိသေးပါဘူး။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ကာကွယ်နိုင်တဲ့ ဆေးရှိနေတာပါ။ ကလေးကို ခြင်ကိုက် မခံရအောင် အပြင် ကာကွယ်ဆေး ထိုးနှံပေးပြီး ဘေဘီလေးကို ဒီကြောက်စရာကောင်းတဲ့ ရောဂါဘေးကနေ ကာကွယ်နိုင်ပါတယ်။

    ဂျပန် ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးက Japanese encephalitis virus လို့ခေါ်တဲ့ ဂျပန်ဦးနှောက်ရောင် ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ကာကွယ်ပေးပါတယ်။ ရောဂါပိုးရှိတဲ့ ခြင်ကိုက်ခံရတဲ့အခါမှာလည်း ကိုယ်ခံအားစနစ်ကို ရောဂါမဖြစ်အောင် ခုခံ တိုက်ထုတ်ဖို့ ကူညီပေးပါတယ်။

    ဘေဘီလေး အသက် ၉ လ ဆိုတာနဲ့ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး စထိုးပေးလို့ရပါပြီ။ primary immunization (ကနဦး ကာကွယ်ဆေး)အနေနဲ့ အသက် ၉ လမှာ တစ်ကြိမ် ထိုးပေးရပါမယ်။ ဘေဘီလေးကို ထပ်ဆောင်းကာကွယ်ဆေး (booster dose) ထိုးချင်ရင် နောက်တစ်နှစ်၊ နှစ်နှစ်လောက်နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးနိုင်ပါတယ်။

    ကလေးတွေမှာ မဟုတ်ပါဘူး ဒီရောဂါက လူကြီးတွေမှာလည်း ဖြစ်နိုင်တာကြောင့် အရွယ်ရောက်ပြီးသူတွေမှာလည်း ထိုးပေးလို့ ရပါတယ်။ ၁၈နှစ်အထက် လူကြီးတွေဆိုရင်လည်း တစ်ခါပဲ ထိုးပေးရင်ရပါတယ်။ လူကြီးတွေကိုတော့ ထပ်ဆောင်းကာကွယ်ဆေး (booster dose) ထိုးချင်ရင် ၅နှစ်လောက်နေမှ ထပ်ထိုးရပါတယ်။

    ဒါကြောင့် ဘေဘီလေးကို ကြောက်စရာကောင်းတဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကို ကာကွယ်ပေးချင်တယ်ဆိုရင် ခြင်ကိုက်မခံရအောင် ကာကွယ်ပေးတာနဲ့အတူ လုံလောက်တဲ့ ကာကွယ်ဆေးတွေကို ထိုးနှံထားပေးဖို့ပါ။

    ကဲ…….. ခြင်ကိုက်တာကို ခပ်ပေါ့ပေါ့မတွေးဖို့ ဘာကြောင့်ပြောရတာလဲဆိုတာကို သိပြီဟုတ်။ ခြင်မကိုက်စေနဲ့လို့ ပြောတာကို နားမငြီးဘဲ ဘေဘီလေးကို ခြင်ကိုက် မခံရအောင် သေချာလေး ဂရုစိုက်ပေးလို့ ကာကွယ်ဆေးတွေလည်း မှန်မှန်ထိုးပေးကြစို့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement