backup og meta

အရိုးသိပ်သည်းဆ ဆိုတာဘာလဲ

အရိုးသိပ်သည်းဆ၊ အရိုးထုထည်ဆိုတာ ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ဘာကိုဆိုလိုတယ်ဆိုတာနားလည်မိပါသလား။ ဒီဆောင်းပါးဟာအရိုးသိပ်သည်းဆရဲ့ အခြေခံအချက်တွေကိုပြောပြပါလိမ့်မယ်။

အရိုးသိပ်သည်းဆဆိုတာဘာလဲ

အရိုးတွေဟာကိုယ်ခန္ဓါတစ်ခုလုံးကိုအထောက်အပံ့ ပြုထားတာကြောင့် အရေးကြီးလှပါတယ်။ သူတို့ဟာ ကြွက်သား၊ အရွတ်နဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေအတွက် ကိုယ်ထည်အနေနဲ့ တာဝန်ထမ်းဆောင်ပါတယ်။ အရိုးတွေဟာသွေးနီဥနဲ့ သွေးဖြူဥတွေကိုထုတ်ပေးရာနေရာလည်း ဖြစ်ပါတယ်။

အရိုးသိပ်သည်းဆဟာအရိုးထဲမှာသတ္တုဓါတ် ဘယ်လောက်ရှိတယ်ဆိုတာကိုညွှန်ပြပါတယ်။

အရိုးသိပ်သည်းဆကိုဘယ်လိုစမ်းသပ်လဲ

အရိုးသိပ်သည်းဆစမ်းသပ်ခြင်းဆိုတာသင့်အရိုးတွေရဲ့ ကျန်းမာရေးကိုစစ်ဆေးတာပဲ ဖြစ်ပါတယ်။ ရလဒ်မှာသင့်အရိုးရဲ့ သိပ်သည်းဆကိုတွေ့နိုင်ပါတယ်။ ပြီးတဲ့အခါ ဆရာဝန်ဟာ ကျန်းမာသူတစ်ယောက်ရဲ့ အရိုးသိပ်သည်းဆနဲ့ နှိုင်းယှဉ်ပါလိမ့်မယ်။ ဒီစမ်းသပ်မှုနဲ့ အရိုးရဲ့ အောက်ပါအခြေအနေတွေကိုသိရှိနိုင်ပါတယ်။

  • အရိုးပွခြင်းရှိမရှိသိနိုင်ပါတယ်။ အရိုးပွတဲ့အခါ အရိုးဟာ ကျိုးလွယ်ပါတယ်။
  • အရိုးကျိုးနိုင်ခြေ အန္တရာယ်ကိုသိနိုင်ပါတယ်။
  • အရိုးပွခြင်းအတွက် ကုသမှုဟာသင့်အတွက် အလုပ်ဖြစ်လား၊ ကုသမှုအပေါ် တုံ့ပြန်ချက်ကဘယ်လိုရှိသလဲသိနိုင်ပါတယ်။

အရိုးသိပ်သည်းဆစစ်ဆေးရာမှာဓါတ်မှန်ရိုက်နည်းကိုသုံးပြီးအရိုးထဲကကယ်လ်စီယမ်ဓါတ်တွေကိုတိုင်းတာပါတယ်။ ဒီနည်းနဲ့ စစ်ဆေးခြင်းအများဆုံးလုပ်ဖြစ်တဲ့နေရာတွေကတော့ တင်ပါးဆုံရိုး၊ ကျောရိုးနဲ့ လက်ဖျံရိုးတွေ ဖြစ်ပါတယ်။ ဒီစစ်ဆေးနည်းဟာလွယ်ကူလျင်မြန်ပြီးနာကျင်မှု မရှိပါဘူး။ တချို့နည်းတွေဟာဆေးဆိုင်တွေမှာတောင်လုပ်နိုင်ပေမယ့် များသောအားဖြင့် ဆေးရုံမှာပဲ ပြုလုပ်ပါတယ်။

အရိုးသိပ်သည်းဆစစ်ဆေးဖို့ ဘယ်အချိန်မှာညွှန်နိုင်လဲ

သင့်ဆရာဝန်ဟာ အောက်ပါအခြေအနေတွေမှာအရိုးသိပ်သည်းဆစစ်ဖို့ညွှန်ပါလိမ့်မယ်။

  • သင့်အရပ် ၄စင်တီမီတာလောက် နိမ့်သွားတဲ့အခါ ညွှန်ပါလိမ့်မယ်။ ကျောရိုးကျိုးခြင်းရှိနိုင်ပြီးအရိုးပွခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
  • ထိခိုက်မှုမရှိဘဲအရိုးကျိုးတဲ့အခါ ဖြစ်ပါတယ်။ အရိုးများကျိုးလွယ်တဲ့အခါမှာချောင်းခပ်ပြင်းပြင်းဆိုးရင်တောင် ကျိုးတတ်ပါတယ်။
  • စတီးရွိုက်လိုမျိုးဆေးတွေ သောက်နေရတဲ့အခါ အရိုးပွနိုင်တာမို့ စစ်ဆေးဖို့ ညွှန်နိုင်ပါတယ်။
  • အကြောင်းရင်းမသိဘဲဟော်မုန်းပမာဏရုတ်တရက် ကျဆင်းသွားတဲ့အခါ စစ်ဆေးတတ်ပါတယ်။ ကင်ဆာရောဂါကိုကုသမှုအချို့ဟာအီစထရိုဂျင်(Estrogen) နဲ့ တက်စတိုစတီရုန်း(Testoserone) ကဲ့သို့သောဟော်မုန်းတွေကိုကျဆင်းစေပါတယ်။ လိင်ပိုင်းဆိုင်ရာဟော်မုန်းတွေကျဆင်းတဲ့အခါ အရိုးများအားနည်းခြင်းကို ဖြစ်စေပါတယ်။

အရိုးထုထည်နည်းခြင်းနှင့် အရိုးပွခြင်း

စစ်ဆေးချက်ရဲ့ ရလဒ်ကိုကြည့်ပြီး ဆရာဝန်ဟာ သင့်အနေနဲ့ ဘယ်ကုသမှုနဲ့ အဆင်ပြေမယ်ဆိုတာဆုံးဖြတ်နိုင်ပါတယ်။ ဆရာဝန်ဟာ သင့်အနေနဲ့ ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်များများစားဖို့၊ လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းလုပ်ဖို့ လမ်းညွှန် ပါလိမ့်မယ်။

အရိုးထုထည်နည်းခြင်း

သင့်ရဲ့ အရိုးသိပ်သည်းဆဟာပုံမှန်ထက်နည်းပေမယ့် အရိုးပွခြင်းလည်းမဖြစ်နိုင်သေးတဲ့ အခြေအနေ ဖြစ်ပါတယ်။

အရိုးထုထည်နည်းသူအားလုံးဟာနောင်မှာအရိုးပွခြင်းကို ကြုံတွေ့နိုင်ပါတယ်။

အရိုးပွခြင်း

အရိုးပွတယ်လို့ ညွှန်ပြနေပြီဆိုရင် သင့်အရိုးသိပ်သည်းဆဟာအင်မတန်နည်းပါးနေပါပြီ။ အနည်းငယ်လောက်ထိခိုက်ရုံနဲ့ သင့်အရိုးဟာကျိုးလွယ်ပါတယ်။

အရိုးသိပ်သည်းဆဟာသင့်အရိုးကျန်းမာရေး၊ ထိခိုက်နိုင်မှု၊ ရောဂါဖြစ်နိုင်မှုတွေကို ပြနေတဲ့ ညွှန်ကိန်း ဖြစ်ပါတယ်။ သင့်ဆရာဝန်ဟာ အရိုးသိပ်သည်းဆကိုတိုင်းတာဖို့ သိပ်သည်းဆတိုင်းတဲ့နည်းကိုသုံးပြီးထွက်လာတဲ့အဖြေတွေပေါ် မူတည်ပြီးကုသမှု ပြုပါလိမ့်မယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Bone Density. https://medlineplus.gov/bonedensity.html. Accessed December 25, 2016.
2. Bone density test – Why it’s done. http://www.mayoclinic.org/tests-procedures/bone-density-test/basics/why-its-done/prc-20020254. Accessed December 25, 2016.
3. Bone Density. http://www.webmd.com/osteoporosis/bone-mineral-density-test#1. Accessed December 25, 2016.
4. Bone Mass Measurement: What the Numbers Mean. https://www.niams.nih.gov/health_info/bone/bone_health/bone_mass_measure.asp. Accessed December 25, 2016.
5. Low Bone Density. https://www.nof.org/patients/diagnosis-information/bone-density-examtesting/low-bone-density/. Accessed December 25, 2016.

ယခုပုံစံ

12/05/2020

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement