backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

မျောက်ကျောက်ရောဂါနဲ့ မှားတတ်တဲ့ ရောဂါများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မျောက်ကျောက်ရောဂါနဲ့ မှားတတ်တဲ့ ရောဂါများ

အနောက်နိုင်ငံတော်တော်များများမှာ မျောက်ကျောက်ရောဂါ တွေ့နေပြီဆိုတော့ မြန်မာနိုင်ငံအနေနဲ့လည်း သတိထားတာ မမှားပါဘူး။ ရောဂါက သိပ်မဆိုးလှဘူးလို့ ခန့်မှန်းကြပေမယ့် ရှေ့မှာ ကိုဗစ်ဒဏ်ကို ခံခဲ့ဖူးတော့ ဒီလို အစုလိုက် အပြုံလိုက် ဖြစ်တဲ့ရောဂါတွေဆို လူတွေက လန့်နေပါပြီ။ အထူးသဖြင့် လက်မှာ အရည်ကြည်ဖုတွေ၊ အနီစက်တွေ ပေါက်လာပြီဆိုတာနဲ့ မျောက်ကျောက်ရောဂါများလားဆို ထင်လာကြပါပြီ။ ဒါကြောင့် မျောက်ကျောက်ရောဂါနဲ့ လက္ခဏာတူပြီး မှားတတ်တဲ့ ရောဂါလေးတွေကို သိထားသင့်ပါတယ်။

မျောက်ကျောက်ရောဂါမှာ တွေ့ရတတ်တဲ့ လက္ခဏာများ

အရင်ဆုံး မျောက်ကျောက်ရောဂါမှာ ထွက်တတ်တဲ့ အရေပြားလက္ခဏာ၊ ပြီးတော့ တခြားဖြစ်တတ်တဲ့ လက္ခဏာတွေကို သိထားဖို့ လိုပါတယ်။

မျောက်ကျောက်ရောဂါက စစချင်းမှာ တုပ်ကွေးဆန်ဆန် လက္ခဏာလေးတွေ ပြတတ်ပါတယ်။ ဖျားတာ၊ ခေါင်းတွေ ထိုးကိုက်တာ၊ ကိုယ်လက်ကိုက်တာ၊ နုံးတာ၊ အကျိတ်ထွက်တာ စတာတွေ စဖြစ်ပါတယ်။ ဒီမှာလည်း တုပ်ကွေးလိုလို၊ မျောက်ကျောက်လိုလို သိပ်တော့ မသဲကွဲပါဘူး၊။

ဖျားပြီး ၁ရက်ကနေ ၃ရက်လောက်ဆိုရင်တော့ လူအများကြောက်တဲ့ အရေပြားလက္ခဏာတွေ စပေါ်လာပါပြီ။

  • မျောက်ကျောက်ရောဂါမှာ အနီစက်ထွက်တာက မျက်နှာနဲ့ ခြေလက်တွေမှာ ပိုများပါတယ်။ ကိုယ်လုံးမှာ နည်းပါတယ်။
  • ရာခိုင်နှုန်းအရပြောမယ်ဆိုရင် မျက်နှာမှာ ၉၀%၊ လက်ဖဝါး၊ ခြေဖဝါးတွေမှာ ၇၅% ရှိပါတယ်။
  • ဒီနေရာတွေအပြင် ပါးစပ်ထဲ၊ လိင်အင်္ဂါ၊ မျက်ကြည်လွှာ စတဲ့ နေရာတွေမှာလည်း ထွက်တတ်ပါတယ်။
  • အနီစက်ထွက်တဲ့ပုံစံက စစချင်းမှာ ခပ်ပြားပြားအကွက်တွေ ထွက်ပါတယ်။ ပြီးရင် ခြင်ကိုက်ဖုလို အပိမ့်လေးတွေ ထွက်ပါတယ်။ ပြီးရင် အရည်ကြည်ဖုထွက်ပါတယ်။ နောက်တော့ ပြည်ဖုလိုမျိုးတွေ ဖြစ်လာပါတယ်။ နောက်ဆုံး ခြောက်ပြီး အနာဖေးတွေ ကွာကျပါတယ်။
  • အဖုအရေအတွက်ကတော့ နည်းနည်းကနေ ထောင်ချီထွက်တတ်ပါတယ်။ တချို့တွေမှာဆို အဖုတွေပေါင်းပြီး အကြီးကြီးတွေ ဖြစ်သွားပါတယ်။ နောက်ဆုံး ခြောက်ပြီး ကွာတော့မှ ပျောက်သွားပါတယ်။

မျောက်ကျောက်ရောဂါနဲ့ မှားတတ်တဲ့ ရောဂါများ

ဒီလိုမျိုး ဖျားပြီး အနီစက်တွေ၊ အရည်ကြည်ဖုထွက်တာက မျောက်ကျောက်အပြင် လူထုထဲမှာ ဖြစ်နေကျ တခြားရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။ ဥပမာ ပြောရရင်

  • ရေကျောက်
  • ဝက်သက်
  • အရေပြားပိုးဝင်တာ
  • ဝဲ
  • ဆစ်ဖလစ်
  • ဓာတ်မတည့်တာ စတာတွေမှာလည်း တွေ့ရတတ်ပါတယ်။

ဒီရောဂါတွေမှာ တွေ့ရတတ်ပေမယ့် မျောက်ကျောက်နဲ့ ကွဲလွဲတဲ့ အချက်တွေလည်း ရှိပါတယ်။

မျောက်ကျောက်ရောဂါနဲ့ မှားတတ်တဲ့ ရောဂါများ

ရေကျောက်မှာတော့ အရည်ကြည်ဖုတွေက မျက်နှာနဲ့ ကိုယ်လုံးမှာ စဖြစ်ပါတယ်။ ပြီးမှ တစ်ကိုယ်လုံးကို ပြန့်သွားတာ ဖြစ်ပါတယ်။ သူ့မှာထွက်တဲ့ အရည်ကြည်ဖုက အဆင့် ၃ဆင့်ကို ကျော်ဖြတ်ရပါတယ်။ စစချင်းမှာ အနီစက်တွေ ထွက်ပါတယ်။ ပြီးရင် အရည်ကြည်ဖုတွေ ထွက်ပါတယ်။ နောက်ဆုံးမှ ခြောက်ပြီး အနာဖေးတွေ ကွာကျတာ ဖြစ်ပါတယ်။ တစ်ဆင့်စီကို ရက်ပိုင်းလောက် ကြာတတ်ပါတယ်။ ၃ဆင့်လုံးကို တစ်ပြိုင်နက် တွေ့ရနိုင်ပါတယ်။ ဥပမာ မျက်နှာမှာ အရည်ကြည်ဖု ထွက်နေချိန် ခြေထောက်မှာ အနီစက်တွေ ထွက်လာတာမျိုးပါ။

ဝက်သက်ကတော့ မျောက်ကျောက်ရောဂါလိုမျိုး အရည်ကြည်ဖုထွက်လေ့မရှိပါဘူး။ ဒါပေမယ့် အနီစက်တွေ၊ အပိမ့်တွေ ထွက်တာကြောင့် မှားနိုင်ခြေ ရှိပါတယ်။ ဝက်သက်မှာ အနီစက်တွေက မျက်နှာ (ဆံစပ်တလျှောက်) မှာ စပေါ်ပါတယ်။ ပြီးမှ လည်ပင်း၊ ကိုယ်လုံး၊ ခြေလက်တွေကို ပြန့်သွားတာ ဖြစ်ပါတယ်။ အနီစက်တွေ ပေါင်းပြီး အနီကွက်လည်း ဖြစ်လာနိုင်ပါတယ်။ အနီစက်တွေအပြင် ခြင်ကိုက်ဖုလို အပိမ့်တွေလည်း ထွက်လာနိုင်ပါတယ်။ အနီစက်တွေ စထွက်တဲ့အခါ အဖျား ၁၀၀ဒီဂရီဖာရင်ဟိုက်ကျော်အထိ တက်နိုင်ပါတယ်။

အရေပြားပိုးဝင်တာ အထူးသဖြင့် ဘက်တီးရီးယားပိုးဝင်တာကြောင့် ဖြစ်တဲ့ အရည်ကြည်ဖုတွေ၊ ပြည်ဖုတွေနဲ့ မှားတတ်ပါတယ်။ Staphylococcusကြောင့်ဖြစ်တဲ့ အနာစက်၊ အနာပဆုပ်၊ ဂနို စတာတွေမှာ အဖုတွေ အပိမ့်တွေ ထွက်တတ်ပါတယ်။ ကွာတာက ပိုးဝင်တဲ့နေရာမှာပဲ တွေ့ရတတ်ပြီး တစ်ကိုယ်လုံးမှာ ဖြစ်တာမျိုး ရှားပါတယ်။ ပိုးတွေက အရေပြားအနှံ့ပြန့်သွားရင်တော့ ခန္ဓာကိုယ်နေရာတော်တော်များများမှာ တွေ့ရနိုင်ပါတယ်။

ဝဲကတော့ အနီရောင်အစက်တွေကို လက်ချောင်းကြား၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ တင်ပါး စတဲ့နေရာတွေမှာ တွေ့ရပါတယ်။ မျက်နှာ၊ လည်ပင်း၊ ခြေဖဝါး၊ လက်ဖဝါးမှာ ဖြစ်တာကတော့ ကလေးငယ်လေးတွေမှာပဲ တွေ့ရတတ်ပါတယ်။ ဝဲယားလို့ ကုတ်ရာကနေ အပေါ်က Staphylococcus ပိုးဝင်ပြီး အရည်ကြည်ဖုတွေ ပေါက်လာနိုင်ပါတယ်။

  • ဆစ်ဖလစ်
  • ဆစ်ဖလစ်မှာ တွေ့ရတဲ့ အနီစက်တွေ၊ အနီကွက်တွေကလည်း အခန့်မသင့်ရင် မျောက်ကျောက်ရောဂါနဲ့ မှားနိုင်ပါတယ်။ နီညိုရောင် ခပ်ကြမ်းကြမ်း အကွက်တွေကို ခြေဖဝါး၊ လက်ဖဝါးမှာ တွေ့ရတတ်ပါတယ်။ တစ်ခါတလေ တစ်နေရာတည်းမှာ မဟုတ်ဘဲ တစ်ကိုယ်လုံးမှာ အကွက်တွေ ပြန့်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ့ပြင် ချိုင်း၊ ပေါင်ခြံလိုမျိုး ချွေးအောင်းတတ်တဲ့နေရာတွေနဲ့ ပါးစောင်မှာ မီးခိုးရောင်အကွက်လိုက်ကြီးတွေ ရှိနိုင်ပါတယ်။ တချို့တွေကျတော့လည်း အကွက်တွေက မှိန်လွန်းလို့ သတိတောင် မထားမိကြပါဘူး။

    တစ်ခုခု ဓာတ်မတည့်တာ စားလိုက်မိတယ်။ ဆေးသောက်လိုက်မိတယ်ဆိုရင် အင်ပြင်တွေ ထလာတတ်ပါတယ်။ ဒီအင်ပြင်အပိမ့်တွေက မျက်နှာအပြင် မျက်လုံး၊ နှုတ်ခမ်းတစ်ဝိုက်၊ ခြေ၊ လက်၊ လိင်အင်္ဂါတွေမှာ ထွက်တတ်ပါတယ်။ ယားလည်း ယားပါတယ်။ အများစုက မိနစ်ပိုင်း၊ ရက်ပိုင်းကနေ ရက်သတ္တပတ်အနည်းငယ်လောက်ဆို သက်သာသွားကြပါတယ်။ နာတာရှည်ရောဂါမှသာ လနဲ့၊ နှစ်နဲ့ ချီပြီး ကြာတတ်တာဖြစ်ပါတယ်။

    အရေပြားက အရည်ကြည်ဖုတွေက မျောက်ကျောက်ရောဂါလား

    အရေပြားမှာ အရည်ကြည်ဖုတွေ၊ အနီစက်တွေ ထွက်လာရုံနဲ့ မျောက်ကျောက်ရောဂါလို့ ပြောလို့မရပါဘူး။ ဒီလိုမျိုး လက္ခဏာတူတဲ့ရောဂါတွေ ရှိနေတဲ့အတွက် ဆေးစစ်ကြည့်မှသာ သေချာသိရမှာ ဖြစ်ပါတယ်။ လက္ခဏာသက်သက်နဲ့ မျောက်ကျောက်ရောဂါလို့ မသတ်မှတ်ဖို့ အကြံပေးလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement