backup og meta

စပ်ဆေးအန္တရာယ်သတိပြုဖွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Pyae Phyoe Kyaw မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စပ်ဆေးအန္တရာယ်သတိပြုဖွယ်

    “အမေကြီးမှာ ရင်ကြပ်ရောဂါအပြင်ဆီးချိုနဲ့သွေးတိုးပါရှိနေတယ်။”

    “ဆရာ အရေးကြီးလားဆရာ”

    “အရေးကြီးပါတယ်။ အခုလတ်တလော ရင်ကြပ်နေတဲ့အပြင်သွေးကလည်း ၂၀၀/၁၄၀ ဖြစ်နေပြီးဆီးချိုကလည်း ၃၀၀ ကျော်နေတော့အကုန်လုံးကိုလိုက်ထိန်းပေးနေပါတယ်။ ဒါနဲ့ရင်ကြပ်အတွက်ကဘာဆေးတွေ ပုံမှန်သုံးနေတာလဲ။”

    “များသောအားဖြင့်တော့အမေက ရင်ကြပ်အတွက်ဆေးဆိုင်က ဆေးစပ်သောက်တာများတယ်။ ရင်အရမ်းကြပ်ရင်တော့ဆေးသွားထိုးရတယ်ဆရာ။ သွေးတိုးဆီးချိုက အရင်ကမရှိပါဘူးဆရာ”“ဆရာ့အမြင်ကတော့ဆီးချိုနဲ့သွေးတိုးကတော့ရင်ကြပ်အတွက်သောက်တဲ့ဆေးတွေကြောင့်ဖြစ်နိုင်တယ်။ စပ်ဆေးတွေထဲမှာ Prednisolone လိုDexa လိုဆေးမျိုးတွေ ပါလို့ဖြစ်တာ။

    သွေးတိုးဆီးချိုက အရင်က မရှိဘူးဆိုတာ မစစ်ဖူးလို့ဖြစ်နိုင်တယ်။ အဲ့ဒါတွေကလည်း သေချာမထိန်းရင်လေဖြတ်တာ နှလုံးထိတာတွေပါဖြစ်နိုင်တယ်။”“အမေက ခါးလည်း နာ နာ နေတတ်တယ်ဆရာ”

    “အဲ့ဒါဆို ခါးဆစ်ရိုးပါ ဆေးကြောင့်ထိပြီလားမသိဘူး။ အရိုးကျိုးမကျိုး ရင်ကြပ်တာသက်သာရင်ဓါတ်မှန်ရိုက်ကြည့်ပေးပါမယ်။”

    ဒေါ်မြအေး (အမည်လွှဲ) တစ်ယောက်ဆေးရုံတက်ရစဉ်သူ့သမီးနှင့်ဆရာဝန်တို့ပြောနေကြခြင်းဖြစ်သည်။ ဒေါ်မြအေးတစ်ယောက်ရင်ကြပ်ရှိနေသည်မှာ ကြာပြီဖြစ်သည်။ ဆေးရုံလည်းခဏခဏတက်ဖူးသည်။ ဆေးရုံက ဆင်းဆင်းချင်းတွင်တော့ဆေးရုံမှညွှန်လိုက်သော ရှူဆေးများကိုရှူလေ့ရှိသော်လည်း ကြာလာလျှင်ဆေးဖိုးဈေးကြီးသည်၊ ဆေးထပ်မဝယ်ဖြစ်တော့ဟုဆိုကာ ရင်ကြပ်လာမှစပ်ဆေးသွားဝယ်သောက်လေ့ရှိသည်။

    စပ်ဆေးများတွင်အများအားဖြင့်Prednisolone, Dexamethasone စသည့်ဆေးများပါတတ်သည်။ အဆိုပါဆေးများ၏ ထူးခြားချက်မှာ သောက်လိုက်လျှင်ဝေဒနာတော်တော်များများကို

    ချက်ချင်းသက်သာသွားစေနိုင်သည်။ ရင်ကြပ်ကိုသက်သာစေသည်။ အဖျားကိုကျစေသည်။ နာကျင်ကိုက်ခဲမှုကိုသက်သာသွားစေသည်။ အစားအသောက်ကိုစားစေသည်။ အလွန်ကောင်းသောဆေးဟုထင်လောက်စရာပင်ဖြစ်သည်။

    သို့သော်တတ်ကျွမ်းနားလည်သူဆရာဝန်များကတော့ထိုဆေးများ၏ ဘေးထွက်ဆိုးကျိုးကိုကြောက်ကြသည်။ ထိုဆေးများသည်လိုအပ်သည့်နေရာတွင်သာ လိုသလိုအချိန်ကာလ အတိုင်းအတာတစ်ခုအထိသာ အသုံးပြုရမည့်ဆေးများဖြစ်သည်။ တန်ဆေးလွန်ဘေးဆိုသလိုလိုအပ်သည်ထက်ပို၍ ပမာဏများများသုံးခြင်း၊ အချိန်ကြာကြာသုံးခြင်း၊ မကြာခဏသုံးခြင်းများပြုလုပ်ပါကဘေးထွက်ဆိုးကျိုးအလွန်များသောဆေးများဖြစ်သည်။ ခဏသာ ဝေဒနာများသက်သာသွားစေနိုင်သော်လည်းထိုသို့သက်သာသွားရခြင်း အကြောင်းတရားတွင်ခန္ဓါကိုယ်၏ ခုခံအားစနစ်ကျဆင်းသွား၍ထိုဝေဒနာများသက်သာသွားစေသည်ဖြစ်ရာ ကောင်းလှသည့်ကိစ္စတော့မဟုတ်ချေ။

    တစ်ခါတစ်ရံထိုဆေးများကြောင့်ဖျားနာခြင်း နာကျင်ခြင်းများ လျော့သွားပြီး အသက်အန္တရာယ်ရှိသည့်အကြောင်းတရားများ၏ လက္ခဏာများ မပေါ်လွင်တော့သဖြင့်အသိနောက်ကျပြီး အသက်ဆုံးရှံူးရသည်အထိဖြစ်တတ်ပါသည်။ ဥပမာ သွေးတွင်းပိုးတစ်မျိုးမျိုးပြန့်နေသည့်လူနာတွင်ဖျားရခြင်းအကြောင်းရင်းကိုသေချာမရှာခင်ထိုဆေးများသောက်လိုက်ထိုးလိုက်ခြင်းကြောင့်အဖျားကျသွားတတ်သည်။ သို့သော်ထိုဆေးများသည်ခုခံအားစနစ်ကိုကျဆင်းစေသောကြောင့်အဖျားမရှိတော့ခြင်းဖြစ်ပြီး သွေးတွင်းပြန့်နေသောပိုးကိုပိုမို ပြန့်ပွားစေနိုင်သည်။ မဖျားတော့သဖြင့်ပိုးရှိနေသေးသည်ကိုသတိမပြုမိတော့ဘဲ ကုသမှုကိုပါနောက်ကျသွားစေနိုင်ပါသည်။ ထို့ကြောင့်ထိုအနေအထားသည်အသက်အန္တရာယ်ကိုထိခိုက်သည်အထိ

    ဖြစ်တတ်ပါသည်။

    ထို့အပြင်ထိုဆေးသည်ရေရှည်အသုံးပြုပါက ဘေးထွက်ဆိုးကျိုးအလွန်များသော ဆေးဖြစ်သည်။ ခုခံအားကိုကျစေသောကြောင့်တီဘီ၊ မှိုအပါအဝင်ရောဂါပိုးများထပ်မံဝင်ရောက်တတ်သည်။ သွေးတိုးဆီးချိုရောဂါများဖြစ်ပေါ်စေတတ်သည်။ လူကိုဝလာစေပြီး အရေပြားများပါးလာ၊သွေးထွက်လွယ်လာတတ်သည်။ အရိုးပါးလာကာ အရိုးများကျိုးလွယ်ခြင်းဖြစ်လာတတ်သည်။ ကလေးများတွင်ရေရှည်အသုံးပြုရပါက အရပ်ရှည်ခြင်းကိုထိခိုက်စေပြီး ခန္ဓါကိုယ်သေးညှက်သွားတတ်သည်။ အစာအိမ်အနာရှိပါက ပိုဆိုးလာတတ်သည်။ ရေရှည်စွဲသောက်လျှင်ဖြစ်တတ်သလိုထိုးဆေးကိုမကြာခဏသုံးလျှင်လည်းဖြစ်တတ်သည်။ ထို့အပြင်ပုံမှန်သုံးနေသောလူတစ်ယောက်သည်ထိုဆေးကိုရုတ်တရက်ရပ်လိုက်ပါက သွေးပေါင်ကျခြင်း၊ သွေးတွင်းအချိုဓါတ်အလွန်အမင်းကျခြင်း၊သတိလစ်ခြင်းများဖြစ်တတ်ပါသည်။ ရောဂါကြောင့်ထိုဆေးကို မသုံးမဖြစ်သုံးရသူများတွင်ထိုဘေးထွက်ဆိုးကျိုးများကိုမဖြစ်မနေခံကြရသော်လည်း မလိုအပ်ဘဲ ထိုဆေးများကိုသုံးမိ၍ဘေးထွက်ဆိုးကျိုးများခံစားရပါက မထိုက်တန်ဟုဆိုရမည်ဖြစ်သည်။

    စပ်ဆေးရောင်းသူများသည်လူနာကျေနပ်ရန်ရောဂါလက္ခဏာကိုအမြန်သက်သာစေသည့်ဆေးများအသုံးပြုတတ်ကြသည်။ သို့သော်ဆေးအကြောင်းစနစ်တကျ လေ့လာထားသူများ ဖြစ်လေ့မရှိသည့်အတွက်ဆေးများ၏ ဘေးထွက်ဆိုးကျိုးနှင့်တွဲသင့်မတွဲသင့်ကို သေချာသိသူများမဟုတ်ကြချေ။ ထို့အပြင်လူနာ၏ ရောဂါအကြောင်းကိုလည်း သေချာစမ်းသပ်နိုင်လောက်အောင်ဆေးပညာလေ့လာထားသူများမဟုတ်ကြချေ။ လူနာများအနေဖြင့်သတိပြုရန်မှာရောဂါတော်တော်များများသည်လက္ခဏာတစ်ခုနှစ်ခုပြောလိုက်ရုံဖြင့်ဘာရောဂါဖြစ်နေမှန်းသိသာနိုင်လောက်အောင် မရိုးရှင်းပါချေ။ ထို့ကြောင့် လက္ခဏာတစ်ခုနှစ်ခုသာပြောပြပြီးဆရာဝန်မဟုတ်သူထံမှ စပ်ဆေးများဝယ်သောက်ပါက ရောဂါနှင့် တိုက်ရိုက်သက်ဆိုင်သောဆေးများမဟုတ်ဘဲလက္ခဏာအားလုံးလိုလိုပျောက်နိုင်သည့် ဆေးများစုပေါင်းထည့်ထားတတ်သဖြင့်ဘေးထွက်ဆိုးကျိုးများပိုမိုရရှိနိုင်ပါသည်။ ချက်ချင်းမသိသာသေးလျှင်တောင် ရေရှည်တွင်

    ပြဿနာများပေါ်လာတတ်ပါသည်။

    စပ်ဆေးများတွင် အထက်ဖော်ပြခဲ့သည့် Prednisolone, Dexa စသည့်ဆေးများအပြင်အကိုက်အခဲပျောက်ဆေးလိုဆေးများလည်းပါတတ်ပါသည်။ တစ်ခါတစ်ရံမတွဲရမည့်

    ဆေးအတွဲများကိုတွဲဖက်ထားသည်လည်း ရှိတတ်ပါသည်။ အကိုက်အခဲသောက်ဆေးများသည်လည်းအစာအိမ်ဖြစ်စေတတ်ခြင်း၊ ကျောက်ကပ်ရောဂါများဖြစ်တတ်ခြင်း၊ နှလုံးသွေးတိုးရောဂါများဖြစ်တတ်ခြင်းစသည်ဘေးထွက်ဆိုးကျိုးများစွာရှိတတ်ပါသည်။ တစ်ခါတစ်ရံစပ်ဆေးများတွင်ပိုးသတ်ဆေးများထည့်သွင်းထားသည်ကို တွေ့ရှိရတတ်ပါသည်။

    ပိုးသတ်ဆေးများသည်မလိုအပ်ဘဲ သောက်သုံးခြင်း၊ ဆေး ရက်ပြည့်အောင်မသောက်သုံးခြင်း၊ စနစ်တကျမသုံးစွဲခြင်း ဆေးယဉ်ပါးပိုးများ ဖြစ်ပေါ်လာတတ်ပါသည်။ တကယ်ပိုးသတ်ဆေးအသုံးပြုရမည့်အနေအထားဖြစ်လာသည့်အခါ ဆေးယဉ်ပါးမှုများနှင့်ကြုံတွေ့နိုင်တတ်ကာကုသရခက်သွားတတ်ပါသည်။ စပ်ဆေးဝယ်သောက်သည့်ဓလေ့ပေါ်ပေါက်လာရခြင်းကိုလေ့လာကြည့်ပါက ဆရာဝန်ပြရသောကုန်ကျမှုမရှိခြင်း၊ စပ်ဆေးတွင်လတ်တလော သက်သာလွယ်သည့်ဆေးများပေါင်းထည့်ထားခြင်းကြောင့်လတ်တလောအမြန်သက်သာသွားသည်ကို ရောဂါပျောက်ကင်းသွားသည်ဟုမှတ်ယူမိကြခြင်းတို့ကြောင့်အဓိကဖြစ်ပါသည်။

    သို့သော်ထိုသို့စပ်ဆေးများသောက်နေခြင်းဖြင့်လက္ခဏာသာလျော့နည်းသွားပြီးတကယ့်ရောဂါမှာ သေချာပျောက်ကင်းခြင်းမဟုတ်သည့်အတွက်ရောဂါပိုရင့်လာတတ်ပြီး ရောဂါရင့်ချိန်တွင်ကုသရပိုမိုခက်ခဲသွားခြင်း၊ ဆေးများသည်ရေရှည်ခဏခဏသောက်သုံးမိပါကဘေးထွက်ဆိုးကျိုးများပေါ်ပေါက်လာပြီးထိုဘေးထွက်ဆိုးကျိုးများကိုပါ လိုက်ကုသနေရခြင်းများကြောင့်

    ရေရှည်တွင်ကုန်ကျစရိတ်များစွာ ပြန်လည်ကုန်ကျနိုင်ပါသည်။ ထိုသို့ကုန်ကျခြင်းသည်လတ်တလောဆရာဝန်နှင့်တိုင်ပင်သည့်စရိတ်ထက်အဆများစွာ ကုန်ကျနိုင်ပါသည်။

    နိုင်ငံတကာတွင်လည်း မိမိဘာသာဝယ်သောက်နိုင်သောဆေးအချို့ရှိပါသည်။ သာမန်အအေးမိ၊နာကျင်ကိုက်ခဲရုံလောက်ကိုမိမိဘာသာ ဆေးဝယ်သောက်နိုင်ပါသည်။ သို့သော်ဘေးထွက်ဆိုးကျိုးများသဖြင့်ကျွမ်းကျင်သူဆရာဝန်ကသာ ဆင့်ချိန်သုံးစွဲရမည့်ဆေးများကိုမိမိဘာသာ ဝယ်သောက်၍ မရပါချေ။ ဆရာဝန်ဆေးလက်မှတ်ပါမှသာ ဝယ်၍ရပါသည်။ မိမိတို့ နိုင်ငံတွင်ထိုသို့ မဟုတ်ဘဲ ဆေးတော်တော်များများမှာဆေးလက်မှတ်မပါလည်း ဝယ်လို့ ရနေသဖြင့် အန္တရာယ်များလှခြင်းဖြစ်ပါသည်။

    အချုပ်အားဖြင့်ဆိုရလျှင် စပ်ဆေးသောက်ခြင်းများသည် ခဏတဖြုတ်ဘေးထွက် လက္ခဏာကိုသက်သာသည်၊ ကုန်ကျစရိတ်သက်သာသည်မှာမှန်သော်လည်း ရောဂါနှင့် ဆေးလွဲနေခြင်း၊ လက္ခဏာကိုသာခဏတဖြုတ်သက်သာစေနိုင်ပြီး ရောဂါအရင်းအမြစ်ကို ကုသခြင်းမဟုတ်သဖြင့် ရောဂါပိုရင့်လာခြင်း၊ရေရှည်ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာတတ်ခြင်း၊ ထိုသို့ဖြစ်မှ ဆရာဝန်များနှင့် တိုင်ပင်ကုသပါကရောဂါမှာကုသရပိုမိုခက်ခဲသွားပြီး ကုသမှုစရိတ်များပါ အဆမတန်ပိုမိုကုန်ကျခြင်းများဖြစ်ပေါ်သွားတတ်ပါသည်။ ထို့ကြောင့် ခဏတဖြုတ်ကုန်ကျစရိတ် သက်သာသည်ကို မကြည့်ဘဲရောဂါတစ်ခုကို စပ်ဆေးများမကြာခဏဝယ်သောက်နေခြင်းထက် ကျွမ်းကျင်သူဆရာဝန်များနှင့်သာစနစ်တကျပြသကုသမှသာ ရောဂါသေချာပျောက်ကင်းပြီး ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်ခြင်းမှရှောင်ကြဉ်နိုင်မည် ဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Pyae Phyoe Kyaw မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement