backup og meta

နှလုံးရောဂါများအတွက် နောက်ဆုံးပေါ် အဆင့်မြင့် ခွဲစိတ်နည်းများ

နှလုံးရောဂါဆိုတာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးနဲ့ အသေအပျောက် အများဆုံးရောဂါ တစ်ခုပါ။ နှလုံးရောဂါလို့ ပြောလိုက်ရင် ရုတ်တရက် နှလုံးထိခိုက်တဲ့ heart attackကစလို့ နှလုံးပျက်စီးတာ heart failureအလယ် နှလုံးစည်းချက်မမှန်တာ arrhythmiaအထိ အကုန်ပါပါတယ်။ ပြီးတော့ နှလုံးရောဂါက လူကြီးတွေမှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ ကလေးတွေမှာ မွေးကတည်း ပါလာတဲ့ မွေးရာပါ နှလုံးရောဂါ congenital heart diseaseဆိုတာလည်း ရှိပါသေးတယ်။

ဆိုလိုတာက နှလုံးရောဂါဆိုတာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ကံကောင်းတာက ခုခေတ်မှာ ဆေးပညာတွေ တိုးတက်နေပြီမို့လို့ သောက်ဆေးတွေ၊ ခွဲစိတ်နည်းတွေနဲ့ ကုလို့ရနေတာပါပဲ။ အရင်လို နှလုံးရောဂါဆိုတာနဲ့  သေရာပါ မဟုတ်တော့ပါဘူး။ ဒီထဲမှာ ခွဲစိတ်နည်းတွေက ပိုပြီး တိုးတက်လာပါတယ်။ အရင်ကတော့ နှလုံးခွဲစိတ်ရမယ်ဆိုရင် ကြောက်ကြတယ်။ အခု နည်းပညာတွေ တိုးတက်လာပြီဆိုတော့ လူနာကို ထိခိုက်မှုနည်းနည်း၊ ခွဲကြောင်းသေးသေးနဲ့ ပိုပြီး ရလဒ်ကောင်းအောင် ခွဲပေးနိုင်တဲ့  နည်းလမ်းတွေ ပေါ်လာပါပြီ။ ဒါကြောင့် နှလုံးခွဲစိတ်တာက အရင်ကထက် ပိုပြီး လွယ်ကူအဆင်ပြေလာပါပြီ။ ဒီနည်းလမ်းတွေထဲက အသုံးများတဲ့ နည်းလမ်းတွေကို ပြောပြပေးပါမယ်။

  • Cardiac ablation for arrhythmia

Arrhythmiaဆိုတဲ့ နှလုံးခုန်မမှန်တဲ့ ရောဂါအတွက် ကုသနည်းပါ။ နှလုံးခုန် မမှန်တဲ့နေရာကို ပြင်လိုက်တာပါ။ ဒါကို Cardiac ablation လုပ်တယ်လို့ ခေါ်ပါတယ်။ နှလုံးခုန်မမှန်တာ အမျိုးအစားအများကြီး ရှိပေမယ့်  Atrial fibrillationလို့ ခေါ်တဲ့ နှလုံးအပေါ်ခန်း စည်းချက်မမှန်တဲ့ ရောဂါမှာ အဓိက သုံးပါတယ်။

တကယ်က ခွဲစိတ်တယ်လို့တောင် ပြောလို့မရပါဘူး။ နည်းလမ်းက ထိပ်မှာ electrodeပါတဲ့ ပိုက်အပျော့လေးကို ပေါင်ခြံ၊ လက်မောင်း ဒါမှမဟုတ် လည်ပင်းသွေးကြောကနေ ထည့်လိုက်ပါတယ်။ ပြီးတော့ နှလုံးမှာရှိတဲ့ သွေးကြောလေးဆီကို ရောက်သွားပါတယ်။ အဲ့ဒီမှာ လျှပ်စီး အပျော့စားလေး လွှတ်ပြီး နှလုံးခုန်မမှန်တဲ့နေရာကို ခြေရာခံပါတယ်။ ဒါတွေကို ဗီဒီယိုကနေ တစ်ဆင့် ကြည့်နေတာပါ။ နှလုံးခုန်မမှန်တဲ့နေရာကို ရောက်ရင် radiofrequency ဒါမှမဟုတ် သင့်တော်တဲ့ ablationနည်းကို သုံးပြီး ပြင်လိုက်ပါတယ်။ ဒီတော့ နှလုံးခုန် ပြန်မှန်သွားပါတယ်။ ဒီလောက်ကို ရိုးစင်းပြီး လွယ်ကူတဲ့ နည်းလမ်းပါ။ ခွဲစိတ်မှု အကြီးစားလည်း မဟုတ်ပါဘူး။

အထူးသဖြင့် နှလုံးခုန်မမှန်တာအတွက် ဆေးမတိုးတော့ဘူး။ ဆေးဒဏ်တွေ ခံနေရတယ်ဆိုတဲ့ လူနာတွေ၊ ရောဂါပြင်းထန်လွန်းလို့ အချိန်မရွေး လေဖြတ်နိုင်၊ အသက်အန္တရာယ် ဖြစ်သွားနိုင်တဲ့ လူနာတွေအတွက် သင့်တော်ပါတယ်။ လေ့လာချက်တွေအရလည်း အောင်မြင်နိုင်ချေက ၉၅ကနေ ၉၈ ရာခိုင်နှုန်းထိတောင် ရှိပါတယ်။

  • Left Ventricular Assist Device (LVAD)

ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေ ရောက်ဖို့ နှလုံးဘယ်ဘက်အောက်ခန်းကနေ သွေးတွေ ညှစ်ပေးရတာပါ။ အကြောင်းအမျိုးမျိုးကြောင့် နှလုံးပျက်စီးလာတဲ့အခါ ဒီအခန်းက သွေးကောင်းကောင်းမညှစ်နိုင်တော့ပါဘူး။ ဒီအခါမှာ လူနာက မောတာ၊ အားမရှိတာတွေ ဖြစ်ပြီး အိပ်ရာထဲ လဲပါတော့တယ်။ ကိုယ်တွင်း အင်္ဂါတွေဆီကိုလည်း သွေးကောင်းကောင်း မရောက်တော့ပါဘူး။ ဒါတွေကို LVADက ဖြေရှင်းပေးနိုင်ပါတယ်။

ပုံစံက စက်မှာ ပိုက်တစ်ချောင်းရှိပြီး တစ်ဖက်က နှလုံးဘယ်ဘက်အောက်ခန်း၊ နောက်တစ်ဖက်က သွေးလွှတ်ကြောမကြီးကို ဆက်ထားတာပါ။ ကြားမှာ pumpလေး ခံထားပါတယ်။ ဒီတော့ နှလုံးက အားနဲ့ ညှစ်စရာ မလိုဘဲ သွေးတွေက သွေးလွှတ်ကြောမကြီးကနေ တစ်ကိုယ်လုံးကို ရောက်သွားတာပေါ့။ ကောင်းကောင်းမညှစ်နိုင်တဲ့ နှလုံးအတွက် အနားပေးထားရာ ရောက်ပါတယ်။ ဒါကြောင့် လူနာက မောတာ၊ အားမရှိတာ မဖြစ်တော့ပါဘူး။

ခုနက pumpလေးကတော့ ကိုယ်ထဲမှာ ရှိတာပါ။ pumpကနေ နောက်ထပ် ပိုက်တစ်ချောင်းထွက်ပြီး အပြင်မှာရှိတဲ့ စက်က ဘက်ထရီကို ချိတ်ထားတာပါ။ LVADစက်က သယ်ရလွယ်ပြီး ဒီစက်တပ်ထားတဲ့ လူနာတွေက အရင်လို အိပ်ရာထဲ လှဲနေစရာ မလိုဘဲ သူများတွေလို သွားနိုင်လာနိုင်ပါတယ်။ နောက်ထပ် ကောင်းကျိုး တစ်ခုက နှလုံးအစားထိုးဖို့ အစီအစဉ်ရှိတယ်။ အလှူရှင်လည်း မရသေးဘူးဆိုရင် ဒီစက်လေးကို တပ်ပြီး စောင့်နေနိုင်ပါတယ်။

  • Coronary artery bypass surgery (CABG)

ဒီနည်းလမ်းကတော့ နှလုံးသွေးကြောပိတ်တဲ့သူတွေမှာ သုံးတာပေါ့။ ပိတ်နေတဲ့ နှလုံးသွေးကြောကို ရှောင်ပြီး သွေးဆက်စီးနိုင်အောင် လုပ်ပေးတာပါ။ သွေးကြောဆက်ဖို့အတွက် ခြေထောက် ဒါမှမဟုတ် လက်က သွေးကြောကို နည်းနည်း ဖြတ်ယူပြီး နှလုံးသွေးကြောမှာ လာဆက်တာပါ။ အရင်က ခြေထောက်တွေ လက်တွေက သွေးကြောယူတဲ့အခါ ခွဲကြောင့် ရှည်ရှည်ခွဲရပါတယ်။ အခု endoveinousတို့ endoradialတို့ ပေါ်လာတဲ့အခါကျတော့ ပိုက်သေးသေးလေးနဲ့ သွေးကြောကို ယူတာမို့လို့ ခွဲကြောင်းက ၁လက်မသာသာလောက်ပဲ ရှိပြီး ရုပ်ဆိုးတဲ့ အမာရွတ်ကြီး မကျန်တော့ပါဘူး။ CABGက နှလုံးသွေးကြောကို ပြန်ဆက်စေတဲ့အတွက် နှလုံးပုပ်တာကို ကာကွယ်ပေးနိုင်ပါတယ်။

  • Heart valve repair or replacement therapy

နှလုံးမှာ နှလုံးအခန်းအချင်းချင်းဖြစ်ဖြစ်၊ နှလုံးအခန်းနဲ့ သွေးကြောတွေကို ဖြစ်ဖြစ် ဆက်ထားတဲ့ အဆို့ရှင် ၄ခု ရှိပါတယ်။ ဒီအဆို့ရှင်တွေက မွေးရာပါနှလုံးရောဂါကြောင့် ဖြစ်ဖြစ်၊ တခြား ရောဂါကြောင့် ဖြစ်ဖြစ် ကျဉ်းတာ၊ ပျက်စီးတာ ဖြစ်တတ်ပါတယ်။ ကျဉ်းတာအတွက် Balloon valvuloplastyဆိုတဲ့ နည်းလမ်း ရှိပါတယ်။ ပိုက်အပျော့လေးရဲ့ ထိပ်မှာ လေဖောင်းလို့ရတဲ့ ဘောလုံးလေးရှိပြီး ဒီပိုက်လေးကို ပေါင်ခြံက သွေးကြောကနေ တစ်ဆင့် နှလုံးကို ပို့လိုက်ပြီး ကျဉ်းနေတဲ့ အဆို့ရှင်ကို ဘောလုံးလေးနဲ့ ချဲ့ပေးတာပါ။ ကိုယ်လိုချင်တဲ့ အနေအထားရောက်တဲ့အထိ ဘောလုံးလေးကို ဖောင်းလိုက် ပိန်လိုက်လုပ်ပြီး ချဲ့လို့ရပါတယ်။ ခွဲစိတ်မှု အကြီးစား လုပ်စရာ မလိုပါဘူး။

အဆို့ရှင် ပျက်စီးတာ များရင်တော့ ပြင်တာ (Valve repairs) ဒါမှမဟုတ် လဲတာ (Valve replacement) လုပ်လို့ရပါတယ်။ ပြင်တာက ကိုယ့်ရဲ့ အဆို့ရှင်ကိုပဲ ပြန်ပြင်တာ ဖြစ်ပြီး ဆေးပညာတွေ တိုးတက်လာတာကြောင့် မြန်မြန်နာလန်ပြန်ထသလို အောင်မြင်တဲ့ ရာခိုင်နှုန်းလည်း များပါတယ်။ လဲတာကတော့ ပလတ်စတစ် ဒါမှမဟုတ် သတ္တု အဆို့ရှင်ကို သုံးပြီးလဲတာပါ။ နည်းပညာတွေ တိုးတက်လာတာကြောင့် အရင်လို ခွဲစိတ်မှု ကြီးကြီးမားမား လုပ်စရာမလိုဘဲ လဲလို့ရနေပါပြီ။

  • Percutaneous transluminal coronary angioplasty

နှလုံးသွေးကြောကို ချဲ့ပေးတာပါ။ နှလုံးသွေးကြောကျဉ်းတဲ့အခါ နှလုံးက သွေးကောင်းကောင်း မရတာကြောင့် ရင်ဘတ်အောင့်တာ၊ နှလုံးပုပ်တာဖြစ်တတ်ပါတယ်။ ဒီလို မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ သွေးကြောကို ပြန်ချဲ့တာပါ။ ခွဲစိတ်မှုလို့ ပြောလို့မရအောင် နည်းလမ်းက ရိုးရှင်းပါတယ်။ ပိုက်အပျော့လေးရဲ့ ထိပ်မှာ လေဖောင်းလို့ရတဲ့ ဘောလုံးလေးရှိပြီး ဒီပိုက်လေးကို ပေါင်ခြံက သွေးကြောကနေ တစ်ဆင့် နှလုံးသွေးကြောဆီကို ပို့လိုက်ပါတယ်။ ဒါတွေအကုန်လုံးကို ကင်မရာက ကြည့်နေတာပါ။ ကျဉ်းတဲ့ သွေးကြောဆီရောက်တဲ့အခါ ဘောလုံးလေးကို လေဖောင်းပြီး နဂိုအတိုင်း ဖြစ်အောင် ချဲ့လိုက်တာပါ။

ခုနောက်ပိုင်းမှာ တိုးတက်လာတော့ ဘောလုံးနဲ့ ချဲ့ရင်း သွေးကြောပြန်မကျဉ်းအောင် stentလေးတွေပါ တစ်ခါတည်း ထည့်လာပါပြီ။ Stentထည့်တဲ့ နေရာမှာ သွေးမခဲအောင် သွေးကြောအောက်မှာ သွေးမခဲတဲ့ဆေးကိုပါ တစ်ခါတည်း ထည့်လို့ရနေပါပြီ။ နောက်ထပ် အသစ်ထပ်ထွက်တာက ပျော်တင်နိုင်တဲ့ stentတွေပါ။ Dissolvable stent လို့ ခေါ်ပါတယ်။ ဒီ stentက ထည့်ပြီး ၂နှစ် ၃နှစ်နေရင် အလိုလို ပျော်ဝင်သွားပါတယ်။ ဒါကြောင့် နှလုံးသွေးကြောပြန်ချဲ့နိုင်တဲ့အပြင် stentကြောင့် သွေးခဲတာမျိုးလည်း မရှိတော့ပါဘူး။

ဒါတွေကတော့ အသုံးများတဲ့ ခွဲစိတ်နည်းတွေပါ။ တချို့နည်းလမ်းတွေဆို ခွဲစိတ်တယ်လို့တောင် သုံးလို့မရပါဘူး။ ခုနောက်ပိုင်း နည်းပညာတွေ၊ ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ လူနာတွေအတွက် ပိုပြီး သက်သောင့် သက်သာဖြစ်တဲ့၊ ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ နှလုံးရောဂါကို ခွဲစိတ်ကုသနိုင်နေပါပြီ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://stanfordhealthcare.org/medical-treatments/c/cardiac-ablation.html

https://www.heart.org/en/health-topics/heart-failure/treatment-options-for-heart-failure/devices-and-surgical-procedures-to-treat-heart-failure

https://www.ncbi.nlm.nih.gov/pmc/articles/PMC6025441/

 

ယခုပုံစံ

03/01/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှလုံးသွေးကြောကျဉ်းကုသမှုတစ်ခုဖြစ်တဲ့ Stent ( စတန့်)ထည့်တယ်ဆိုတာဘာလဲ ။

နှလုံးသွေးကြောချဲ့ခြင်း (angioplasty) ကုသမှု အကြောင်း သိကောင်းစရာများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/01/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement