backup og meta

ဇီးကွက်နဲ့ ကျန်းမာရေး


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဇီးကွက်နဲ့ ကျန်းမာရေး

    ဇီးကွက်နဲ့ ကျန်းမာရေး

    ခေါင်းစဉ်ကြည့်လိုက်ရင် ရုတ်တရက်ကြောင်သွားပြီး ဘာပါလိမ့်လို့ တွေးမိကြပါလိမ့်မယ်။ တကယ်တမ်း ပြောချင်တာကတော့ ဇီးကွက်ဆိုတာ ညဉ့်နက်မှ(လင်းအားကြီးမှ)အိပ်ပြီး မနက်အတော်နောက်ကျမှ ထတဲ့ပုဂ္ဂိုလ်တွေကို တင်စားပြောချင်တာပါ။ ဒီဖက်ခေတ်မှာ ဖျော်ဖြေရေးကိစ္စတွေကလည်း များလာတာနဲ့အမျှ လင်းအားကြီးတဲ့အထိ မအိပ်ဘဲ ဂိမ်းဆော့သူတွေ၊အင်တာနက်သုံးသူတွေ၊ဒေါင်းလုတ်ဆွဲသူတွေ၊ရုပ်ရှင်ကြည့်သူတွေ၊(ညဉ့်နက်မှ အင်တာနက်ကောင်းလို့) အလုပ်ကြိုးစားလုပ်သူတွေ၊စာအုပ်ဖတ်သူတွေစသဖြင့် ဇီးကွက်ဂိုဏ်းဝင်တွေက ပိုပိုများလာပါတယ်။ အထူးသဖြင့်တော့ လူငယ်တွေပေါ့။ ဒီနေရာမှာ ပြောစရာရှိလာတာတခုက စောစောအိပ်စောစောထသူတွေ နဲ့ ခုနင်ကပြောတဲ့ နောက်ကျမှအိပ်ပြီး နောက်ကျမှအိပ်ယာထတဲ့ ဇီးကွက်တွေ …. ဒီ အုပ်စုနှစ်စုမှာ ဘယ်အုပ်စုရဲ့ အလေ့အထက ကျန်းမာရေးနဲ့ ပိုမိုညီညွတ်သလဲ ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးကြပါမယ်။

    နောက်ဆုံးလေ့လာတွေ့ရှိချက်တခုအရ ညဉ့်နက်မှအိပ်ပြီး နေမြင့်မှ အိပ်ယာထတတ်သူတွေဟာ စောစောအိပ် စောစောထလေ့ရှိသူတွေထက် အသက်တိုနိုင်ချေ တစ်ဆယ်ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့နေ့စဉ်ပုံမှန်အသုံးပြုနေကျ အချိန်ကို ဖော်ပြတဲ့ နာရီရှိသလို လူ့ခန္ဓါကိုယ်ထဲမှာလည်း ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းချုပ်ပေးနေတဲ့ နာရီတခု ရှိနေပါတယ်။ ဒီနာရီဟာ ခန္ဓါကိုယ်ရဲ့ ဟော်မုန်းထွက်ရှိမှုတွေ၊ဇီဝကမ္မဗေဒဆိုင်ရာဖြစ်စဉ်တွေနဲ့ အိပ်ချိန်တွေကို ထိန်းချုပ်ပေးနေတဲ့အတွက် အရေးကြီးပါတယ်။ အအိပ်အနေ မမှန်သူတွေရဲ့ ဇီဝနာရီဟာ ပုံမှန်မရှိဘဲ ကစဉ့်ကလျား ဖြစ်လာပါလိမ့်မယ်။ ဒါဆိုရင် နောက်ဆက်တွဲအနေနဲ့ ဟော်မုန်းထွက်ရှိမှုတွေ မမှန်မကန် ဖြစ်လာပါမယ်။ ဖောက်လွဲဖောက်ပြန် အချိန်မမှန် ဖြစ်လာပါမယ်။ နောက်ဆုံးမှာတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ဟော်မုန်းနဲ့ သက်ဆိုင်တဲ့ ရောဂါတွေဖြစ်တဲ့ ဆီးချိုရောဂါစသည်၊အာရုံကြောပြဿနာတွေ၊အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာတွေ၊အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေ စသဖြင့် ခံစားလာရပါလိမ့်မယ်။ ဒါဟာ အသက်တိုစေကြောင်း နည်းလမ်းကောင်းတွေပေါ့။

    နောက်ကျမှအိပ်ပြီး နေအရမ်းမြင့်မှ အိပ်ယာထတတ်သူတွေ အသက်တိုရခြင်းအကြောင်းအရင်းကို ရှင်းလင်းစွာ မသိရသေးပေမယ့် အထက်မှာ ဖော်ပြခဲ့တဲ့ ဇီဝနာရီကြောင့်သာမက အရက်၊မူးယစ်ဆေး၊ဆေးလိပ်သုံးစွဲခြင်း အလေ့အထတွေ ပိုမိုစွဲကပ်လာနိုင်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ညဉ့်နက်မှ အိပ်တတ်သူတွေဟာ အရက်နဲ့ မူးယစ်ဆေးဝါးစွဲဖို့ အခွင့်အလမ်းပိုများပါသတဲ့။ နောက်ကျမှ အိပ်ယာထတဲ့အခါ သူတို့တွေရဲ့ ခန္ဓါကိုယ်တွင်းက ဇီဝနာရီဟာလည်း စတင်အလုပ်လုပ်ရတာ နောက်ကျတာမို့ ပတ်ဝန်းကျင်က တခြားသူတွေနဲ့ သဟဇာတ မဖြစ်တော့ပါဘူး။ ဒါဟာ စိတ်ပိုင်းဆိုင်ရာအရရော၊ရုပ်ပိုင်းဆိုင်ရာအရပါ ရေရှည်မှာ ဆိုးကျိုးများစေပါတယ်။

    အပျော်အပါးအတွက် ညဉ့်နက်သန်းခေါင်နေတတ်သူတွေ ရှိသလို ညဖက်မှာမှ အလုပ်လုပ်ရတဲ့ သူတွေလည်း ရှိနေပြန်ပါတယ်။ ဆရာဝန်၊လုံခြုံရေးဝန်ထမ်း၊၂၄နာရီ တယ်လီဖုန်းအော်ပရေတာ၊အဝေးပြေးကားမောင်းသူ စသဖြင့် အလုပ်သဘောသဘာဝအရ တညလုံး အလုပ်လုပ်ရပြီး နေ့ဖက်မှာမှ အိပ်ရတဲ့သူတွေဟာဆိုရင် ရေရှည်မှာ ကျန်းမာရေးထိခိုက်ပြီး နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေအဖြစ်များသလို ပုံမှန်ထက်ပိုပြီး အသက်တိုနိုင်ပါတယ်လို့ လေ့လာမှုတွေအရ သိရှိရပါတယ်။ ဒီလို အလုပ်တွေဟာ များသောအားဖြင့် လူပင်ပန်း၊အိပ်ရေးပျက်ရုံသာမကဘဲ စိတ်ဖိစီးမှု များတတ်တဲ့ အလုပ်တွေဆိုရင်လည်း မမှားပါဘူး။

    ဒီလို ဆိုးကျိုးတွေ များလှတဲ့ ဇီးကွက် အအိပ်အနေပုံစံကို သင့်အနေနဲ့ အမြန်ဆုံးပြုပြင်ပြောင်းလဲပစ်ဖို့ လိုအပ်နေပါပြီ။ ဘယ်လိုပြောင်းလဲရမလဲဆိုတာကို လေ့လာကြည့်ရအောင်။ လူမှာအကျင့် ဝမ်းမှာအချင့်ဆိုတဲ့ စကားလေးအတိုင်းပါပဲ၊သင့်ခန္ဓါကိုယ်ကို အကျင့်ပြန်လုပ်ပါ။ ညဖက် အင်တာနက်သုံးတာ၊ဂိမ်းဆော့တာ၊စီးရီးကြည့်တာတွေကို လျှော့ချပစ်ပါ။ အိပ်ချိန်ကို ဖြည်းဖြည်းချင်းရှေ့တိုးပါ။ဥပမာ… သင့်ပုံမှန်အိပ်ချိန်က မနက်သုံးနာရီဆိုရင် ဒီနေ့ကစပြီး နှစ်နာရီခွဲမှာ ဖြစ်အောင်အိပ်ပါ။ နောက်နေ့ကျရင် နှစ်နာရီမှာ အိပ်ပါ။ ဒီလိုနည်းနဲ့ နာရီဝက်စီရှေ့တိုးပြီး အိပ်သွားပါ။ ဒါဆိုရင် ဇီးကွက်ဘဝကနေ ဖြည်းဖြည်းချင်း သင်ရုန်းထွက်လာနိုင်မှာပါ။ အဓိက အရေးကြီးတာကတော့ စိတ်ပိုင်းဖြတ်မှုနဲ့ အသေအချာလုပ်ဖို့ပါပဲ။ လောဘတကြီးနဲ့ တရက်တည်း နှစ်နာရီ၊သုံးနာရီ စောအိပ်လိုက်ရင်လည်း အလကားပါပဲ။ နည်းနည်းချင်းစီပဲ ရှေ့တိုးသွားရမှာ ဖြစ်ပါတယ်။ အိပ်ယာထချိန်ကိုလည်း ထိုနည်းလည်းကောင်း ရှေ့တိုးရပါမယ်။

    ဒီလိုနည်းနဲ့ ဖြည်းဖြည်းချင်းကြိုးစားလို့ စောစောအိပ်စောစောထပုံစံ အအိပ်အနေမှန်သွားပြီဆိုရင်လည်း ဒီပုံစံကို တသမတ်တည်း ထိန်းထားနိုင်ဖို့ ဆက်ကြိုးစားရပါဦးမယ်။ မဟုတ်ရင် အလကားပါပဲ။ ဇီးကွက်ဘဝက ရုန်းထွက်ခြင်းအားဖြင့် သင့်ရဲ့ ကိုယ်စိတ်နှလုံးသုံးပါးနဲ့ ပေါင်းသင်းဆက်ဆံရေး၊လုပ်ငန်းစွမ်းဆောင်ရည်တွေကိုပါ သိသာစွာ တိုးတက်ကောင်းမွန်လာစေမှာပါ။

    ဟုတ်ပြီ။ ကိုယ့်ဖာသာ တမင်ညဉ့်နက်အောင် နေတဲ့လူတွေအဖို့ စောအိပ်ဖို့ အဆင်ပြေပေမယ့် အထက်မှာဖော်ပြခဲ့သလို ညဖက်အလုပ်လုပ်ရတဲ့ သဘောသဘာဝရှိသူတွေအတွက်ကျတော့ရော ဘယ်လိုလုပ်မလဲဆိုတာ မေးစရာဖြစ်လာပါတယ်။ မညှာမတာနဲ့ လက်တွေ့မဆန်တဲ့ အဖြေကတော့ အလုပ်ပြောင်းပါတဲ့။ ဒါပေမယ့် အလုပ်ပြောင်းဖို့ မဖြစ်နိုင်ဘူး၊ညဖက်တွေ ဆက်အလုပ်လုပ်ရမယ်ဆိုရင်တော့ တခြားကိစ္စတွေ …. ဥပမာ အစားအသောက်ကို စနစ်တကျဂရုပြုပြီးစားတာမျိုး၊သင့်တော်မှန်ကန်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာမျိုး၊ဆေးလိပ်အရက်မူးယစ်ဆေးဝါးတွေကို ရှောင်ကျဉ်တာမျိုး၊အိပ်ခွင့်ရမယ့် အချိန်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အားပါးတရ အိပ်ပစ်တာမျိုး စတာတွေကို အာရုံစိုက်ရပါမယ်။ ဒါဆိုရင် သင့်ကျန်းမာရေးအတွက် အနည်းနဲ့အများတော့ အထိုက်အလျောက် သိသာစွာ ကောင်းမွန်လာစေမှာပါ။

    ဇီးကွက်ဟာ သူ့သဘာဝအရ ညဖက်မှ အစာရှာထွက်ရတာမို့ နေ့အိပ်ပြီး ညအလုပ်လုပ်တာ မဆန်းပေမယ့် လူတွေရဲ့ သဘာဝကတော့ ဒီလိုမဟုတ်ပါဘူး။ ဒါကြောင့်မို့ သင်ဟာလူဇီးကွက်ဖြစ်နေပြီလားဆိုတာကို မိမိဖာသာ ဆန်းစစ်ကြည့်ပြီး မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်ပေါ်လာခင်မှာ ဒီအကျင့်ဆိုးကြီးကို အမြန်ဆုံးပြောင်းလဲပြုပြင်လိုက်ပါ။ ဒီနေ့ညပဲ စလိုက်ပါတော့။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement