backup og meta

စိတ်ပြဿနာရဲ့ အကြောင်းရင်းခံကို ရှာဖွေခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ပြဿနာရဲ့ အကြောင်းရင်းခံကို ရှာဖွေခြင်း

    စိတ်ပြဿနာရဲ့ အကြောင်းရင်းခံကို ရှာဖွေခြင်း

    ကိုကျော်ကြီးက နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုမှာ Digital Marketing Manager အဖြစ် တာဝန်ယူနေတဲ့သူတစ်ယောက်ပါ။ အခုတလော ညဘက်တွေ အိပ်မပျော်ဘူး။ အိပ်ဆေးကူရင်ကူ ဒါမှမဟုတ် အရက်ကိုမူးအောင်သောက်မှ အိပ်ပျော်တယ်။ ညဘက်တွေ မကြာခဏနိုးတယ်။ မနက်ထတဲ့အခါ အိပ်ရေးဝတယ်လို့မခံစားရတဲ့အပြင် တကိုယ်လုံး နာကျင်ကိုက်ခဲနေတာ၊ အာရုံစူးစိုက်လို့မရတာတွေဖြစ်တယ်။ ပိတ်ရက်တွေဆိုလည်း အိပ်ရေးမဝတာက မဝတာပဲ။ ညဘက်တွေဆိုရင် အိပ်ရမှာကြောက်တယ်၊ ငါအိပ်မပျော်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးတွေဆက်ဖြစ်နေမှာကိုစိုးတယ်၊ အိပ်ရေးမဝလို့ နောက်နေ့မှာ အလုပ်မလုပ်နိုင်မှာကိုကြောက်တယ်။ ဒီလိုနဲ့ အစိုးရိမ်လွန်တာကနေပြီး အိပ်မပျော်တာက ပိုဆိုးလာတယ်၊ တချိန်လုံးပင်ပန်းနေပြီး မလှုပ်ချင်မကိုင်ချင်တာ၊ အာရုံစူးစိုက်လို့မရတာ၊ အိမ်ထဲက အိမ်ပြင်မထွက်ချင်တာမျိုးတွေဖြစ်နေတယ်။ နေ့တိုင်းမှာစိတ်မကြည်တော့ အလုပ်ကိုထိခိုက်လာတယ်၊ အလုပ်မှာအပြည့်အဝအာရုံစူးစိုက်လို့မရဘူးလို့တွေးတယ်၊ အဲဒါက ညဘက်အိပ်မပျော်တာပိုဆိုးလာစေပြီး သံသရာလည်နေတယ်။

    ဒီလိုမျိုးနဲ့ ရင်းနှီးပါသလား။ အဖြစ်ပျက်ချင်း ထပ်တူမကျနိုင်ပေမယ့် တော်တော်များများမှာ ဒီအဖြစ်ပျက်နဲ့ ဆင်တူတဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာပြဿနာတွေ ရှိလိမ့်မယ်။ ဘယ်ကနေစပြီးပြင်ဆင်ရမယ်ဆိုတာလည်းမသိနဲ့ ရေတိုဖြေရှင်းနည်းဖြစ်တဲ့ အိပ်ဆေးသောက်တာ၊ အရက်မူးအောင်သောက်တာမျိုးတွေနဲ့ပဲ ဖြေရှင်းနေရတယ်။ အမှန်တော့ ညဘက် အိပ်မပျော်တာတို့၊ ကိုယ်လက်တွေနာကျင်ကိုက်ခဲပြီး မလှုပ်ချင်မသွားချင်ဖြစ်တာတို့က စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ဆက်ဖြစ်လာတဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေပါ။ စိတ်ပြဿနာကို အရင်ရှာဖွေကုသဖို့မလုပ်ဘဲ ဒီအဖြစ်ပျက်မှာလိုမျိုး အိပ်ဆေးသောက်တာ၊ အရက်သောက်တာတွေနဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကိုပဲ ကုသဖို့ကြိုးစားတာမျိုးက အလုပ်မဖြစ်နိုင်ဘူး။ အကြောင်းရင်းခံ ရှိနေသ၍ အကျိုးဆက်တွေက ဆက်ဖြစ်နေမှာပဲ။

    စိတ်ပြဿနာရဲ့ အကြောင်းရင်းခံကို ရှာဖွေခြင်း

    ကျနော်တို့ဖြစ်ပျက်နေတဲ့ပြဿနာတွေအကြောင်းကို ပိုနားလည်လေ၊ ဒါတွေကို ဘယ်လို‌ဖြေရှင်းရမလဲ ပိုသိလေမလား။ ဒါကြောင့်ကုသတဲ့နေရာမှာ စိတ်ကိုအရင်နားလည်ဖို့နဲ့ ဘယ်လိုအကြောင်းရင်းခံတွေက ပြဿနာဖြစ်နေစေတာလဲဆိုတာကို အရင်နားလည်ဖို့ လိုအပ်တယ်။ ဒီအတွက် အခြေနေ (၅)မျိုးကို သိအောင်လုပ်ရပါမယ်။

    ၁။ အတွေးများ

    ၂။ စိတ်အခြေအနေ

    ၃။ အကျင့်စရိုက်ပုံစံ

    ၄။ ရုပ်ပိုင်းဆိုင်ရာအပြုအမူ

    ၅။ ပတ်ဝန်းကျင်အခြေအနေ

    အပေါ်မှာပေးထားတဲ့ဥပမာကိုရှင်းပြမယ်။ ကိုကျော်ကြီးကြုံတွေ့နေရတဲ့အခြေနေဟာ အစိတ်ပိုင်း (၅)ခုနဲ့ဖွဲ့စည်းထားတယ်။

    ၁။ ကိုကျော်ကြီးဟာ အရင်က လက်ထောက်မန်နေဂျာဖြစ်ပြီး လွန်ခဲ့တဲ့ ၃လလောက်ကမှ အစမ်းခန့်အဖြစ်နဲ့ မန်နေဂျာရာထူးရထားတယ်။ လက်ရှိမှာ နိုင်ငံရေးစီးပွားရေးအကျပ်အတည်းတွေကြောင့် ကျပ်တည်းတယ်၊ အလုပ်အကိုင်ရှားပါးတယ် – ပတ်ဝန်းကျင်အခြေအနေ

    ၂။ ညဘက်အိပ်မပျော်ဘူး၊ ပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားရတယ်၊ ကိုယ်လက်တွေကိုက်ခဲတယ် – ရုပ်ပိုင်းဆိုင်ရာအပြုအမူ

    ၃။ စိတ်ဖိစီးတယ်၊ စိုးရိမ်တယ် – စိတ်အခြေအနေ

    ၄။ အိပ်ဆေးသောက်တယ်၊ အရက်သောက်တယ်၊ အပြင်မထွက်တော့ဘူး – အကျင့်စရိုက်ပုံစံ

    ၅။ အာရုံစူးစိုက်လို့မရဘူး၊ အလုပ်ပြုတ်တော့မလားမသိဘူး၊ ညဘက်အိပ်မပျော်ရင်ဒုက္ခပါပဲ၊ အလုပ်မှာမစဉ်းစားနိုင်တော့ရင် ပြဿနာပဲ – အတွေးများ

    ဒီအကြောင်းရင်း ငါးခုဟာ တစ်ခုနဲ့တစ်ခုဆက်စပ်ပြီးဖြစ်ပေါ်နေတယ်။ တစ်ခုခုရဲ့ အပြောင်းအလဲဟာ ကျန်တဲ့အရာတွေကို ဆက်ပြီးရိုက်ခတ်မှုတွေရှိတယ်။ တစ်ခုချင်းစီမှာ နည်းနည်းစီ ကောင်းမွန်တဲ့အပြောင်းအလဲတွေလုပ်ရင် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာမှာ ကောင်းမွန်တဲ့အပြောင်းလဲတွေဖြစ်ပေါ်လာသလို၊ အနှုတ်ဆန်တဲ့အပြောင်းလဲတွေလုပ်ရင်ကျတော့လည်း ဆိုးတဲ့အပြောင်းလဲတွေဖြစ်လာနိုင်တာပေါ့။

    ဥပမာ ကိုကျော်ကြီးက ရာထူးတိုးသွားတာ ကောင်းမွန်တဲ့အပြောင်းလဲအဖြစ် သတ်မှတ်ပြီး “ဘယ်လောက်ခက်ခဲတဲ့ပြဿနာဖြစ်ဖြစ် ငါဖြေရှင်းနိုင်ပါတယ်၊ အမှားလုပ်ခဲ့မိရင်တောင် သင်ခန်းစာရတာပေါ့”လို့တွေးလာနိုင်ရင် စိတ်ဖိစီးတာ သက်သာလာမယ်၊ အပြင်ပိုထွက်မယ်၊ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အိပ်ဆေးသောက်တာ အရက်သောက်တာမျိုးတွေလုပ်စရာမလိုဘဲ ညဘက်တွေအိပ်ပျော်မယ်၊ ပင်ပန်းနွမ်းနယ်သလိုခံစားရတာတွေ သက်သာမယ်။

    သီအိုရီအရ ပြောရတာမှန်ပေမယ့် လက်တွေ့မှာတော့ ဒီလောက်ဘယ်လွယ်ပါ့မလဲ။ တချို့အကြောင်းရင်းရှာဖွေရတာတွေက ထင်ထားသလောက်မလွယ်ဘူး။ ကိုယ်ဘယ်လိုအတွေးမျိုးတွေဖြစ်ပေါ်နေလဲ။ ဘယ်လိုစိတ်အခြေအနေမျိုးရှိနေလဲ။ ကိုယ်ကစိတ်ဓာတ်ကျတယ်ထင်ပေမယ့် တကယ်တမ်းမှာတော့ စိတ်တိုတာ၊ စိတ်ဖိစီးတာဖြစ်နေနိုင်တယ်။ ဒါတွေကို ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်မှုတွေလုပ်လဲ။ ကိုယ်ကရော ဘယ်လိုအကျင့်မျိုးတွေဖြစ်လာလဲ။ ဒါတွေကို သတိထားကြည့်ရတယ်။ ကိုယ့်ကိုယ်မေးခွန်းတွေမေးပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဆန်းစစ်ရတယ်။ ဖြစ်ပျက်နေတဲ့အခြေနေတွေနဲ့ ကိုယ့်ရဲ့အတွေးအခေါ်၊ စိတ်ခံစားချက်တွေဖြစ်ပေါ်လာပုံ၊ သူတို့ကနေတဆင့် အပြုအမူနဲ့ အကျင့်စရိုက်တွေအဖြစ်ကူးပြောင်းသွားတာတွေကို သတိပြုမိလာလေ၊ ကိုယ့်ရဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေတွေ့လာလေပါပဲ။

    ဒါကြောင့် ပထမဆုံးသင်ခန်းစာကတော့ ကိုယ့်ရဲ့လက်ရှိအနေအထားကို အပေါ်မှာပေးထားတဲ့အချက် (၅)ချက်နဲ့ စပြီးဆန်းစစ်ကြည့်ဖို့ပါ။ စိတ်ဓာတ်ကျနေတယ်ဆိုရင် ဘာလို့စိတ်ဓာတ်ကျတာလဲ၊ ဘယ်အတွေးကြောင့် အဲဒီလိုဖြစ်နေတာလဲ။ အဲဒီလိုအတွေးမျိုးဖြစ်လာအောင် ဘယ်လိုအခြေအနေတွေက ဖန်တီးလာတာလဲ။ စိတ်ဓာတ်ကျမှုကြောင့် ကိုယ့်ခန္ဓာရုပ်ပိုင်းဆိုင်ရာမှာ ဘာတွေပြောင်းလဲလာတာလဲ၊ ဘယ်လိုအကျင့်မျိုးတွေဖြစ်လာစေတာလဲ။ ဒီလိုဆက်စပ်မှုတွေကို တွေ့လာတဲ့အခါ အခြေအနေတွေကိုပြောင်းလဲဖို့၊ အတွေးတွေနဲ့ ခံစားချက်တွေကို ပြောင်းလဲဖို့ ဖြစ်နိုင်လာပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement