backup og meta

အမျိုးသားတွေမှာ စိတ်ကျရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းခြင်းရာတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေမှာ စိတ်ကျရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းခြင်းရာတွေ

    အမျိုးသားတွေဟာ ယေဘုယျအားဖြင့် တခြားသူတွေဆီက အကူအညီယူလေ့မရှိပါဖူး။ ဘာလို့လဲဆိုတော့ အမျိုးသားတွေဟာ သူတို့ကိုယ်သူတို့ ကြံ့ခိုင်တယ်၊ ကိုယ့်အားကိုကိုးနိုင်တယ်၊ နာကျင်မှုတွေကို တင်းခံနိုင်တယ် ဒါမှမဟုတ် ဘယ်အခြေအနေတွေကိုမဆို ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ယူဆထားလို့ပါပဲ။ ဒီလို အချက်တွေကြောင့် အမျိုးသားတွေအနေနဲ့ သူတို့မှာ ကျန်းမာရေးပြဿနာတခုခုဖြစ်နေရင် တော်ရုံနဲ့ သိလေ့မရှိပါဖူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေနဲ့ ပတ်သက်လို့ပေါ့။ အမျိုးသားတွေမှာ စိတ်ကျရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းခြင်းရာတွေ က ဘာတွေဖြစ်မလဲဆိုတာကို လေ့လာလိုက်ရအောင်နော်။

    စိတ်ကျဝေဒနာဆိုတာဟာ ဖြစ်လေ့ဖြစ်ထရှိပြီး ဆိုးရွားတဲ့ အခြေအနေတခုပါ။ သူ့ဖာသာ ပြန်လည်ကောင်းမွန်နိုင်တဲ့ အခြေအနေတခုလည်း မဟုတ်ပါဖူး။ ဥပမာ သင် လက်ကျိုးတာတို့၊ ခြေထောက်မှာ ဒဏ်ရာအကြီးအကျယ်ရတာမျိုးတို့ဆိုရင် ဆေးမကုဘဲ ပြန်မကောင်းပါဖူး။ စိတ်ကျဝေဒနာဟာလည်း ထိုနည်း၎င်းပဲ ဖြစ်ပါတယ်။

    ဟုတ်ပြီ ဒါဖြင့် စိတ်ကျဝေဒနာဆိုတာ ဘယ်လို အခြေအနေမျိုးလည်း။ ခဏတဖြုတ် စိတ်ဓာတ်ကျတာနဲ့ ဘယ်လိုကွာလဲ။

    အမျိုးသားတွေမှာ စိတ်ကျရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းခြင်းရာတွေ

    အမျိုးသားတွေဟာ စိတ်ကျဝေဒနာတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ (ဥပမာ ပင်ပန်းနွမ်းနယ်တာ၊ ပိန်သွားတာ)ကို အမျိုးသမီးတွေထက် ပိုသတိထားမိလွယ်ပြီး အသေအချာလည်း ပြောပြနိုင်ကြပါတယ်။ သူတို့ စိတ်ဓာတ်ကျနေပါတယ်လို့ ထုတ်ပြောရမှာထက် ဒီရက်ပိုင်း “စိတ်တို၊ ဒေါသကြီး”နေတတ်တယ်လို့ ခံစားရပါလိမ့်မယ်။ လူတိုင်းလူတိုင်း စိတ်ဓာတ်ကျနိုင်ပါတယ်။

    ဒါပေမယ့် သင့်အနေနဲ့ ဝမ်းနည်းနေတာ၊ စိတ်တိုဒေါသကြီးနေတာ၊ စိတ်ခံစားလွယ်တာ၊ အိပ်မပျော်တာ ဒါမှမဟုတ် ဘယ်အရာကိုမှ အာရုံမစိုက်နိုင်တာမျိုးတွေကို နှစ်ပတ်လောက်ထက် ပိုပြီး ခံစားနေရပြီဆိုရင်တော့ သင် စိတ်ကျဝေဒနာခံစားနေရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အလုပ်လုပ်ရတာ စိတ်မပါတော့ဘူး။ အားကစားတွေလည်း မလုပ်ချင်ဘူး။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ရတာ၊ ချစ်သူနဲ့ ဒိတ်ရတာမျိုးတွေတောင် စိတ်မပါတော့ဘူး ဒါမှမဟုတ် အရင်က သင်ပျော်ပျော်ပါးပါးကြီးလုပ်နေကျ အရာတွေကိုလည်း မလုပ်ချင်တော့ဘူး ဒါတွေလည်း ဖြစ်လာနိုင်ပါတယ်။

    စိတ်ကျရောဂါဟာ အရမ်းအဖြစ်များတဲ့ ရောဂါတမျိုးဖြစ်ပြီး အမျိုးသား ရှစ်ယောက်မှာ တစ်ယောက်လောက်ဟာ တကွေ့မဟုတ် တကွေ့ ဒီဝေဒနာကို ခံစားရလေ့ရှိတဲ့လို့ ဆိုပါတယ်။ သင်ကိုယ်တိုင်အတွက်သာ မဟုတ်ဘဲ သင့်မိသားစုနဲ့ သင့်ချစ်သူခင်သူ အပေါင်းအသင်းတွေအတွက်ပါ ဒီရောဂါရဲ့ လက္ခဏာတွေကို သိထားသင့်ပါတယ်။

    အမျိုးသားတွေမှာ တွေ့ရတတ်တဲ့ စိတ်ကျဝေဒနာရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    အမျိုးသားတွေမှာ စိတ်ကျဝေဒနာရဲ့ လက္ခဏာတွေကို သတိထားမိဖို့ ခဲယဉ်းတာဟာ အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာ အမျိုးသားတွေဟာ ပျော့ညံ့တယ် အထင်မခံနိုင်တာကြောင့် ပြဿနာတခုခုနဲ့ ရင်ဆိုင်နေရကြောင်းကို ဝန်ခံလေ့ မရှိကြပါဖူး။ ဒါ့အပြင် ကိုယ့်ခံစားချက်ကို ရင်ဖွင့်တာ၊ ဖွင့်ဟတိုင်ပင်တာမျိုးဟာလည်း အားနွဲ့တဲ့ အမျိုးသမီးတွေသာ လုပ်လေ့ရှိတာလို့ လူတွေက သတ်မှတ်လေ့ရှိကြပါတယ်။ ဒါကြောင့် အမျိုးသားတွေဟာ စိတ်ကျဝေဒနာခံစားရပြီဆိုရင် စိတ်ခံစားချက်နဲ့ ပတ်သက်တဲ့ လက္ခဏာတွေထက် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာမျိုးတွေ (ဥပမာ ပင်ပန်းနွမ်းနယ်တယ်လို့ ခံစားရတာ)ကိုသာ ပြောလေ့ရှိကြတာပါ။

    အမျိုးသားတွေ လျစ်လျူရှုတတ်တဲ့ စိတ်ကျဝေဒနာရဲ့ အတွေ့ရအများဆုံး လက္ခဏာသုံးချက်

    ၁။ ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာ : အမျိုးသားတွေမှာ စိတ်ကျရောဂါဖြစ်ပြီဆိုရင် နောက်ကျောနာတာ၊ ခေါင်းခဏခဏကိုက်တာ၊ အိပ်မပျော်တာ၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းတာ ဒါမှမဟုတ် အစာမကြေတာစတဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ အဖြစ်ပြလေ့ရှိကြပါတယ်။ ဒီ လက္ခဏာတွေဟာ သာမန်ဆေးကုသမှုနဲ့လည်း သက်သာမသွားတတ်ပါဖူး။

    ၂။ ဒေါသကြီးတာ : ဘာမဟုတ်တာလေးနဲ့ ဒေါသထွက်တာ၊ ဝေဖန်ပြောဆိုတာကို ဆတ်ဆတ်ထိ မခံနိုင်တာ၊ ဟာသပြောလို့တောင် ရယ်ရကောင်းမှန်းမသိတော့တာမျိုးကနေ ကားမောင်းရင်းဒေါသထွက်၊ ဆဲဆိုနေတာ၊ တချိန်လုံး ဒေါသတကြီးဖြစ်နေတာ ဒါမှမဟုတ် ကြမ်းကြမ်းတမ်းတမ်း ပြုမူတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ တချို့အမျိုးသားတွေမှာ သူတပါးကို အနိုင်ကျင့်နှိပ်စက်တာ၊ ထိန်းချုပ်ကန့်သတ်ချုပ်ချယ်တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။

    ၃။ နမော်နမဲ့နိုင်လာ၊ အဆင်ခြင်မဲ့လာတာ : အန္တရာယ်များတဲ့ အားကစားတွေကို လုပ်လာတာ၊ ကားမဆင်မခြင်မောင်းတာ၊ အန္တရာယ်များတဲ့ လိင်ဆက်ဆံတာမျိုးကို မဆင်မခြင်လုပ်လာတာ(ကွန်ဒုံးမသုံးဘဲ အပျော်အပါးလိုက်စားတာမျိုး) စတဲ့ စဉ်းစားဉာဏ်နည်းတဲ့ ကိစ္စတွေကိုလည်း လုပ်ဆောင်လာနိုင်ပါတယ်။ အရက်တွေ၊ ဆေးတွေ အလွန်အကျွံသုံးမယ်။ လောင်းကစားတွေ အရမ်းလုပ်မယ် စတဲ့ အပြုအမူတွေကိုလည်း မြင်တွေ့ရတတ်ပါတယ်။

    အမျိုးသားတွေမှာ စိတ်ကျရောဂါ ဘာလို့ဖြစ်တာလဲ။

    အမျိုးသားတွေမှာ စိတ်ကျရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းခြင်းရာတွေက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။

    ဇီဝဗေဒဖြစ်စဉ်တွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ လူမှုရေးပြဿနာတွေအပြင် စီးပွားရေး၊ အိမ်ထောင်ရေး၊ ပညာရေး၊ လုပ်ငန်းခွင် စတာတွေမှာ အဆင်မပြေမှုတွေက စိတ်ကျရောဂါဖြစ်ရခြင်းရဲ့ တစိတ်တပိုင်း အကြောင်းရင်းတွေပါ။ ဒါ့အပြင် လူမှုဘဝမှာ စိတ်ဖိစီးမှုတွေ များလွန်းတာ၊ ကူတွယ်ရာမဲ့တာ၊ အလွန်အမင်း ဝမ်းနည်းစိတ်ထိခိုက်ရတာ၊ လူရောစိတ်ပါ ချုံးချုံးကျတာမျိုးတွေကို ဖြစ်စေတဲ့ အရာတွေကလည်း အမျိုးသားတွေကို စိတ်ကျရောဂါဆီ ဦးတည်စေပါတယ်။ ဒီလိုဖြစ်စေတဲ့ အရာတွေက-

    • အလုပ်၊ ကျောင်း၊ အိမ်မှာ ဖိစီးမှုတွေများလွန်းတာ။
    • အိမ်ထောင်ရေး အဆင်မပြေတာ။
    • ကိုယ်ရည်မှန်းထားတာတွေ ဖြစ်မလာတာ။
    • အလုပ်ပြုတ်တာ၊ အလုပ်ပြောင်းရတာ၊ (စစ်မှုမထမ်းမနေရ စနစ်ရှိတဲ့ နိုင်ငံတွေမှာ) စစ်မှုထမ်းရတာ။
    • ငွေရေးကြေးရေး ပြဿနာတွေ။
    • နာတာရှည်ရောဂါ၊ ထိခိုက်ဒဏ်ရာ ရတာ၊ ကိုယ်လက် မသန်မစွမ်းဖြစ်တာ။
    • လတ်တလော ဆေးလိပ် ဖြတ်ထားတာ။
    • ချစ်ခင်မြတ်နိုးရသူ တယောက်ယောက် ဆုံးပါးတာ။
    • လူမမည်ကလေး၊ ရောဂါသည် ဇနီး/ခင်ပွန်း၊ အိုမင်းမစွမ်းမိဘ စတဲ့မိသားစုဝင်တွေကို ပြုစုရတာ။
    • ပင်စင်ယူလိုက်တာ၊ အရင်ကလို မဟုတ်တော့ဘဲ သူများကို မှီခိုရတာ စတာတွေပဲ ဖြစ်ပါတယ်။

    ဒီလိုတွေ မဖြစ်ရလေအောင် စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချမလဲ။

    သင့် လူမှုဘဝနေထိုင်မှုပုံစံတွေကို ပြောင်းလဲလိုက်ခြင်းဟာ စိတ်ကျဝေဒနာကို သက်သာလျော့ပါးစေပါလိမ့်မယ်။

    • တစ်ယောက်တည်း အထီးကျန်မနေပါနဲ့။ သင့်ချစ်သူခင်သူတွေနဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အတူဖြတ်သန်းပါ။
    • လှုပ်လှုပ်ရှားရှားနေပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ တနာရီထက် ပိုပြီး တောက်လျှောက်မထိုင်ပါနဲ့။
    • စိတ်ခံစားမှုကို တက်ကြွလန်းဆန်းစေတဲ့ omega-3 fats တွေအကြောင်း လေ့လာဖတ်ရှုပြီး သုံးစွဲပါ။
    • အိမ်ထဲမှာပဲ အောင်းမနေပါနဲ့။ အပြင်ထွက်ပြီး တောက်ပလင်းလက်တဲ့ နေခြည်နွေးနွေးကို နေ့စဉ်ထိတွေ့ ခံစားပါ။
    • အိပ်ချိန်လုံလောက်ပါစေ (လူအများစုအတွက် အိပ်ချိန် ခုနှစ်နာရီကနေ ကိုးနာရီလောက်အထိ လိုအပ်ပါတယ်)။ အိပ်ရေးပျက်တာများရင် စိတ်ဖိစီးမှုကို ပိုဆိုးစေပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement