ဒဏ်ရာအနာတရဖြစ်လာပြီဆိုရင်လူတိုင်းလိုလိုပျောက်ချင် သက်သာချင်ကြတာပါပဲ။ ဒါပေမယ့် အနာပျောက်ဖို့ဆိုတဲ့နေရာမှာလည်း အနာကို ဘယ်လိုနည်းလမ်းမှန်မှန်နဲ့ ဂရုစိုက်မလဲဆိုတာက အရေးကြီးပါတယ်။ ကလေးတုန်းကတော့ မိဘတွေက ဂရုစိုက်ပေးတယ်။ အရွယ်ရောက်လာတော့ ကိုယ့်သဘောနဲ့ကိုယ် ထားချင်သလို ထားလိုက်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာပါတယ်။ ဒီတစ်ခါက အနာကိုသေသေချာချာဂရုတစိုက်မလုပ်ရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာကိုပြောပြပေးချင်တာပါ။
ဒဏ်ရာဖြစ်လာရင်တော့ ဒဏ်ရာကို အရင်ဆုံးသန့်စင်ဆေးကြောပြီးဆေးထည့်ရမယ်၊ ပလပ်စတာကပ်ရမယ်ဆိုတဲ့အခြေခံ အသိလောက်တော့ လူတိုင်း သိကြမှာပါ။ အခြေခံဆိုပေမယ့် ဒီကိစ္စက အတော်လေးကို အရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီအတိုင်းအကာအကွယ်မလုပ်ထားတဲ့ဟောင်းလောင်းပွင့်နေတဲ့အနာက ပိုးတွေဝင်ရောက်ဖို့ ဖိတ်ခေါ်နေသလိုဖြစ်နေပြီးနောက်ဆက်တွဲဆိုးကျိုးတွေအများကြီးဖြစ်နိုင်တာကြောင့်ပါ။
အနာကို ဒီအတိုင်းထားရင် ဘာတွေဖြစ်လာမလဲ
အနာကျက် နှေးစေနိုင်တယ်
တော်တော်များများက အနာကို ဖွင့်ထားမှ၊ပြင်ပလေနဲ့ပေးထိမှာအနာကျက်မြန်တယ်လို့ပြောကြတာကြားဖူးမှာပါ။ တကယ်တော့ အနာကျက်ဖို့အတွက် အစိုဓါတ်လေးနည်းနည်းလောက်တော့ရှိဖို့တော့လိုပါလိမ့်မယ်။ အနာဖြစ်နေရင် တစ်နေ့တစ်ကြိမ်လောက်တော့ အနာကို ပလာစတာလဲကပ်ပေးတာကအသင့်တော်ဆုံးပါ။ အနာကို ဒီတိုင်းထားရင် အနာရဲ့ အပေါ်ယံမျက်နှာပြင်ပေါ်က ဆဲလ်အသစ်တွေကခြောက်သွေ့ပြီး ပိုမိုနာကျင်နိုင်သလို အနာကျက်တာကိုလည်းနှေးစေနိုင်ပါတယ်။
ဒဏ်ရာအများစုကတော့ အနာကိုဖုံးအုပ်ထားလေလေ အစိုဓါတ်ပိုရလေလေပါ။ အစိုဓါတ်ရတယ်ဆိုတဲ့နေရာမှာလည်း အလွန်အကျွံမဖြစ်ဖို့က အရေးကြီးပါတယ်။ ဒဏ်ရာတစ်ခုခုဖြစ်လာရင် အနည်းဆုံး ပဋိဇီဝဆေးတစ်မျိုးမျိုးလူးပေးပြီး ပလာစတာဖြစ်ဖြစ် ပတ်တီးဖြစ်ဖြစ် ကပ်ထားတာကအကောင်းဆုံးဖြစ်မှာပါ။
အနာကိုရေထိပြီးရင်းစေနိုင်တယ်
ရေချိုးတာ၊ မျက်နှာသစ်တာမျိုးနဲ့ အိမ်အလုပ်လုပ်နေရတဲ့ အိမ်ရှင်မတွေဆိုရင်တော့ လက်မှာထိခိုက်ဒဏ်ရာရရင်ရေမထိဘဲနေဖို့ဆိုတာက ကိုယ်ခွဲမရှိတဲ့သူတွေအဖို့တော်တော်လေးခက်တဲ့ကိစ္စပါ။ရေမဖြစ်မနေကိုင်ရမယ်ဆိုရင် အနာကိုရေမထိအောင် ပလပ်စတစ်လိုမျိုးရေစိုခံနိုင်တဲ့အရာတစ်ခုခုနဲ့ ဖုံးဖို့ကာဖို့မမေ့ပါနဲ့။ မတော်တဆအနာကိုရေစိုသွားရင်လဲ ကပ်ထားတဲ့ ပလာစတာ နဲ့ ပတ်တီးကိုဖြည်ပြီး အနာကိုရေခြောက်အောင်သုတ်ဖို့ မမေ့ပါနဲ့။ပြီးရင် ပလာစတာ (သို့မဟုတ်) ပတ်တီးအသစ်လဲပေးပါ။နောက်တစ်ခါလုပ်ရင်လည်းစိုဦးမှာပဲဆိုပြီး ဒီအတိုင်းထားလိုက်တာမျိုးမလုပ်ပါနဲ့။ အနာထဲကိုရေဝင်ပြီး အနာရင်းလာနိုင်တာကြောင့်ပါ။
အနာပိုးဝင်စေနိုင်တယ်
ပတ်ဝန်းကျင်မှာ မမြင်ရတဲ့ ဘက်တီးရီးယားတွေအများကြီးရှိနေနိုင်တာကြောင့် အနာကိုဆေးမလူး၊ ပလာစတာမကပ်ဘဲ ထားမယ်ဆိုရင် အနာထဲကို ဘက်တီးရီးယားတွေဝင်ရောက်ပြီး အနာပြည်တည်တာ၊ ရင်းတာ၊ အနာတဝိုက်ရောင်ရမ်းတာနဲ့ အနာကျက်ကြာတာ၊ အဖျားတက်တာမျိုးတွေအထိဖြစ်နိုင်ပါတယ်။
အနာပြန်ဖြစ်နိုင်တယ်
အနာက အပြည့်အဝမသက်သာသေးပေမယ့် အနာကို ပတ်တီးစည်းထားရတာ ပလာစတာကပ်ထားရတာနဲ့ဆေးလူးရတာတွေက အလုပ်ပိုတယ်လို့ ယူဆပြီး အနာကို ဒီအတိုင်းဖွင့်ထားလိုက်မယ်ဆိုရင် အနာကပျောက်ဖို့ခဲယဉ်းသွားနိုင်သလို အိပ်နေရင်းနဲ့ ရောင်ပြီး ကုတ်မိတာကနေပဲဖြစ်ဖြစ်၊ မတော်တဆ အနာကို ထိခိုက်မိရင် အနာက အသစ်ပြန်ဖြစ်သွားနိုင်ပါတယ်။
အမာရွတ်ဖြစ်စေနိုင်တယ်
အနာကို ပဋိဇီဝဆေးတွေလူးတာ၊ ပလာစတာကပ်တာ နဲ့ ပတ်တီးစည်းတာမျိုးတွေမလုပ်ထားဘူးဆိုရင် အနာကိုအလွယ်တကူ ကုတ်မိ ဖဲ့မိတာမျိုးဖြစ်နိုင်သလို အနာကိုပြင်ပအရာဝတ္ထုတွေနဲ့ထိတွေ့မိတာတွေဖြစ်စေနိုင်တာကြောင့် မလိုလားအပ်ဘဲ အမာရာတ်ထင်ကျန်ခဲ့တာမျိုးတွေဖြစ်နိုင်ပါတယ်။
မေးခိုင်ပိုးဝင်နိုင်တယ်
ဒါကတော့ အနာကို ဂရုမစိုက်တာရဲ့ အဆိုးဝါးဆုံးရလဒ်ပါ။ အာရုံကြောစနစ်ကိုထိခိုက်စေနိုင်တဲ့ပြင်းထန်တဲ့ ဘက်တီးရီးယားပိုးဝင်တဲ့ရောဂါပါ။ ကြွက်သားတွေ နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။မေးရိုးတလျှောက်နဲ့ လည်ပင်းကကြွက်သားတွေကို အဓိကထိခိုက်စေတာဖြစ်ပါတယ်။မေးခိုင်ပိုးက အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အထိပြင်းထန်ပါတယ်။ မေးခိုင်ရောဂါအတွက် ကုသဆးမရှိပါဘူး။ ကာကွယ်ဆေးပဲရှိပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်လို့ ဒဏ်ရာကကြီးတယ် ပြင်းထန်တယ်ဆိုရင် မေးခိုင်ကာကွယ်ဆေးထိုးလိုက်တာက အကောင်းဆုံးပါ။
မေးခိုင်ပိုးဝင်ရင်ခံစားရနိုင်တဲ့ လက္ခဏာတွေ
မေးခိုင်ပိုးဝင်တဲ့ လက္ခဏာတွေကို ဒဏ်ရာထဲကို မေးခိုင်ပိုးဝင်ပြီး ရက်အနည်းငယ်လောက်အတွင်းခံစားရနိုင်သလို ရက်တော်တော်ကြာမှ ခံစားရတာမျိုးလည်းရှိတတ်ပါတယ်။ အကြမ်းဖျင်းပြောရရင်တော့ ၇ ရက်ကနေ ၁၀ ရက်လောက်အထိကြာတတ်ပါတယ်။ လက္ခဏာတွေကတော့ –
- မေးရိုးကြွက်သားတွေ အကြောဆွဲတာ၊တောင့်တင်းသွားတာမျိုး
- လည်ပင်းကြွက်သားတွေ တောင့်တင်းသွားတာမျိုး
- အစာမျိုချရခက်တာ
- ဝမ်းဗိုက်ကြွက်သားတွေတောင့်တင်းနာကျင်တာမျိုး
- အဖျားတက်တာ
- သွေးပေါင်ချိန်မြင့်တာ
- နှလုံးခုန်မြန်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
အနာကိုသေချာကာကွယ်တာမျိုးမလုပ်ဘူးဆိုရင် မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အနာထဲကို ပိုးဝင်ပြီး အနာတဝိုက်တစ်ရှုးတွေဆီသွေးမရောက်ဘဲ ပုပ်တာမျိုးဖြစ်မယ်ဆိုရင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆုံးရှုံးတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာရလာခဲ့ရင် သေသေချာချာဂရုစိုက်ပြီး သန့်ရှင်းအောင်လုပ်ဆောင်ခြင်းဖြင့် အနာကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေ မဖြစ်အောင်တားဆီးသင့်ပါတယ်။ အကြီးစားထိခိုက်မှုတွေဖြစ်မလာအောင် ထိခိုက်ဒဏ်ရာတွေကိုသေချာဂရုစိုက်ကြဖို့ ပြောပါရစေ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။