မတော်တဆ ဓါးရှတာ၊ စက်ဘီးမှောက်တာ၊ ချော်လဲလို့ပွန်းပဲ့တာလိုမျိုးပြတ်ရှဒဏ်ရာ၊ အရေပြားပေါက်ပြဲဒဏ်ရာတွေက အဖြစ်များကြပါတယ်။ အနာဆိုတာ အချိန်တန်တော့ ကျက်သွားမှာပါ၊ပျောက်သွားမှာပါလို့တော့ မတွေးပါနဲ့နော်။ အနာသေးသေးလေးပဲဖြစ်ပါစေရောဂါပိုးဝင်သွားခဲ့ရင် အနာကျက်နှေးစေပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေရှိလာနိုင်ပါတယ်။
ဒါ့ကြောင့် ဒီပြတ်ရှဒဏ်ရာ၊ အရေပြားပေါက်ပြဲဒဏ်ရာတွေကို အမြန်ဆုံးဘယ်လိုကုသရမလဲဆိုတာလေ့လာပြီး ကိုယ်တိုင်လုပ်ဆောင်လို့ရပါတယ်။ ဒဏ်ရာကြီးခဲ့ရင်တော့ဆေးခန်း၊ဆေးရုံမှာ ကုသမှုခံယူရမှာဖြစ်ပေမယ့် အသေးအဖွဲထိခိုက်ဒဏ်ရာတွေအတွက် လုပ်သင့်တဲ့နည်းလမ်းမှန်တွေကို ကိုယ်ကသိထားတော့ ဒဏ်ရာရတိုင်းဆေးခန်းပြေးစရာမလိုတော့ဘူးပေါ့။ အရင်ဆုံး
- လက်ဆေးပါ။ အနာကိုထိတွေ့မယ့်လက်က သန့်စင်နေမှ ရောဂါပိုးမဝင်နိုင်မှာပါ။
- သွေးတိတ်အောင်လုပ်ပါ။ဒဏ်ရာသေးတဲ့ပြတ်ရှအနာနဲ့ပေါက်ပြဲအနာတွေက သူ့အလိုလိုသွေးတိတ်လေ့ရှိပါတယ်။ မတိတ်ရင်တော့ ပတ်တီး သို့မဟုတ် အဝတ်စသန့်သန့်နဲ့ အနာကိုအသာအယာဖိထားပြီးသွေးတိတ်တဲ့အထိ အပေါ်မြှင့်လျက်အနေအထားမှာ ထားပေးပါ။
- အနာကိုသန့်စင်ပါ။အနာကိုရေနဲ့ဆေးကြောရပါမယ်။ရေအလျင်နဲ့လောင်းချတာက အနာပိုးဝင်နိုင်တဲ့အန္တရာယ်လျော့နည်းစေပါလိမ့်မယ်။ အနာတဝိုက်ကိုတော့ ဆပ်ပြာနဲ့ဆေးကြောပေးပါ။ အနာကိုတော့ ဆပ်ပြာမထိပါစေနဲ့။hydrogen peroxide သို့မဟုတ် iodineဆေးတွေ မထည့်ပါနဲ့။ အနာမှာ အမှုန်တွေ၊ အစအနတွေရှိနေရင် အရက်ပြန်နဲ့သန့်စင်ပြီးသားဇာဂနာလေးနဲ့ အသာလေး ဖယ်ထုတ်လို့ရပါတယ်။
- အနာပိုးသတ်ဆေး ထည့်ပေးပါ။ အနာရှိတဲ့အရေပြားမျက်နှာပြင်ကို အစိုဓါတ်ရှိစေဖို့အတွက် ပိုးသတ်ဆေးလိမ်းဆေးအဆီ သို့မဟုတ်petroleum jelly ပါးပါးလိမ်းပေးပါ။
- အနာကိုဖုံးအုပ်ပါ။အနာကပ်ပလာစတာ သို့မဟုတ် ပတ်တီးစကို စက္ကူတိပ်နဲ့ကပ်တာ သို့မဟုတ် ပတ်တီးနဲ့အနာကို ဖုံးအုပ်ပါ။ ဒီလိုဖုံးအုပ်မှ အနာကိုပိုးမဝင်အောင်အကာအကွယ်ဖြစ်စေပါတယ်။တော်တန်ရုံခြစ်ရာ၊ အစင်းရာ၊ ပွန်းပဲ့ရာလေးလောက်ကတော့ ဖုံးအုပ်စရာမလိုပါဘူး။
- ပတ်တီး၊ ပလာစတာတွေကို လဲပေးပါ။အနာကပ်ပလာစတာ သို့မဟုတ် ပတ်တီး က ညစ်ပေလာတဲ့အခါတိုင်း သို့မဟုတ် အနည်းဆုံးတစ်နေ့ကိုတစ်ကြိမ်လောက် အသစ်လဲပေးပါ။
- အနာပိုးဝင်တဲ့ လက္ခဏာရှိမရှိကိုစောင့်ကြည့်ပါ။ အရေပြားမှာ သို့မဟုတ် အနာတဝိုက်မှာ နီရဲလာတာ၊ ပိုနာလာတာ၊ အရည်ထွက်နေတာ၊ ရောင်ရမ်းလာတာ လိုမျိုးရာဂါပိုးဝင်တဲ့လက္ခဏာတွေ့ရရင် ဆရာဝန်ပြသင့်ပါတယ်။
- တကယ်လို့ အနာက ကိုယ့်ဘာသာသန့်စင်လို့မရတဲ့အခါမျိုးဖြစ်ရင်၊ အနာက တိရစ္ဆာန်တစ်ကောင်ကိုက်ခံရတာဆိုရင် ၊ သံစူးတာ သံထည်ကြောင့်ရှတာမျိုးဖြစ်ရင်မေးခိုင်ကာကွယ်ဆေးထိုးသင့်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]