ထိခိုက်မိတဲ့ဒဏ်ရာကအရမ်းနက်သွားလား၊ ကြွက်သားတွေ အရွတ်တွေကိုများထိမိလားဆိုတာကိုသေချာစစ်ဆေးဖို့လိုပါတယ်။ အဆီပြင်နဲ့ ကြွက်သားတွေကို ထိမိသွားတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါလိမ့်မယ်။ ပြတ်ရှဒဏ်ရာအရမ်းကြီးရင်ပြန်ချုပ်ဖို့လိုအပ်ပါတယ်။
အနာက ၃ စင်တီမီတာလောက်ပဲရှိပြီး အနက်က စင်တီမီတာဝက်လောက်ပဲရှိတယ်ဆိုရင်တော့ အသေးစားပြတ်ရှဒဏ်ရာလို့သတ်မှတ်လို့ရပါတယ်။ ဆရာဝန်ဆီသွားစရာမလိုပါဘူး။ အိမ်မှာပဲဆေးထည့်လို့ရပါတယ်။
အနာကို ပဋိဇီဝဆေးတစ်ခုခုလူးပါ
အနာထဲကို ပိုးမဝင်နိုင်စေဖို့အတွက် အနာကို ပဋိဇီဝဆေးတစ်မျိုးမျိုးလူးပေးပါ။ပြီးရင်တော့ အနာကို ပလာစတာကပ်တာ၊ ပတ်တီးစည်းတာတွေလုပ်ရပါမယ်။ အနာကို အစိုဓါတ်လည်းရရှိစေပါတယ်။ ပဋိဇီဝဆေးလူးပေးတာက အနာကို ပိုးမဝင်အောင်ကာကွယ်ပေးတဲ့အပြင် အနာကျက်လည်းမြန်စေပါတယ်။
အချို့သူတွေမှာ ပဋိဇီဝဆေးနဲ့မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့ ယားယံတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီလိုလက္ခဏာတွေခံစားရရင်ဆေးပြောင်းသုံးပေးပါ။
ပလာစတာကပ်ပါ။ ပတ်တီးစည်းပါ။
အနာထဲကိုပြင်ပကဘက်တီးရီးယားတွေနဲ့ မသန့်စင်တဲ့အရာတွေမဝင်ရောက်နိုင်အောင် အနာကို ပလာစတာကပ်ပြီးပဲဖြစ်ဖြစ် ပတ်တီးစည်းပြီးပဲဖြစ်ဖြစ် ကာကွယ်ပေးပါ။
အနာမှာပလာစတာကပ်ထားမယ်ဆိုရင် အနာထဲကိုပြင်ပက မသန့်စင်တဲ့အရာတွေ၊ရောဂါပိုးတွေမဝင်ရောက်နိုင်ကာကွယ်ပြီးသားဖြစ်မှာပါ။ အမာရွတ်မထင်အောင်ကာကွယ်နိုင်သလို အနာပြန်မဖြစ်အောင်ကာကကွယ်ပြီးသားလည်းဖြစ်သွားပါလိမ့်မယ်။ အနာရင်းတာအပါအဝင် မလိုလားအပ်တဲ့နောက်ဆက်တွဲရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပြီးသားဖြစ်မှာပါ။
ဖြစ်နိုင်ရင်ရေစိုခံ ပလာစတာကိုအသုံးပြုပေးပါ။ရေချိုးတဲ့အခါမျိုး၊ရေကိုင်တဲ့အခါမျိုးမှာ အနာကိုရေမထိအောင် ပလပ်စတစ်လက်အိတ်၊ရော်ဘာလက်အိတ်တွေ စွပ်ပြီးရေမထိအောင်လုပ်ဆောင်ရပါမယ်။ အနာမှာကပ်ထားတဲ့ ပလာစတာ၊ ပတ်တီးတွေရေစိုသွားပြီဆိုရင် အသစ်လဲပေးပါ။ အနာကိုခြောက်အောင်သုတ်ပြီးဆေးလည်းပြန်ထည့်ပေးပါ။ ပလာစတာနဲ့ ပတ်တီးကို နေ့တိုင်းလဲပေးနိုင်ရင် အကောင်းဆုံးပါ။ရေစိုသွားရင် ညစ်ပေနေရင်လည်းလဲပေးပါ။
လိုအပ်ရင်မေးခိုင်ကာကွယ်ဆေးထိုးရပါမယ်
အနာကအရမ်းနက်တဲ့အခါမျိုး၊ သံချေးတက်နေတဲ့ သံစူးမိတဲ့အခါမျိုး၊ တိရစ္ဆာန်ကိုက်ခံရတာ၊ လူကိုက်ခံရတာမျိုးဖြစ်မယ်ဆိုရင်မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုပါလိမ့်မယ်။ အပေါ်ယံအရေပြားပေါက်ပြဲသွားတဲ့အခါ အနာထဲကိုပိုးဝင်နိုင်ခြေပိုများသွားလို့လည်းဖြစ်ပါတယ်။
နောက်တစ်ခုက လွန်ခဲ့တဲ့ ၅ နှစ်လုံးလုံးတစ်ခါမှမေးခိုင်ကာကွယ်ဆေးမထိုးထားဖူးဘူး။ပြီးတော့ အနာကအရမ်းပြင်းထန်နေမယ်ဆိုရင်တော့မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်။မြန်နိုင်သမျှမြန်မြန်ထိုးတာအကောင်းဆုံးပါ။
ဒီလိုအခြေအနေမျိုးဆိုရင် ဆရာဝန်နဲ့ပြသဖို့လိုပါမယ်
လက်ချောင်းတွေမှာ ထိခိုက်ဒဏ်ရာရပြီးတဲ့အခါ အခုလိုမျိုးလက္ခဏာတွေဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့သွားရောက်ပြသဖို့လိုပါလိမ့်မယ်။
- လက်ချောင်းကလှုပ်လို့မရရင်
- လက်ချောင်းကထုံကျဉ်နေရင်
- အရိုးကိုထိမိခဲ့ရင်
- အနာကအရမ်းကြီးပြီး နက်နေမယ်ဆိုရင်
- အနာနာကျင်ရောင်ရမ်းတာ အရမ်းပြင်းထန်ပြီး အချိန်ကြာနေမယ်ဆိုရင်
- အနာကို မသန့်စင်နိုင်တာကြောင့် အနာကအရမ်းညစ်ပေနေမယ်ဆိုရင်
- လွန်ခဲ့တဲ့ ၁၀ နှစ်လုံးလုံးမေးခိုင်ကာကွယ်ဆေးမထိုးထားဘူးဆိုရင်
- တိရစ္ဆာန်ကိုက်တဲ့ဒဏ်ရာ၊ လူကိုက်ခံရတဲ့ ဒဏ်ရာဖြစ်နေမယ်ဆိုရင်
- အနာကမကျက်ရင်
- အနာက နီရဲရောင်ရမ်းတာ၊နာတာ၊ပြည်ထွက်နေတာလိုမျိုး အနာရင်းတဲ့လက္ခဏာတွေဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်ထံချက်ချင်းသွားပြတာကအကောင်းဆုံးပါ။
လက်ချောင်းလေးတွေမှာ မတော်တဆထိခိုက်ဒဏ်ရာရသွားတဲ့အခါ ဒီနည်းလေးတွေအတိုင်း ဂရုစိုက်ကြည့်ကြပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။