ခြောက်အောင်သုတ်မယ်
အနာကိုဆေးကြောသန့်စင်ပြီးသွားတဲ့အခါရေခြောက်အောင်ပြန်သုတ်ပေးဖို့လိုပါတယ်။ အနာက သိပ်မကြီးရင်တော့ ဂွမ်းစ၊ တစ်သျှူးစနဲ့ရပေမယ့် အနာက များရင်တော့ အဝတ်စ သန့်သန့်လေးနဲ့သုတ်ပေးရပါမယ်။ပြီရင်တော့ အနာကိုပိုပြီးသန့်စင်သွားအောင် အရက်ပြန်နဲ့ဆေးကြောရပါမယ်။ မျက်စိနဲ့မမြင်နိုင်တဲ့ အမှုန်တွေနဲ့ ပိုးမွှားတွေသန့်စင်သွားစေဖို့ပါ။
အနာထဲမှာကပ်ညှိနေတဲ့ပြင်ပအရာဝတ္ထုလေးတွေကို ဖယ်ရှားရပါမယ်
အနာထဲမှာ ဖန်ကွဲစလိုမျိုး အဆူးလိုမျိုးအရာတွေရှိနေမယ်ဆိုရင်တော့ ဇာဂနာကို အရက်ပြန်စွတ်ပြီး ဖယ်ရှားပေးရပါမယ်။ပြင်ပအရာဝတ္ထုတွေ အနာထဲမှာရှိနေမယ်ဆိုရင် မလိုလားအပ်တဲ့နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာနိုင်တာကြောင့်ပါ။
ပဋိဇီဝလူးဆေးတစ်မျိုးမျိုးလူးမယ်
အနာကို ကူးစက်ပိုးဝင်ရောက်တာ၊မေးခိုင်ပိုးဝင်ရောက်တာမျိုးမဖြစ်အောင် အနာကို ပဋိဇီဝဆေးတစ်ခုခုလူးပေးဖို့လိုပါတယ်။ ပဋိဇီဝဆေးတွေက အနာကို ပိုးမဝင်အောင် နဲ့နောက်ဆက်တွဲဝေဒနာဖြစ်မလာအာင် ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တယ်လေ။ ဒါပေမယ့် ပဋိဇီဝဆေးရွေးတဲ့အခါ အရေပြားရဲ့အောက်ဆီဂျင်ရရှိမှုကို မထိခိုက်စေနိုင်တဲ့ဆေးမျိုးရွေးချယ်မိဖို့တော့ လိုပါတယ်။ သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတဲ့ ပဋိဇီဝဆေးဖြစ်ရင် ပိုကောင်းပါတယ်။
အနာကို ပတ်တီးစည်းတာ (သို့မဟုတ်) ပလာစတာကပ်တာမျိုးလုပ်ရပါမယ်
အနာအရွယ်အစားပေါ်မူတည်ပြီး အနာကြီးရင်တော့ပတ်တီးစည်းတာလုပ်ရပါမယ်။ အနာကသေးမယ်ဆိုရင်တော့ ပလာစတာကပ်ပေးရုံနဲ့တင် လုံလောက်ပါတယ်။ အနာကိုကပ်ထားတဲ့ ပလာစတာကိုနေ့တိုင်းလဲပေးနိုင်ရင်ပိုကောင်းပါတယ်။ ပတ်တီးကိုလည်းညစ်ပေရင်ဖြစ်ဖြစ်ရေစိုသွားရင်ဖြစ်ဖြစ် လဲပေးရပါမယ်။ အနာမကျက်မချင်း ပလာစတာကပ်ထားရင် ပလာစတာ၊ ပတ်တီးစည်းထားရင် ပတ်တီးကို လဲပေးရပါမယ်။ ပလာစတာ နဲ့ ပတ်တီးကိုလဲတိုင်းမှာဆေးထပ်ထည့်ပေးရပါမယ်။ ပလာစတာခွာတဲ့အခါ ပတ်တီးဖြေတဲ့အခါမျိုးမှာ အနာပြန်ပြဲထွက်တာမျိုးမဖြစ်အောင်ဖြည်းဖြည်းချင်းခွာဖို့လည်းမမေ့ပါနဲ့။
အနာကျက်အောင် ဘယ်လိုထိန်းသိမ်းမလဲ
အနာကိုသန့်အောင်ဆေးပြီးဆေးတွေဘာတွေထည့်ရုံနဲ့ပြီးသွားပြီလားဆိုတော့ မဟုတ်ပါဘူး။ အနာကျက်အောင် စနစ်တကျနေထိုင်စားသောက်ဖို့လည်းလိုပါတယ်။ ခွဲစိတ်ထားတဲ့လူနာတွေဆိုရင် ချုပ်ရိုးကျက်အောင် အစားအသောက်အနေအထိုင်တော်တော်လေး ဂရုစိုက်ရပါတယ်။
အနာကိုရေမထိပါစေနဲ့
အနာကိုရေအမြဲထိနေမယ်ဆိုရင် အနာကျက်ဖို့ခဲယဉ်းသွားနိုင်ပါတယ်။ရေချိုးရင်လည်း အနာကိုရေမထိအောင် ပလပ်စတစ်လိုမျိုးရေစိုခံတဲ့အရာတစ်ခုခုနဲ့ ဖုံးအုပ်ထားဖို့လိုပါလိမ့်မယ်။ရေစိုသွားရင် အနာကိုခြောက်အောင်သုတ်ပြီး ပတ်တီးချက်ချင်းလဲပေးရပါမယ်။
အနာကျက်စေမယ့်အစားအစာတွေစားပေးရပါမယ်
အနာကျက်စေတဲ့ ကြက်သားလိုမျိုး ပရိုတင်းဓါတ်ရမယ့် အစားမျိုးကိုစားပေးရပါမယ်။ဆေးဖက်ဝင်အရာတစ်ခုခုထည့်ပြီးလုပ်ထားတဲ့ရေနွေးကြမ်းနဲ့ရေလိုမျိုး အရာတွေကိုသောက်ပေးရပါမယ်။ လိမ္မော်သီး၊ ကန်စွန်းဥ၊ပဲပိစပ်၊ပန်းဂေါ်ဖီစိမ်း၊ အသည်းလိုမျိုးအစားအစာတွေနဲ့ ဗီတာမင် စီကြွယ်ဝတဲ့အစားအသောက်တွေစားသုံးပေးရပါမယ်။ နို့ နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးပေးမယ်ဆိုရင်လည်းရပါတယ်။ ဒိန်ချဉ်၊ချောကလက်လိုမျိုး အစားအသောက်တွေစားသုံးပေးရင်လည်း အနာကျက်မြန်စေပါတယ်။
အနာကို စစ်ဆေးရပါမယ်
အနာပိုးဝင်နေ၊မနေ၊ အနာရင်း၊မရင်းနဲ့ အနာပြည်တည်နေလားဆိုတာကို တစ်နေ့တစ်ကြိမ်လောက်စစ်ဆေးရပါမယ်။ အနာက နီရဲနေမယ်၊ပြည်တည်နေမယ်၊ရောင်ရမ်းနေမယ်၊ အနာက ပူနေမယ်ဆိုရင် ပိုးဝင်နေတာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ချက်ချင်းပြဖို့လိုပါတယ်။ တိရစ္ဆာန်အကိုက်ခံရတာ၊ သံစူးတာနဲ့ ဒဏ်ရာကကြီးကြီးမားမားဖြစ်မယ်ဆိုရင်တော့မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုပါလိမ့်မယ်။ဆေးလိမ်းရုံနဲ့ မသက်သာမယ့် အနာမျိုးဖြစ်မယ်ဆိုရင် လိုအပ်တဲ့ဆေးတွေကိုပါ တွဲသောက်ဖို့လိုပါလိမ့်မယ်။
ဒီလိုအခြေအနေတွေဖြစ်ရင်ဆရာဝန်ဆီချက်ချင်းသွားပါ။
လည်ပင်းမှာရှိတဲ့ပြန်ရည်ကျိတ်ရောင်ရမ်းမယ်၊
လက်မောင်းနဲ့ပေါင်ခြံမှာရှိတဲ့ပြန်ရည်ကျိတ်တွေရောင်ရမ်းမယ်၊
တစ်ကိုယ်လုံးကိုက်ခဲနေမယ်၊
အဖျားကြီးမယ်၊
ချမ်းတုန်နေမယ်ဆိုရင်တော့ အနာပိုးဝင်တာဖြစ်နိုင်ပါတယ်။ ဆရာဝန်ဆီချက်ချင်းသွားဖို့လိုနေပါပြီ။
မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုမယ့် အနေအထားတွေကဘာတွေများဖြစ်မလဲ
အနာက ၅ မိနစ် ၁၀ မိနစ်ကြာတဲ့အထိသွေးမတိတ်ရင်
ဒဏ်ရာက လက်မဝက်ထက်နက်နေရင်
မျက်စိနားတဝိုက်မှာဖြစ်မယ်ဆိုရင်
ညစ်ပေတဲ့ အရာနဲ့ထိခိုက်မိတာဆိုရင်
ညစ်ပေတဲ့အရာတွေ၊ အမှုန်သေးသေးလေးတွေ အနာထဲဝင်နေမယ်ဆိုရင်
အနာကအရမ်းနာနေမယ်ဆိုရင်
တိရစ္ဆာန်ကိုက်ခံရရင်၊ လူကိုက်ခံရရင်မေးခိုင်ကာကွယ်ဆေးထိုးကိုထိုးဖို့လိုပါလိမ့်မယ်။
အနာကို ဂရုစိုက်တဲ့နေရာမှာအရေးအကြီးဆုံးကအနာကိုသန့်စင်အောင်ထားပြီးမေးခိုင်ပိုးမဝင်အောင်ဂရုစိုက်ဖို့ပါ။ အနာထဲက ညစ်ပေတဲ့အရာတွေနဲ့ တစ်ရှုးသေတွေကိုလည်း ဖယ်ရှားပေးရပါမယ်။
အခုဖော်ပြထားတဲ့နည်းလေးတွေအတိုင်းက ကိုယ်တိုင်ဒဏ်ရာရရင်ပဲဖြစ်ဖြစ် မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေဒဏ်ရာရရင်ပဲဖြစ်ဖြစ် အသုံးတည့်မယ်၊လို့မျှော်လင့်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။