“ကျွန်တော်က အရင်တကည်းက အနည်းဆုံးတစ်ရက် ၈ နာရီလောက်အိပ်တဲ့သူဗျ။ နေ့လယ်နေ့ခင်းဆိုလည်း တစ်မှေးလောက်မှေးသေးတာ၊ အဲ့ဒီလိုကောင်းကောင်းအိပ်မပျော်တဲ့ဝေဒနာကတော့ အတော်ဆိုးပါတယ်ဗျာ” ဟု ကိုမြင့်အောင်ပြန်လည်ပြောပြသည်။
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
“ဆရာဝန်ဆီရောက်တော့ လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်ရတယ်၊ နောက်ပြီး ကျွန်တော်က အိပ်ရင်ဟောက်သံအရမ်းကျယ်တာကိုလည်း ပြောပြတော့ အိပ်နေတုန်းအသက်ရှုပိတ်သွားတတ်တဲ့ ရောဂါလို့ ယူဆပြီး ကျွန်တော့်ကို CPAP ဆိုလား…အဲ့ဒီ့စက်တပ်ပြီး အိပ်ခိုင်းတယ်”
Sleep apnea ဟုခေါ်ဆိုသည့် အိပ်ပျော်နေစဉ်အသက်ရှုရပ်သွားသည့်ရောဂါကပေါ့သေးသေးသတ်မှတ်သင့်သောကျန်းမာရေးပြဿနာတစ်ခုမဟုတ်ပါ။ အိပ်စက်ခြင်းနှင့်သက်ဆိုင်သောဝေဒနာဖြစ်ပွားသူများတွင် ၂၀%ခန့်သည်ထိုကဲ့သို့ sleep apnea ရောဂါကြောင့်ဖြစ်ကြောင်းတွေ့ရှိရသည်။
သို့သော် ကိုမြင့်အောင်ကတော့ CPAP စက်တပ်လည်း အိပ်မပျော်သည့် ဝေဒနာမသက်သာလာခဲ့ပေ။ ဆရာဝန်တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲပြသရင်း နောက်ဆုံးတော့ ပြဿနာအရင်းခံကို နှလုံးမှာသွားတွေ့သည်။ နှလုံးခုန်မမှန်သည့် ဝေဒနာရှိနေသည်ကို မသိရှိခဲ့ရာမှ ကိုမြင့်အောင်တစ်ယောက်ယခုကဲ့သို့ အိပ်မပျော်သည့် ဝေဒနာပါခံစားရလာခြင်းဖြစ်သည်။ နှလုံးခုန်မှန်စေသည့်စက် (pacemaker) တပ်ဆင်ပြီး CPAP စက်ပါအသုံးပြုလိုက်သောအခါမှသာ ကိုမြင့်အောင်တစ်ယောက်အရင်လို ညဖက် ရှောရှောရှူရှူအိပ်စက်နိုင်တော့သည်။
—————————————————————————————————-
တကယ်တော့ ကိုမြင့်အောင်ခံစားခဲ့ရသော အိပ်မပျော်သည့်ဝေဒနာကို ပင်စင်ယူပြီးအရွယ်၊ ပျမ်းမျှအားဖြင့် အသက် ၆၀ တဝိုက်လူကြီးအတော်များများ ခံစားရလေ့ရှိပါသည်။ များသောအားဖြင့် နောက်ခံ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်ဖြစ်လေ့ရှိပြီး အဝလွန်မှု၊ အသက်ကြီးချိန်တွင်ခံစားရသော စိတ်ပူပန်စိုးရိမ်မှု၊ စိတ်လှုပ်ရှားမှုတို့နှင့်သာမက သောက်သုံးသော ဆေးဝါးများနှင့်လည်း သက်ဆိုင်လျက်ရှိပါသည်။ ထို့အပြင် ညဘက်မကြာခဏဆီးထသွား၍ အိပ်ရေးပျက်ခြင်း၊ အဆစ်အမြစ်များနာကျင်သောကြောင့် တော်တော်နှင့်အိပ်မပျော်ခြင်း စသည်တို့မှာ လူကြီးများတွင်အတွေ့များသော ကျန်းမာရေးပြဿနာများဖြစ်သည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။