backup og meta

Stool Analysis (ဝမ်းစစ်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Stool Analysis (ဝမ်းစစ်ခြင်း)

    ဝမ်းစစ်ခြင်း ဆိုတာဘာလဲ။

    ဝမ်းစစ်ခြင်းဟာ မစင်တွေကို နမူနာ ယူပြီး အစာခြေလမ်းကြောင်းရောဂါတွေကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။ ဒီရောဂါတွေမှာ ရောဂါပိုးဝင်ခြင်း (ကပ်ပါး၊ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား)၊ အာဟာရ စုပ်ယူမှု နည်းပါးခြင်း၊ ကင်ဆာ အစရှိတာတွေ ပါဝင်ပါတယ်။

    ဝမ်းစစ်ခြင်း လုပ်ဖို့ မစင် နမူနာ ကို သန့်စင်တဲ့ ဘူးတစ်ခုထဲထည့်ပြီး ဓါတ်ခွဲခန်းကို ပို့ရမှာဖြစ်ပါတယ်။ ဓါတ်ခွဲခန်းစစ်ဆေးမှုမှာတော့ မှန်ပြောင်းနဲ့ စစ်ဆေးခြင်း၊ ဓါတုစစ်ဆေးနည်း နဲ့ အဏုဇီဝစစ်ဆေးနည်းတွေ ပါဝင်ပါတယ်။ မစင်ကို အရောင်၊ အပျော့အမာ၊ ပမာဏ၊ ပုံသဏ္ဍာန်၊ အနံ့ အကျိအချွဲတွေ ပါမပါ စစ်ဆေးမှာ ဖြစ်ပါတယ်။ မစင်ကို သွေးထဲပါတဲ့ သွေး၊ အဆီ၊ အသားမျှင်၊ သည်းခြေရည် ၊ သွေးဖြူဥနဲ့ သကြား ပါမပါလည်း စစ်ဆေးမှာဖြစ်ပြီး pH ကိုလည်း တိုင်းတာမှာဖြစ်ပါတယ်။ ဝမ်းပိုးမွေးခြင်း ကို ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုး ပါမပါ စစ်ဆေးမှာ ဖြစ်ပါတယ်။

    ဝမ်းစစ်ခြင်း တွေကို ဘာကြောင့် လုပ်ကြတာလဲ။

    ဝမ်းစစ်ခြင်း ကို အောက်ပါ အချက်တွေအတွက် ပြုလုပ်နိုင်ပါတယ်။

    • အစာခြေလမ်းကြောင်းရောဂါ၊ အသည်းရောဂါ၊ မုန့်ချိုအိတ် ရောဂါများ၊ မုန့်ချိုအိတ် အလုပ် ဘယ်လောက်ကောင်းကောင်းလုပ်လဲဆိုတာ သိရှိဖို့ မစင်မှာပါတဲ့ အင်ဇိုင်းတွေကို လေ့လာနိုင်ပါတယ်။
    • အစာခြေလမ်းကြောင်းရဲ့ လက္ခဏာတွေ ဖြစ်တဲ့ အချိန်ကြာမြင့်စွာ ဝမ်းလျှောခြင်း၊ လေများခြင်း၊ ပျို့အန်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ လေပွခြင်း၊ ဗိုက်နာခြင်း၊ ဖျားခြင်း အစရှိတာတွေရဲ့ အကြောင်းရင်းကို ရှာဖွေရန်
    • အူမကြီးကင်ဆာ ရှာဖွေရန် (သွေးအတွင်း ဖုံးနေသော သွေးပါမပါ စစ်ဆေးခြင်း အားဖြင့်)
    • ကပ်ပါးကောင်များ (ဥပမာ သန်ကောင်) ကို ရှာဖွေရန်
    • ဘက်တီးရီးယား၊ မှို၊ ဗိုင်းရပ် ရောဂါပိုးကူးစက်ခြင်း အကြောင်းရင်းကို ရှာဖွေရန်

    အစာအိမ်လမ်းကြောင်းက အာဟာရဓါတ်ကောင်းစွာ မစုပ်ယူနိုင်ခြင်း (အာဟာရမစုပ်ယူနိုင်သော ရောဂါ) ကို စစ်ဆေးရန်။ ဒီစစ်ဆေးမှုအတွက် မစင်ကို ၇၂ နာရီ စုဆောင်းရမှာဖြစ်ပြီး အဆီပါဝင်မှုကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကို ၇၂ နာရီ ဝမ်းစစ်ခြင်း သို့ ဝမ်းတွင်းအဆီပါဝင်မှုစစ်ဆေးခြင်း လို့ ခေါ်ပါတယ်။

    ဝမ်းစစ်ခြင်း ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

    ဝမ်း (မစင်) ပိုးမွေးခြင်း ကို ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ ကပ်ပါးကောင် ရောဂါပိုးဝင်ခြင်းကို ရှာဖွေဖို့ ပြုလုပ်နိုင်ပါတယ်။

    မျိုးရိုးလိုက်သော အကျိအချွဲ၊အရည်ထုတ်သော ဂလင်းပျက်စီးသော ရောဂါ (Cystic fibrosis) ကို စစ်ဆေးဖို့ ဝမ်းတွင်း trypsin သို့ elastase အင်ဇိုင်းတွေကို တိုင်းတာခြင်းဟာ ချွေးတွင်ပါသော ကလိုရိုက် ပြင်းအားကို စစ်ဆေးသော sweat test လောက် အသုံးမဝင်ပါဘူး။

    ဝမ်းစစ်ခြင်းကို ဘယ်လိုပြင်ဆင်သင့်သလဲ။

    ဆေးအတော်များများဟာ စစ်ဆေးမှု အဖြေကို ပြောင်းလဲစေနိုင်ပါတယ်။ သင်ဘယ်လို စစ်ဆေးမှုအမျိုးအစားပြုလုပ်မလဲဆိုတာပေါ်မူတည်ပြီး အချို့ဆေးတွေကို ရှောင်ကျဉ်ဖို့လိုပါတယ်။ အစာအိမ်ဆေး၊ ဝမ်းပိတ်ဆေး၊ ကပ်ပါးကောင်သေစေသော ဆေး၊ ပိုးသတ်ဆေး၊ ဝမ်းပျော့ဆေး၊ အကိုက်အခဲပျောက်ဆေးတွေ သောက်နေတယ်ဆိုရင် စစ်ဆေးမှုမပြုခင် တစ်ပတ်နှစ်ပတ် ကြိုတင်ပြီး စစ်ဆေးသင့်ပါတယ်။ သင်သောက်နေတဲ့ ဆေးအကုန်အကြောင်းကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။

    သင့်မှာအောက်ပါအခြေအနေတွေ ရှိတယ်ဆိုရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

    • ဘေရီယမ်ပုံရိပ်ဖော်ဆိုးဆေးကို အသုံးပြုပြီး မကြာသေးမီက X-rays ရိုက်ဖူးခြင်း (barium enema၊ barium swallow) ဘေရီယမ်ဟာ စစ်ဆေးမှုအဖြေတွေကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
    • မကြာသေးမီ ရက်သတ္တပတ် (သို့) လတွေအတွင်းက တိုင်းပြည် ပြင်ပကို ခရီးထွက်ဖူးခြင်း။ ဒါဟာ ဆရာဝန်က ပြဿနာဖြစ်စေတဲ့ ကပ်ပါးကောင်၊ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ မှိုရောဂါတွေကို ရှာဖွေရာမှာ ကူညီပေးနိုင်ပါတယ်။

    ဝမ်းတွင်းသွေးပါမပါကို ရှာဖွေမယ်ဆိုရင် စစ်ဆေးမှုမပြုလုပ်ခင် ၂-၃ ရက်ကြိုပြီး အချို့အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါဟာ ဘယ်လို ဝမ်းစစ်ခြင်း စစ်ဆေးမှုတွေကို ပြုလုပ်မယ်ဆိုတာပေါ် မူတည်ပါတယ်။ ရာသီလာနေစဉ် (သို့) သွေးထွက်နေတဲ့ လိပ်ခေါင်းရှိရင် ဒီစစ်ဆေးမှုကို မပြုလုပ်သင့်ပါဘူး။ ဘယ်လိုပြင်ဆင်ရမလဲ မသိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

    ဝမ်းစစ်ခြင်း နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

    မစင်နမူနာယူဖို့ နည်းလမ်းများစွာ ရှိပါတယ်။

    • အိမ်သာ ခွက်ပေါ်မှာ လျော့ရဲစွာ တင်ထားတဲ့ ပလပ်စတစ် နဲ့ ဝမ်းကို ခံနိုင်ပါတယ်။ ပြီးရင်တော့ ဒီ နမူနာကို သန့်ရှင်းတဲ့ ဘူးထဲထည့်နိုင်ပါတယ်။
    • နမူနာ ယူဖို့ အထူးပြုလုပ်ထားတဲ့ အိမ်သာတစ်ရှူး ကို အချို့ စစ်ဆေးသောကိရိယာအစုံလိုက်ပါသော အိတ်တွေမှာ ထည့်ပေးထားပါတယ်။ နမူနာ ယူပြီးရင်တော့ ခွက်ထဲထည့်ရမှာဖြစ်ပါတယ်။

    နမူနာ ကို ဆီး၊ ရေ၊ အိမ်သာသုံးစက္ကူတွေ မပါစေသင့်ပါဘူး။

    သေးခံ ဝတ်ထားတဲ့ ကလေးငယ်တွေအတွက်

    • သေးခံ ကို ပလပ်စတစ် နဲ့ ခံလိုက်ပါ။

    ပလပ်စတစ်ကို ဆီးနဲ့ ဝမ်းမရောသွားအောင်နေရာချပါ။

    ဝမ်းစစ်ခြင်း လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

    နမူနာကို ပြီးသွားတာနဲ့ ဓါတ်ခွဲခန်းကို ပို့ပါ။ နမူနာထဲမှာ အိမ်သာသုံးစက္ကူနဲ့ ဆီးတွေ မပါသင့်ပါဘူး။

    အဖြေတွေက ဘာကို ဆိုလိုတာလဲ။

    အောက်မှာ ဖေါ်ပြထားတဲ့ ပုံမှန်ပမာဏတွေကို အပိုင်းတစ်ခြားတစ်ခုနဲ့ ဖေါ်ပြထားပြီး အညွှန်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီအပိုင်းအခြားတွေဟာ ဓါတ်ခွဲခန်းပေါ်မူတည်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။ သင့်ဓါတ်ခွဲခန်းအဖြေမှာ အသုံးပြုတဲ့ ပုံမှန် အပိုင်းအခြား ပါသင့်ပါတယ်။ ဒီလိုပဲ သင့်ဆရာဝန်က အဖြေကို ကျန်းမာရေးအခြေအနေနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပြီး သုံးသပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အဖြေဟာ ပုံမှန်အပိုင်းအခြားကို ကျော်လွန်နေပေမယ့် ဒါဟာ သင့်အတွက် (သို့) သင့်ဓါတ်ခွဲခန်းအတွက် ပုံမှန်ဖြစ်နိုင်သေးတယ်လို့ ဆိုလိုပါတယ်။

    ဒီစစ်ဆေးမှုအဖြေကို ရဖို့ ၁ရက်ကနေ ၃ ရက်အထိ ကြာတတ်ပါတယ်။

    အခြေအနေအတော်များများဟာ စစ်ဆေးမှုအဖြေကို ပြောင်းလဲနိုင်ပါတယ်။ သင့်ဆရာဝန်က သင့်ရောဂါလက္ခဏာတွေနဲ့ အရင်က ကျန်းမာရေးအခြေအနေတွေ ပေါ် မူတည်ပြီး သင့်ရဲ့ ပုံမှန်မဟုတ်တဲ့ အဖြေတွေအကြောင်းကို ဆွေးနွေးမှာဖြစ်ပါတယ်။

    ပုံမှန်မဟုတ်တဲ့အဖြေ

    ဝမ်းအတွင်းမှာ အဆီပမာဏများပြားစွာပါဝင်ခြင်းဟာ မုန့်ချိုအိတ်ရောင်ခြင်း၊ အူသိမ်မှ ဂလူတန်ကိုလက်မခံသော၊ ဓါတ်မတည့်သောရောဂါ၊cystic fibrosis နဲ့ အခြား အဆီစုပ်ယူမှုကို ထိခိုက်စေတဲ့ ရောဂါတွေကြောင့် ဖြစ်တာဖြစ်ပါတယ်။

    အစာမခြေရသေးတဲ့ အသားမျှင်တွေပါဝင်ခြင်းဟာ မုန့်ချိုအိတ်ရောင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

    pH နည်းခြင်းဟာ ကာဗိုဟိုက်ဒရိတ် သို့ အဆီစုပ်ယူမှု နည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ pH များခြင်းဟာ အူရောင်ခြင်း၊ ကင်ဆာနဲ့ ပိုးသတ်ဆေး အသုံးပြုမှုကြောင့် ဖြစ်နိုင်ပါတယ်။

    ဝမ်းအတွင်းသွေးပါခြင်းဟာ အစာခြေလမ်းကြောင်း သွေးထွက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

    သွေးဖြူဥပါခြင်းကတော့ အူရောင်ခြင်းတွေဖြစ်တဲ့ အူရောင်နာ သို့ ဘက်တီးရီးယားရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

    Rota ဗိုင်းရပ်စ်ဟာ ကလေးငယ်တွေမှာ ဝမ်းလျှောခြင်းရဲ့ အဖြစ်များတဲ့အကြောင်းရင်းဖြစ်ပါတယ်။ ဝမ်းလျှောခြင်းရှိတယ်ဆိုရင် ဝမ်းအတွင်းမှာ rota ဗိုင်းရပ်စ် တွေကို စစ်ဆေးသင့်ပါတယ်။

    အစာအိမ်အူလမ်ကြောင်းမှ မစုပ်ယူနိုင်ဘဲ ဝမ်းတွင်းသကြားဓါတ် များပြားစွာ ပါဝင်ခြင်းဟာ သကြားဓါတ်ခြေဖျက်မှု ပြဿနာတွေကို ညွှန်ပြပါတယ်။

    ဝမ်းတွင်းသကြားဓါတ် နည်းခြင်းဟာ အူသိမ်မှဂလူတန်ကို ဓါတ်မတည့်သောရောဂါ၊ cystic fibrosis သို့ အစာအာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဂေါက်ရောဂါအတွက် အသုံးပြုတဲ့ colchicine နဲ့ ကိုယ်ဝန်တားဆေးတွေဟာလည်း ဒီအခြေအနေကို ဖြစ်ပေါ်စေပါတယ်။

    ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး ဝမ်းစစ်ခြင်း ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ဝမ်းစစ်ခြင်း နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

    ဝမ်းစစ်ခြင်း

    ပုံမှန်

    • ဝမ်းဟာ အညိုရောင်ရှိပြီး ပျော့ပြောင်းပါတယ်။ ပုံသဏ္ဍာန်မှန်ကန်တယ်။
    • ဝမ်းမှာ သွေး၊ အကျိအချွဲ၊ ပြည်၊ အစာမခြေရသေးတဲ့ အသားမျှင်နဲ့ အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုနဲ့ ကပ်ပါးကောင်းတွေ ပါဝင်ခြင်းမရှိပါဘူး။
    • ဝမ်းဟာ ပြွန်သဏ္ဍာန်ရှိပါတယ်။
    • ဝမ်းရဲ့ pH ဟာ 7.0–7.5 အတွင်း ရှိပါတယ်။
    • မစုပ်ယူနိုင်ဘဲဝမ်းတွင်ပါလာသောသကြားဓါတ် 0.25grams per deciliter (g/dL) [ 13.9millimoles per liter (mmol/L)] ထက်နည်းပြီးပါဝင်ပါတယ်။
    • ဝမ်းမှာ ၂၄ နာရီအတွင်း ၂-၇ ဂရမ် အဆီပါဝင်နိုင်ပါတယ်။

    ပုံမှန်မဟုတ်

    • ဝမ်းဟာ အမဲရောင်၊ အနီရောင်၊ အဖြူရောင်၊ အဝါရောင်၊ အစိမ်းရောင်ဖြစ်နိုင်ပါတယ်။
    • ဝမ်းဟာ အရည် (သို့) အလွန်မာတဲ့အခဲအဖြစ် ရှိနိုင်ပါတယ်။
    • ဝမ်းအလွန်များပါတယ်။
    • ဝမ်းမှာ သွေး၊ အကျိအချွဲ၊ ပြည်၊ အစာမခြေရသေးတဲ့ အသားမျှင်နဲ့ အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုနဲ့ ကပ်ပါးကောင်းတွေ ပါဝင်ပါတယ်။
    • ဝမ်းမှာ အင်ဇိုင်းတွေဖြစ်တဲ့ trypsin သို့ elastase အနည်းငယ်သာ ပါဝင်ပါတယ်။
    • ဝမ်းရဲ့ pH ဟာ 7.0 ထက်နည်းခြင်း (သို့) 7.5 ထက်များခြင်း ရှိနိုင်ပါတယ်။
    • မစုပ်ယူနိုင်ဘဲဝမ်းတွင်ပါလာသောသကြားဓါတ် 0.25 g/ dL (13.9 mmol/ L) ထက်များပြီး ပါဝင်နိုင်ပါတယ်။
    • ဝမ်းမှာ ၂၄ နာရီအတွင်း အဆီ ၇ ဂရမ် ထက်ပိုပြီးပါဝင်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement