မေ့ဆေးအသုံးပြုနေချိန်အတွင်း ရုတ်တရက် သတိပြန်လည်လာရခြင်း အကြောင်းစုံ။

    မေ့ဆေးအသုံးပြုနေချိန်အတွင်း ရုတ်တရက် သတိပြန်လည်လာရခြင်း အကြောင်းစုံ။

    မေ့ဆေး သုံးပြီး ခွဲစိတ်ကုသမှုခံယူနေစဉ်မှာ ရုတ်တရက်ကြီးသတိပြန်ရလာတာမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲအခြေအနေမျိုးပါ။ သူတို့ဟာ မေ့ဆေးပေးတဲ့ကိစ္စတွေမှာဖြစ်တတ်ပြီး စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်စေတဲ့အထိ ဆိုးရွားကြောက်ရွံ့စရာကောင်းလှတဲ့ အခြေအနေမျိုးဖြစ်သွားနိုင်ပါတယ်။ ဒီလိုအခြေအနေအကြောင်း ပိုပြီးသိရဖို့အတွက် ဆက်ပြီးဖတ်ကြည့်ရအောင်။

    မေ့ဆေး အသုံးပြုနေချိန်အတွင်းမှာ သတိပြန်လည်လာခြင်းဆိုတာ ဘာလဲ။

    မေ့ဆေးပေးစဉ်ကာလမှာဆိုရင် လူနာတွေကို မေ့နေစေဖို့နဲ့ နာကျင်မှုကိုသက်သာစေဖို့အတွက် ဆေးတွေသုံးစွဲရလေ့ရှိပါတယ်။ ဒါပေမယ့် အချို့သော အခြေအနေတွေမှာ ဒီဆေးတွေဟာ မအောင်မြင်ဘဲ လူနာသတိပြန်လည်လာတာမျိုးလည်း ဖြစ်သွားတတ်ပါတယ်။ လူနာတွေဟာ နိုးလာပြီး ခွဲစိတ်နေစဉ်အတွင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာ အားလုံးသိသွားပါတယ်။ တကယ်လို့ နာကျင်မှုသက်သာစေတဲ့ဆေးက မတိုးဘူးဆိုရင်တော့ လူနာက နာကျင်မှုကို ပိုပြီးခံစားရမှာပါ။ ဒါဟာ အန္တရာယ်များလွန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်စက်စေဖို့နဲ့ နာကျင်မှုကိုသက်သာစေဖို့ စီမံထားတဲ့ ရည်ရွယ်ချက်ဟာ ရှုံးနိမ့်သွားပေမယ့် Paralytic agent (လေဖြတ်သကဲ့သို့ မလှုပ်ရှားစေနိုင်သောဆေး) တွေက အလုပ်လုပ်နေဆဲဖြစ်တာမို့ လူနာတွေဟာ သူတို့အခြေအနေကို မေ့ဆေးအထူးကုတွေကို ပြောပြပြီး အကူအညီတောင်းတာမျိုး မလုပ်နိုင်တော့ပါဘူး။

    သတိပြန်လည်လာတဲ့ အကြိမ်အရေအတွက်

    ဒီလို သတိပြန်လည်လာတာမျိုးက ဖြစ်ခဲပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကြုံခဲ့တာဟာ ဝ.၁ ရာခိုင်နှုန်း ကနေ ဝ.၂ ရာခိုင်နှုန်း ထိပဲ ရှိပါတယ်။ အခြားသော သတိပြန်လည်လာတဲ့ အဆင့်တွေမှာတော့ လူနာတွေဟာ နာကျင်မှုကို ခံစားနေရတာမျိုး ရှိချင်လည်းရှိမယ်။ ရှိချင်မှလည်းရှိမှာပါ။ ဒါပေမယ့် လူနာတွေက ပြင်းထန်တဲ့ နိုးထလာမှုတွေဟာ တကယ်ကို ရှားပါးဖြစ်စဉ်တွေဆိုတာတော့ သိထားသင့်ပါတယ်။

    နောက်ဆက်တွဲပြဿနာများ

    ဒီလိုပြဿနာမျိုးကို ခံစားခဲ့ရတဲ့ လူနာတွေအတွက်တော့ အချို့သော စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်သွားစေပါတယ်။ ဥပမာ- စိတ်ဓါတ်ကျခြင်း၊ သောကများခြင်း နဲ့ စိတ်ထိခိုက်ဖိစီးမှုရောဂါ (Post-traumatic stress disorder PTSD) လိုရောဂါမျိုးတွေပေါ့။ ဒီလို ရုတ်တရက်သတိလည်လာတဲ့ လူနာအများစုဟာ အနာဂတ်မှာတော့ ခွဲစိတ်ကုသဖို့နဲ့ မေ့ဆေး၊ထုံဆေး ကို ကြောက်ရွံ့နေလေ့ရှိပါတယ်။

    ဖြစ်နိုင်သော အချက်များ

    ရုတ်တရက်သတိလည်လာတဲ့ဖြစ်စဉ်မှာ ဖြစ်နိုင်တဲ့အချက်တွေအများကြီးရှိပါတယ်။ လေ့လာမှုတွေမှာဆိုရင်တော့ ဖြစ်နိုင်တဲ့အချက်တွေကို အုပ်စု၃ခု ခွဲလို့ရတယ်လို့ ဆိုပါတယ်။
    မေ့ဆေး ပမာဏ မလုံလောက်ခြင်း
    ဆေးပမာဏဘယ်လောက်ကိုအသုံးပြုမယ်ဆိုတာ လူနာရဲ့ အခြေအနေပေါ်ပဲမူတည်ပါတယ။် ဒီလို ဆေးပမာဏ လုံလုံလောက်လောက်အသုံးမပြုမိတာဟာ ပေါ့ဆတဲ့ လက်ထောက်တစ်ယောက်က အမှာစကားက နားထောင်ဖို့နောက်ကျတာဖြစ်စေ ၊ ပျက်ကွက်တာဖြစ်စေ တစ်ခုခုကြောင့် သို့မဟုတ် နိုးလာတာကို သတိမထားမိလို့ဖြစ်စေဖြစ်တတ်ပါတယ်။ တစ်ခါတလေ မေ့ဆေးကို သွေးလွှတ်ကြောဖိအားကို ချိန်ညှိဖို့အသုံးပြုတဲ့ ဖြစ်စဉ်အချို့မှာလည်း ဆေးမလုံလောက်တာမျိုးဖြစ်တတ်ပါတယ်။ ဒီလို ဖြစ်စဉ်တွေမှာတော့ နှလုံးခွဲစိတ်မှု၊ အရေးပေါ်ခွဲစိတ်မွေးဖွားရတာတွေပါဝင်ပါတယ်။
    မေ့ဆေး မတိုးခြင်း
    မေ့ဆေးမတိုးခြင်းနဲ့ ဆက်စပ်နေတဲ့အချက်တွေကတော့ – အဝလွန်ခြင်း၊ သောကများခြင်း၊ အသက်ငယ်ခြင်း၊ ဆေးရွက်ကြီးသုံးခြင်း၊ အရက်စွဲခြင်း၊ ကိုကိန်းနဲ့ အန်ဖက်တမင်း ကဲ့သို့သော မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ သွေးတိုးရောဂါ စတာတွေဖြစ်ပါတယ်။
    နည်းပညာချို့ယွင်းခြင်း
    အသက်ရှူစနစ် ချို့ယွင်းခြင်းဟာလည်း သတိပြန်လည်လာတာနဲ့ဆက်စပ်နေပါတယ်။ အချို့သော မမျှော်လင့်ထားတဲ့အခြေအနေတွေမှာ စက်ကိရိယာ ချို့ ယွင်းမှုကြောင့် လူနာက မေ့ဆေးပမာဏ အလုံလောက်မရရှိနိုင်ဘဲ ရုတ်တရက်သတိလည်လာတာမျိုး ဖြစ်တတ်ပါတယ်။

    ကာကွယ်ခြင်း

    ရုတ်တရက်သတိပြန်လည်လာနိုင်တဲ့ အန္တရာယ်ကို အတတ်နိုင်ဆုံး မဖြစ်အောင်ကာကွယ်ဖို့အတွက် အောက်ပါအကြံပေးချက်တွေကို အသုံးပြုနိုင်ပါတယ်။

    မခွဲစိတ်ခင် ဆန်းစစ်ခြင်း
    • မေ့ဆေးအထူးကုက လူနာမိသားစုရာဇဝင်ကို မေးပါလိမ့်မယ်။ ( အရင်ကဆေးမှတ်တမ်းတွေကြည့်ခြင်း၊ လူနာနဲ့ လူနာမိသားစုဝင်တွေကို မေးမြန်းခြင်းအားဖြင့်)
    • မေ့ဆေးပမာဏကို ခန့်မှန်းနိုင်ရန်အတွက် ကိုယ်ကာယစစ်ဆေးမှုခံယူခြင်း
    • မေ့ဆေးနဲ့ ခွဲစိတ်မှုတွေနဲ့ ဆက်စပ်ပြီး လူနာအန္တရာယ်ဖြစ်နိုင်တဲ့အချက်များကို ရှာဖွေခြင်း
    • ခွဲစိတ်နေစဉ်အတွင်း ရုတ်တရက်သတိလည်လာတာမျိုး ဖြစ်နိုင်ချေကို တွက်ချက်ခြင်း
    မေ့ဆေးမသုံးခင် ဆန်းစစ်ခြင်း
    • ဘာကိုမှအစမပြုရသေးခင်မှာ မေ့ဆေးပေးစနစ်ရဲ့ လုပ်ဆောင်ချက်တွေကို စစ်ဆေးခြင်း
    • Benzodiazepines ဆေးကို ကြိုတင်သောက်သုံးခြင်း

    ခွဲစိတ်နေစဉ် စီမံခြင်း
    • မေ့ဆေးအထူးကုက လူနာဟာ နာကျင်မှု သို့မဟုတ် အဆင်မပြေမှုတစ်ခုခုခံစားနေရတယ်လို့ အကြံပြုတာနဲ့ ချက်ချင်း မေ့ဆေးအဆင့်ကို မြှင့်တင်လိုက်ပါ။
    • အရာအားလုံးဟာ ထိန်းချုပ်မှုအောက်မှာ ကောင်းကောင်းမွန်မွန်ဖြစ်နေတာ သေချာပါစေ။

    ခွဲစိတ်ပြီးနောက် ကုသမှု
    • ရုတ်တရက်သတိလည်လာတဲ့ အဖြစ်မျိုးရှိခဲ့တယ်ဆိုရင် လူနာနဲ့စကားပြောကြည့်ပါ။
    • စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု သို့မဟုတ် အထောက်အပံ့တစ်ခုခုကို အကြံပေးပါ။

    လူနာတွေဟာ ခွဲစိတ်ကုသမေ့ဆေးပေးနေစဉ်မှာ ရုတ်တရက်သတိလည်လာမှာကို ကြောက်ရွံ့မနေသင့်ပါဘူး။ ခေတ်မှီခွဲစိတ်မှုတွေဟာ မေ့ဆေးရဲ့ ဆန်းကြယ်လှတဲ့ အစွမ်းတွေနဲ့ပဲ အလုပ်ဖြစ်ခဲ့ပြီး ပြင်းထန်တဲ့သတိပြန်လည်လာခြင်း ကိစ္စတွေဖြစ်ခဲ့တယ်ဆိုတာ မပြောပလောက်တဲ့ အကြိမ်ပမာဏပဲ ရှိခဲ့တယ်ဆိုတာကိုပဲ မှတ်ထားပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    1. Anesthetic Awareness Fact Sheet. http://www.aana.com/forpatients/Pages/Anesthetic-Awareness-Fact-Sheet.aspx. Accessed October 5, 2016.
    2. Bischoff P, Rundshagen I. Awareness Under General Anesthesia. Deutsches Ärzteblatt International. 2011;108(1-2):1-7.
    3. Sebel P, Bowdle T, Ghoneim M, Rampil I, Padilla R, Gan T, Domino K. The incidence of awareness during anesthesia: a multicenter United States study. Anesth Analg. 2004;99:833–9
    4. Chung HS. Awareness and recall during general anesthesia. Korean Journal of Anesthesiology. 2014;66(5):339-345.
    5. Sandhu K, Dash H. Awareness During Anaesthesia. Indian Journal of Anaesthesia. 2009;53(2):148-157.
    စာရေးသူ ဓာတ်ပုံ
    Wathun Myat Chal မှ ရေးသားသည်။ 14/11/2019 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။