Oral Glucose Tolerance Test ဟာ ကိယ်ခန္ဓါရဲ့ အဓိက အားအင်အရင်းအဖြစ်ဖြစ်တဲ့ Glucose လို့ခေါ်တဲ့ သကြားဓါတ်တစ်မျိုးကို အသုံးပြုနိုင်ခြေကို တိုင်းတာပါတယ်။ Oral Glucose Tolerance Test ဟာ ဆီးချိုမဖြစ်ခင်နဲ့ ဆီးချိုဖြစ်ခြင်းတွေကို သိရှိနိုင်ပါတယ်။ Oral Glucose Tolerance Test ကို ကိုယ်ဝန်ဆောင်တွေမှာ ဆီးချိုရှိမရှိတိုင်းတာဖို့ အများဆုံးအသုံးပြုကြပါတယ်။
ယေဘုယျအားဖြင့် ဆရာဝန်အများစုဟာ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးအားလုံးကို ကိုယ်ဝန်ဆောင်ချိန်ဖြစ်သော ဆီးချို ကို စစ်ဆေးကြပါတယ်။ ကျွမ်းကျင်သူတွေက ဒီစစ်ဆေးမှုကို ကိုယ်ဝန်၂၄ ပတ်ကနေ ၂၈ ပတ်အတွင်း စစ်ဆေးသင့်တယ်လို့ ဆိုပါတယ်။
ဒီစစ်ဆေးမှုကို အသက်ကြီးလာတဲ့အခါ ဆီးချိုဖြစ်နိုင်တယ်လို့ သံသယရှိသူတွေအားလုံးမှာ စစ်ဆေးသင့်ပါတယ်။
ကလေးမွေးပြီးတဲ့အခါ ကိုယ်ဝန်ဆောင်ချိန်ဖြစ်သော ဆီးချို ဟာ ပျောက်သွားနိုင်ပေမယ့် သင်နောက်တစ်ကြိမ် ကိုယ်ဝန်ရှိရင် ဆီးချို ဖြစ်ဖို့ ရာနှုန်းများပြီး အသက်ကြီးလာတဲ့ အခါ ဆီးချို အမျိုးအစား ၂ ဖြစ်ပွားနိုင်ပါတယ်။ ကလေးမွေးပြီး ၆-၁၂ ပတ် (သို့) ကလေးနို့တိုက်တာ ရပ်လိုက်ပြီးချိန်မှာ ဒီစစ်ဆေးမှုကို နောက်တစ်ကြိမ် ပြုလုပ်သင့်ပါတယ်။ စစ်ဆေးမှုတွေ ပုံမှန်ဖြစ်ရင်လည်း သုံးနှစ်တစ်ကြိမ် ပြန်လည် စစ်ဆေးသင့်ပါတယ်။
စစ်ဆေးမှု မပြုခင် ရက်ပေါင်းများစွာကတည်းက ပုံမှန် စားသောက်ပါ။ ဖျားနေရင် (သို့) ဆေးတွေသောက်နေရင် ဒါတွေက စစ်ဆေးမှု အဖြေကို ပြောင်းလဲစေတာကြောင့် သင့်ဆရာဝန်ကို ပြောပြပါ။
စစ်ဆေးမှု မပြုခင် ရှစ်နာရီလောက်အထိ စားသောက်ခြင်း မပြုလုပ်သင့်ပါဘူး။ တစ်ညလုံး အစားအသောက် မစားပဲနေပြီး နောက်နေ့မနက်စောစောမှာ စစ်ဆေးနိုင်ပါတယ်။
စစ်ဆေးမယ့်နေ့မှာ အောက်ပါအဆင့်တွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။
• သင်ရောက်လာတဲ့အခါ သွေးထုတ်ယူမှာဖြစ်ပြီး ဒါဟာ အစာမစားခင် glucose (ဂလူးကိုစ့်)အဖြေ ဖြစ်ပါတယ်။ ဒါကို အခြား glucose စစ်ဆေးမှုတွေနဲ့ နှိုင်းယှဉ်ဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။
• တိုင်းတာထားတဲ့ glucose ပမာဏ ပါဝင်တဲ့ ချိုမြိန်တဲ့ အရည်ကိုသောက်စေမှာ ဖြစ်ပါတယ်။ အရည်ကို လျင်မြန်စွာ သောက်နိုင်ပါတယ်။ ပုံမှန် glucose tolerance test အတွက် 75 g (သို့) 100g သောက်ရမှာ ဖြစ်ပါတယ်။
• Glucose သောက်အပြီး ၁နာရီ၊ ၂နာရီနဲ့ ၃ နာရီအကြာမှာ သွေးထုတ်ယူမှာ ဖြစ်ပါတယ်။ သွေးထုတ်ယူမှုတွေကို glucose သောက်အပြီး အနည်းဆုံး မိနစ် ၃၀ ကနေ အများဆုံး ၃ နာရီကျော်အထိ ပြုလုပ်နိုင်ပါတယ်။
အစာမစားရတဲ့အတွက် ခေါင်းမူးခြင်း ဖြစ်နိုင်ပါတယ်။ စစ်ဆေးမှုအပြီးမှာတော့ အစာစားသောက်နိုင်ပါတယ်။
စစ်ဆေးမှုအပြီးမှာ ပုံမှန် လှုပ်ရှားမှုတွေကို ပြုလုပ်နိုင်ပါတယ်။ သင့်ဆရာဝန်ဟာ သင့်အခြေအနေကို ဆွေးနွေးပေးပြီး သင့်လျော်တဲ့ ကုသမှုတွေ ပေးမှာ ဖြစ်ပါတယ်။ တခါတလေမှာတော့ နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ လိုအပ်နိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်ကို ဂရုတစိုက် လိုက်နာသင့်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ပုံမှန်
အောက်မှာ ဖေါ်ပြထားတဲ့ ပုံမှန်ပမာဏတွေကို အပိုင်းတစ်ခြားတစ်ခုနဲ့ ဖေါ်ပြထားပြီး အညွှန်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီအပိုင်းအခြားတွေဟာ ဓါတ်ခွဲခန်းပေါ်မူတည်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။ သင့်ဓါတ်ခွဲခန်းအဖြေမှာ အသုံးပြုတဲ့ ပုံမှန် အပိုင်းအခြား ပါသင့်ပါတယ်။ ဒီလိုပဲ သင့်ဆရာဝန်က အဖြေကို ကျန်းမာရေးအခြေအနေနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပြီး သုံးသပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အဖြေဟာ ပုံမှန်အပိုင်းအခြားကို ကျော်လွန်နေပေမယ့် ဒါဟာ သင့်အတွက် (သို့) သင့်ဓါတ်ခွဲခန်းအတွက် ပုံမှန်ဖြစ်နိုင်သေးတယ်လို့ ဆိုလိုပါတယ်။
ပမာဏများခြင်း
ပမာဏများခြင်းဟာ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
• ဆီးချို
• ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်ခြင်း
• လည်းပင်းသိုင်းရွိုက်ဟော်မုန်းအထွက်များခြင်း
• Corticosteroids၊ niacin၊ phenytoin (Dilantin)၊ ဆီးဆေးများ၊ သွေးပေါင်ကျဆေး၊ HIV ကုသရန်ဆေးများ
• မွေးရာပါရောဂါများ (ဥပမာ hemochromatosis)
• Phaeochromocytoma (အက်ဒရီနယ်ဂလင်း အကျိတ်)
ပမာဏနည်းခြင်း
ပမာဏနည်းခြင်းဟာ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
• ဆီးချို၊ သွေးပေါင်တက်ခြင်းကို ကုသရန်ဆေးများ (ဥပမာ propranolol)၊ စိတ်ကျရောဂါပျောက်ဆေးများ (ဥပမာ isocarboxazid)
• ဟော်မုန်း cortisol နဲ့ aldosterone ထုတ်လုပ်မှု လျော့ကျခြင်း
• သိုင်းရွိုက် (သို့) ပစ်ကျူထရီဂလင်း အလုပ်ကောင်းကောင်း မလုပ်ခြင်း
• မုန့်ချိုအိတ် အကျိတ်ဖြစ်ခြင်း (သို့) အခြားပြဿနာများဖြစ်ခြင်း
• အသည်းရောဂါ
• အခြေအနေအတော်များများဟာ သွေးglucose ပမာဏကို ပြောင်းလဲစေပါတယ်။ သင့်ဆရာဝန်ဟာ ရောဂါလက္ခဏာတွေနဲ့ အရင်က ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ပုံမှန်မဟုတ်တဲ့ အဖြေတွေအတွက် သင်နဲ့ ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။
ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Oral Glucose Tolerance Test ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Oral Glucose Tolerance Test နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။